ကံကောင်းရေ

 ကံကောင်းရေ (ဝတ္ထုတို)


နေဝင်ရီတရောအချိန် ဖြစ်သည်။ အင်းပြင်တစ်ခုလုံး သာယာနေ၏။ စက္ကဝါပိုက်လှေများ ပြန်လာကြပြီ။ ရွာနှင့်ကား မနီးသေး။
“ဟာ… ဟိုမှာ ဆင်တွေဟေ့၊ ဆင်တွေ၊ အုပ်လိုက်ကြီး ရေကူးနေကြတာ၊ ဆင်ကြီးတွေရော၊ ဆင်ကလေးတွေရော နည်းပါဘူးကွာ”
“သူတို့နေတဲ့ ဆင်စားကျွန်း ရေနစ်လို့ အရှေ့ဘက်တောတန်းကို ပြောင်းကြတာကွ”
“ဖြည်းဖြည်းလှော်ကြဟေ့၊ တို့ကို မြင်သွားလို့ ရန်မူနေဦးမယ်၊ သူတို့လွန်သွားမှ မြန်မြန် လှော်ပြေး ကြရအောင်”
“ရန်မမူပါဘူးကွာ၊ သူတို့ဒုက္ခနဲ့ သူတို့ သွားနေရတဲ့ဟာ၊ နောက်ပြီး ရေထဲကူးရင်းလုပ်ဖို့ဆိုတာ မလွယ်ဘူး”
ကြည့်နေရင်းမှာပင် ဆင်အုပ်ကြီး အတော်ဝေးသွားသည်။ တံငါလှေများလည်း တက်သုတ်နှင်ကြလေသည်။ ထိုစဉ် သူတို့အထဲမှ ကိုနက်မောင်က ရုတ်တရက်…
“ဟေ့ကောင်တွေ၊ ဟိုသစ်ပင်စုစုကြားထဲက လှုပ်တုပ်လှုပ်တုပ်နဲ့ ဘာလဲဟ၊ ဧကန္တဆင်ပေါက်စလေး ထင်တယ်”
“ဟုတ်တယ်ဗျို့၊ ဟုတ်တယ်၊ နှာမောင်းကလေး မိုးပေါ် ထောင်ယမ်းနေတာ မြင်ရတယ်၊ သွားဖမ်း ကြရအောင်လား”
“အေးဟေ့၊ ဆင်ကြီးတွေ မသိဘူး ထင်တယ်ကွ၊ တို့လူအုပ် တောင့်ရဲ့သားကို၊ဝိုင်းညှပ်ဖမ်းကြရအောင်လား”
ပြောပြောဆိုဆို ဆယ့်ငါးစင်းခန့် ရှိသည့် လှေများ သစ်ပင်စုစုဆီသို့ အပြင်းလှော်သွားကြသည်။ နို့စို့အရွယ် လ,သား ဆင်ငယ်လေး သစ်ကိုင်းများကြားတွင် ညှပ်မိနေခြင်း ဖြစ်သည်။ အော်ဟစ်ရုန်းကန်နေသော်လည်း မလွတ်နိုင်ရှာ။ ကိုနက်မောင်တို့ အုပ်စု သစ်ကိုင်းများကို ခုတ်ဖြတ်သူက ခုတ်ဖြတ်၊ ရေထဲ ဆင်းကာ ဆင်ကလေးကို တွန်းသူက တွန်း၊ ဆွဲသူက ဆွဲဖြင့် လှေပေါ်တွင် ပါလာသော ကြိုးများ ကြိမ်များနှင့်လည်း တုပ်နှောင်ကြသည်။ နောက်ထပ် လှေငါးစင်း ရောက်လာပြန်ကာ ဝိုင်းဝန်းကူကြပြန်သည်။ ဆင်ကလေးမှာ ကျည်ကျည် လောင်လောင် အော်ဟစ်ရင်း လှေများ ဆွဲယူရာကို ပါလာသည်။ ဆင်အော်သံ စူးစူးကလေးမှာ အင်းရေပြင်တွင် ပဲ့တင်ရိုက်ခတ်နေသည်။
“ဟာ… ဆင်ကြီးတွေ ပြန်လှည့်လာပြီဟေ့၊ ဆင်ကလေးအော်သံ ကြားသွားပြီထင်တယ်”
“အဲဒါမှ ဒုက္ခပဲ၊ ပြေးကြစို့၊ ပြေးကြစို့၊ သေကုန်လိမ့်မယ်”
“ဩ… ဘာလို့ ပြေးရမလဲကွ၊ ဆင်ကလေးပဲ ချည်မိထားပြီ၊ နှမြောစရာ၊ ဆင်အုပ်ကြီးကို လိုက်ခြောက်မယ်ကွာ၊ လှေသုံးစင်းက ဆင်ကလေးကို ဆွဲပြီး ရွာဘက်ကို လှော်ပြေး”
သူ စကားမဆုံးခင်ပင် ကိုနက်မောင်က ဆင်အုပ်ကြီးဆီသို့ ဦးတည် လှော်ခတ်သွားလေရာ ကျန်လှေများ လည်း ညာသံပေး၍ လိုက်ကြတော့သည်။ ခဏအတွင်း၌ပင် ဆင်အုပ်ကြီးနှင့်လှေအုပ်စု ရင်ဆိုင် တွေ့ကြလေသည်။ ဆင်အုပ်ကြီးက နှာမောင်းများ ဝှေ့ယမ်း၍ အော်ဟစ်တိုးဝင်လာကြသည်။ လှေသမားများကလည်း ဓားများ၊ တုတ်များ၊ တက်များဖြင့် ထိုးခုတ်ရိုက်နှက်ကြသည်။ ဝရုန်းသုန်းကားနှင့် ပွက်ကြောလန်နေသော ဆင်နှင့် လူတိုက်ပွဲကို အဝေးကပင် မြင်နိုင်လေသည်။ လူများဘက်က တစ်ပန်းသာနေသည်မှာ ရေက ဆင်တစ်ရပ် ထောက်မမီခြင်းပင်။ သို့ဖြစ်ရာ ဆင်များ အားစိုက်သလောက် လူများကို မထိခိုက်စေလှပေ။ နောက်ဆုံး ဆင်များလည်း အမောဆို့၊ လူအုပ်ကြီးလည်း ခြေကုန်လက်ပမ်း ကျချိန်တွင် ရွာရှိလူကုန် လှေတပ်ကြီး ချီကာ ရောက်လာကြသည်။ ဆင်အုပ်ကြီးခမျာ သားငယ်ကလေး ပြန်ရရေးကို အားလျှော့ကာ အရှေ့ဘက်တောင်တန်းသို့ ထွက်ခွာသွားကြရှာလေသည်။
ဤသို့ဖြင့် ကိုလိုနီအင်္ဂလိပ်ခေတ်က ကသာဒိစကြိတ် ကြက်တစ်ကောင် ရွာတွင် အဖဦးနက်မောင်၊ အမိဒေါ်လှပေါတို့၏ (ဆင်)သားကလေး ‘ကံကောင်း’ဟူ၍ပေါ်ပေါက်ခဲ့ရလေသတည်း။
ကိုနက်မောင်နှင့် မလှပေါတို့တွင် မူလက အခါလည်အရွယ် သားကလေး ရှိသော်လည်းကံကောင်း မရောက်မီ တစ်လခန့်က သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ကံကောင်းကို ရလိုက်သည်နှင့် သားကလေး အစားရသည်ဟု ယူဆကာ ဝမ်းသာအားရ ချစ်ခင်နေကြသည်။ထို့ထက်ပင် ပို၍ ချစ်ရန်အကြောင်းကလည်း ဖန်လာပြန်သည်။သေဆုံးသွားသော သားကလေး နို့စို့ချိန်ရောက်လျှင် မလှပေါ နို့တွေ တင်းလာကိုက်လာသည်။ မခံမရပ်နိုင်အောင်ပင်။ ထို့ကြောင့် နို့ကို လက်ဖြင့်ညှစ်ကာ နို့ရည်ကို ထုတ်ပစ်ရသည်။
တစ်ခုသော နေ့လယ် မလှပေါ နို့ရည်ညှစ်နေစဉ် မလှမ်းမကမ်းတွင် ကံကောင်း ရှိနေသည်။ လေသင့်၍ နို့နံ့ရလေသလား မသိ။ နှာမောင်းကလေး ထောင်ကာ တွေတွေကလေး ကြည့်နေရာမှ မလှပေါထံသို့ လျင်မြန်စွာ ပြေးလာတော့သည်။ မလှပေါ အံ့ဩထိတ်လန့်စွာ ကြည့်နေစဉ်မှာပင် သူမ၏ နို့ကို ကံကောင်း၏ ပါးစပ်ကလေး လာ၍ ထိလေသည်။ နှာမောင်းကလေး ခေါင်းပေါ် လန်တင်ထားသည်။
“ဟဲ့… ဟဲ့… အံမလေး ကံကောင်းရဲ့၊ နို့စို့ချင်လို့လား၊ နင့်ကို တိုက်ထားတဲ့ ထန်းလျက်နဲ့ ထမင်းရည်က မဝ,ဘူးလားဟယ်၊ ဒုက္ခပါပဲ၊ ဖြစ်မှ ဖြစ်ပါ့မလားနော်”
မလှပေါတစ်ယောက် အော်ဟစ်ရှောင်တိမ်းနေစဉ်မှာပင် ကံကောင်းက နို့ကို စို့မိအောင် စို့တော့သည်။ တကယ်တမ်း စို့တော့လည်း ထင်သလောက် ကြောက်စရာ မကောင်းလှ။ ဆင် နို့စို့သည်မှာ နူးညံ့ပေသားပဲ။ သည်လိုနှင့် နို့မျက်သားကလေး ကံကောင်းကို မလှပေါ သနားကြင်နာစွာဖြင့် နို့တိုက်မွေးခဲ့ရသည်။ သို့သော် ဆင်အမေက မလှပေါတစ်ယောက်တည်း မဟုတ်သေး။ ရွာထဲမှ သားသည်အမေ အားလုံးပင် ကံကောင်း၏ အတင်းလိုက်စို့မှုကြောင့် အသည်းတယားယား၊ အူတယားယားနှင့် နို့တိုက်ကြရလေသည်။
ကံကောင်းတစ်ကောင်ထန်းလျက်နှင့် ထမင်းရည်ကို လှည့်၍ပင် မကြည့်တော့ပြီ။ ဘဝဟောင်းက ဆင်မိဘများကို ကံကောင်း သတိမရတော့။ ရွာသူရွာသား လူမိဘများနှင့်အတူ ရွာမှာပင် ကံကောင်း ပျော်နေလေပြီ။ ထင်းခွေသွားရာလည်း ကံကောင်းပါသည်။ ရေခပ်သွားရာလည်း ကံကောင်းလိုက်သည်။ ထင်းတုံး ထင်းစည်းများကို နှာမောင်းနှင့် ပွေ့လာပေးသည်။ ရေပုံးရေအိုးများကို ဦးကင်းပေါ် ရွက်ကူလာသည်။ လူမပါဘဲလည်း သူချည်း ထင်းခွေ ရေခပ် သွားတတ်သည်။ ရွာသူရွာသားများ၏ မနိုင်ဝန်ဟူသမျှကို ကံကောင်းက ပျော်ရွှင်စွာ ကူညီပေးသည်။
ညအခါ လ,သာသာမှာ ရွာထဲက ကလေးအဖော်များနှင့် ကစားရလျှင် ကံကောင်း အပျော်ဆုံး ဖြစ်သည်။ သူလည်း လူကလေးငယ် တစ်ယောက်နှင့် မခြား၊ ကစားတတ်သည်။ စိတ်ကောက်တတ်သည်။ ရန်ဖြစ်တတ်သည်။သို့သော် မည်သည့်ကလေးမျှ ကံကောင်းကြောင့် အနာတရ မဖြစ်ဖူးပေ။ ရွာဦး ဆရာတော်ကျောင်းသို့သွား၍ ငှက်ပျောသီးများ၊ ကြံများ တောင်းစားတတ်သည်။ ကျောင်းသားလေးများကို ရေတွင်းမှ ရေဆွဲကူတတ်သည်။ ဆရာတော်ဘုရားမှအစ လူကြီး လူငယ် ကလေးအဆုံး တစ်ရွာလုံး၏ အချစ်တော်ကလေး ‘ကံကောင်း’။
ရွာမှာ အလှူပွဲလမ်းရှိလျှင် ကံကောင်း အလွန်ပျော်သည်။ အလှူ့ရှင်က ငှက်ပျောသီး အဝ,ကျွေးသည်။ ကကြိုးတန်ဆာ ဆင်ပေးသည်။ လူရည်လည်နေသော ကံကောင်းက နှာမောင်း တမြှောက်မြှောက်၊ ခြေတကြွကြွနှင့် ကရင်းခုန်ရင်း ရှင်လောင်းလှည့်ပေးသည်။ ဒိုးပတ်ဝိုင်းက မင်းသားနှင့် ကံကောင်းနှင့် အပြိုင်။
ကံကောင်းတစ်ကောင် လူစကား နားလည်လိုက်ပုံမှာလည်း ဩချလောက်သည်။ သူ့အမေ မလှပေါက သူ့ကို စမ်းလို၍…
“ကံကောင်းရေ… တောင်ဘက်အိမ်က ငါးပိနည်းနည်း သွားတောင်းစမ်းဟေ့” ဟုဆိုလိုက်လျှင် တောင်ဘက်အိမ်ကို မှန်အောင် သွားတတ်သည်။ အိမ်ရှင်မရှေ့မှာ နှာမောင်းကလေး ဆန့်ကာ သူတောင်းသည်။ အိမ်ရှင်မ ပေးသည့်ပစ္စည်း ငါးပိမဟုတ်လျှင် သူ မယူ။ နောက်ဆုံးတော့ အိမ်ရှင်မက…
“မလှပေါရေ၊ ဘာတောင်းခိုင်းလိုက်တာလဲဟေ့၊ ဒီမှာ ညည်းသားက ဆားပေးလို့လည်း မပြန်၊ နနွင်းပေးလို့လည်း မပြန် လုပ်နေတယ်”
“ငါးပိ တောင်းခိုင်းလိုက်တာပါအေ”ဟု ပြန်အော်ရင်း မလှပေါ သဘောကျစွာ ရယ်မိသည်။ဟော သားကလေး ကံကောင်း ငါးပိထုပ်ကလေးနှင့် ပြန်လာပါရောလား။
သားကလေးကို အမေတို့ မွေးခဲ့ရသည်မှာ နှစ်ခါလည်ပင် ကျော်ပြီ။ ဆင်လားမြောက်ပြီလို့ ဆိုရမလား၊ မြင့်မြင့်မားမား ဖွံ့ဖွံ့ထွားထွားနှင့် ဆင်ပေါက်ကလေး ဖြစ်လာလေပြီ။ အမေ စပါးထောင်းလျှင် မောင်းနင်းကူတတ်သည့် ကံကောင်း၊ အဖေ ခရီးသွားလျှင် လိုက်ပို့တတ်သည့် ကံကောင်း၊ လူသား ကလေးတောင် သည်လောက် လိမ္မာချင်မှ လိမ္မာမည်။ လုပ်ဖော်ဝင်ချင်မှ ဝင်မည်။ သူ့အတွက် အဝတ်အစားဖိုးလည်း မလို၊ တစ်ခုပဲ ရှိသည်။ အစားအသောက်။
သည်အတွက်လည်း သစ်ပင်ဥယျာဉ်နှင့် စိမ်းစိုသော ရွာကလေးမှာ ဘယ်ခြံဝ ရပ်လိုက်ဦးမည်လဲ။ ကံကောင်းဖို့ ငှက်ပျောပင်၊ ကြံပင်တွေ အဆင်သင့်။ တစ်ရွာလုံး၏ အချစ်တော် ကံကောင်း။ အဖေ အမေတို့၏ အသည်းကျော် ကံကောင်း။ ရွာနီးချုပ်စပ်တွေကလည်း ကံကောင်းမှ ကံကောင်း၊ သူတို့ရွာမှာ အလှူပွဲတွေ လုပ်လျှင် ကံကောင်း ပါမှ ပွဲစည်သည် မဟုတ်ပါလော။ ကံကောင်း၏ သတင်းကား တစ်နယ်လုံးတွင် မွှေးလျက်။ ထိုသို့ မွှေးရခြင်းသည်ပင် ကံကောင်းကလေး ကံဆိုးဖြစ်ရတော့မည့် အကြောင်းရင်း ဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြ။ ထိုကြမ္မာဆိုးသည် တစ်ခုသော နံနက်တွင် ဆိုင်းမဆင့် ဗုံမပါ ဆိုက်ရောက်လာခဲ့သည်။
“မင်းသမီး သင်္ဘောကြီး ဆိုက်တယ်ဟေ့၊ ဘာလာလုပ်တာလဲ မသိဘူး”
ရွာသူရွာသားများ ဆူညံဆူညံပြောကာ မြစ်ဆိပ်ကမ်းသို့ ပြေးကြည့်ကြသည်။ ခါတိုင်း ရွာမှာ မဆိုက်ဘဲ ဖြတ်ဖြတ်ခုတ်သွားသည့် သင်္ဘောကြီး၊ လူမပါ ကုန်မပါနှင့် ဆိုက်လာသည်မှာ ထူးဆန်းလှချေသည်။ ဟော… သင်္ဘောပေါ်က ကုလားဖြူဗိုလ်တစ်ယောက်၊ ကုလားမည်း စစ်သားငါးယောက်နှင့် ရိုးရိုးလူနှစ်ယောက် ဆင်းလာကြသည်။ ဗိုလ်က ခါးမှာ ဗျောက်ကြီး ချိတ်ထားသည်။ ကုလားစစ်သားတွေက သေနတ်ကြီးတွေ ကိုယ်စီ လွယ်ထားသည်။ လူနှစ်ယောက်ကမူ ဓား၊ လှံ၊ ချွန်းများနှင့် ဆင်ဦးစီးများ အသွင်အပြင် ရှိသည်။ သူတို့၏ ဦးတည်ရာကား သူကြီးအိမ် ဖြစ်သည်။ ရွာသားများလည်း တစ်ယောက်တစ်ပေါက် ဝေဖန် ပြောဆိုရင်း မလှမ်းမကမ်းမှ လိုက်သွားကြသည်။ သူကြီးအိမ်ရှေ့တွင် မယောင်မလည် လုပ်ကာ အကဲခတ်ကြသည်။ ခဏကြာလျှင် သူကြီးက ဦးဆောင်ကာ ရွာထဲသို့ ထွက်သွားကြသည်။ သူကြီးမျက်နှာ မကောင်းလှသဖြင့် ရွာသားများ ရင်ထိတ်နေကြသည်။ ကိုနက်မောင်တို့ အိမ်ဝင်းထဲသို့ သူကြီးတို့ ဝင်သွားကြသည်။ ကိုနက်မောင်ကား မရှိ။ စက္ကဝါဖော်ရန် အင်းထဲသို့ သွားနေသည်။ မလှပေါတို့ သားအမိသာ စပါးထောင်းနေကြသည်။ မလှပေါက မောင်းဦးမှာ၊ ကံကောင်းက မောင်းမြီးမှာ။ သူကြီးက မလှပေါကို စကားတစ်ခွန်း နှစ်ခွန်း ပြောလိုက်သည်။ ကုလားများနှင့် လူနှစ်ယောက်က ကံကောင်းကို ဝိုင်းထားလိုက်ကြသည်။ ကံကောင်းခမျာ ဘာကိုမျှနားမလည်။ မျက်လုံးကလေး ကလယ်ကလယ်နှင့် အမေကို ကြည့်နေရှာသည်။
“ကိုနက်မောင် စက္ကဝါဖော် သွားတာ လိုက်ခေါ်ပါရစေဦး သူကြီးရယ်”
တုန်ယင်သော အသံဖြင့် သူကြီးထံ ခွင့်တောင်းကာ မလှပေါတစ်ယောက် အင်းဘက်သို့ ဦးတည်၍ ပြေးလေပြီ။ ပခုံးဘက်မှ ပုဆိုးစုတ်ကလေးကား တလူလူ လွင့်လျက်။လင်မယားနှစ်ယောက် အပြေးအလွှား ပြန်ရောက်လာသောအခါ ကံကောင်း မရှိတော့။ သင်္ဘောဆိပ်သို့ ခေါ်သွားကြလေပြီ။ အပြေးလိုက် ကြပြန်သည်။ မြင်ကွင်းကား သူတို့ လင်မယားကို ရင်ခေါင်းသွေးဆို့စေတော့သည်။ ကံကောင်းကို သင်္ဘောပေါ်သို့ အတင်းတက်ခိုင်းနေကြသည်။ လှံနှင့် ထိုးသူကထိုး၊ ချွန်းနှင့် ပေါက်သူကပေါက်၊ ကံကောင်းကား အသားသာ အနာခံသည်။ သင်္ဘောပေါ်သို့ မတက်။ ပေကပ်၍သာ နေသည်။ ကုလားတစ်ယောက်က သေနတ်ဖောက်ကာ ခြောက်လှန့်လိုက်သည်။ တစ်သက်တွင် တစ်ခါမျှ မကြားဖူးသော ထိုအသံကြောင့် ကံကောင်းခမျာ ဆောက်တည်ရာမရအောင်ပင် တုန်လှုပ်သွားရှာသည်။ ထိတ်လန့်စွာဖြင့် နောက်ကြောင်း ပြန်လှည့်ပြေးလေရာ ကိုနက်မောင်တို့ကို မြင်သွားလေသည်။ ဦးတန်း၍ ပြေးကာ မိဘရင်ခွင်သို့ တိုးဝင်ရှာသည်။ ကိုနက်မောင်က ခေါင်းကလေးကို ပွတ်ပေးကာ ချော့မော့သည်။ မလှပေါကကံကောင်းကို ဖက်၍ငိုသည်။ မိဘနှစ်ပါးနှင့် သားကလေး၏ မျက်ရည်များ ရောနှောစီးဆင်းရလေပြီ။
“ကျုပ်တို့သားကလေးကို ခေါ်မသွားကြပါနဲ့တော်၊ မခေါ်အောင် ပြောပေးပါဦး သူကြီးရယ်”
“အစိုးရမင်းတွေ အမိန့်ကို ငါတို့ ဘယ်မှာ လွန်ဆန်ရဲပါ့မလဲဟယ်၊ ဒီအရွယ်အထိ လက်ခံထားတာကို လွန်နေပြီတဲ့၊ မင်းဘဏ္ဍာကို လာမဆက်သရကောင်းလားလို့ သခင်ကြီးကစိတ်ဆိုးနေတယ်”
ထိုအခိုက် မျက်နှာဖြူဗိုလ်က ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလေရာ သူကြီးမှာ ပျာပျာသလဲ လက်အုပ်ချီရင်း..
“မှန်ပါ့ဘုရား၊ ကောင်းပါပြီဘုရား” နှင့် ဖြစ်နေလေတော့သည်။
“ဒီလိုနေလို့ ဖြစ်ကြမှာမှ မဟုတ်တာ နက်မောင်ရာ၊ ကံကောင်းကို ချော့ပြီးသင်္ဘောပေါ်တင်ပေးပါကွာ”
“ဟာ မလုပ်နိုင်ဘူး သူကြီး၊ ဘယ်နည်းနဲ့မှ မလုပ်နိုင်ဘူး၊ ကျုပ်တို့သားကလေးကို မခွဲနိုင်ဘူး၊ ကျုပ်ကို သတ်ချင်သတ်သွားပါစေ”
“တယ်ခက်တာပဲကွာ၊ မင်းပြောတာ လွယ်တယ်၊ တစ်ရွာလုံး ဒုက္ခရောက်ကုန်လိမ့်မယ်နော်၊လုပ်ပါ နက်မောင်ရာ”
သူကြီးစကား မဆုံးခင်ပင် စစ်သားနှစ်ယောက်က ကိုနက်မောင်နှင့် မလှပေါကို သေနတ်နှင့် ချိန်ထား လိုက်ကြသည်။ ကျန်စစ်သားများက ဝိုင်းကြည့်နေသော ရွာသားများကို သေနတ်နှင့်ချိန်သည်။ ကုလားဖြူဗိုလ်က သူကြီး၏ မျက်နှာရှေ့တွင် ဗြောက်တယမ်းယမ်းနှင့်။
“အားလုံး သေမယ်၊ အားလုံး သေမယ်”
ဟု ထပ်တလဲလဲ အော်ဟစ်ရေရွတ်နေသည်။ ကြောက်ရွံ့ထိတ်လန့်နေသော ရွာသားများကိုကြည့်ကာ ကိုနက်မောင် အားမတန် မာန်လျှော့ရလေပြီ။ ကံကောင်း၏ နှာမောင်းကလေးကို လက်ဖြင့် ယုယစွာ ပိုက်ကာ သင်္ဘောပေါ်သို့ တက်ရရှာတော့သည်။ မျက်ဝန်းတွင် မျက်ရည်များ ရစ်ဝဲနေသည်။ မျက်ရည်တွေတွေ စီးကျနေသော မလှပေါခမျာလည်း ကံကောင်းအားဖက်၍ သင်္ဘောပေါ် လိုက်တက်သည်။ ကံကောင်း သင်္ဘောပေါ်ရောက်လျှင်ပင် ဆင်ဦးစီးနှင့် ပဲ့ချိတ်က ကံကောင်းကို ထူးခတ်လိုက်သည်။ ကံကောင်းမှာ သင်္ဘောပေါ် ရောက်လာပြီး ထူးခတ်ခံရသည်အထိ ငြိမ်ငြိမ်ကလေး နေရှာသည်။ မိဘနှစ်ပါး အနားတွင်ရှိနေ၍ အားရှိနေရော့သည်ထင့်။ သို့သော် ကုလားစစ်သားများက ကိုနက်မောင်တို့ လင်မယားကို သေနတ်ဖြင့်ချိန်ကာ သင်္ဘောပေါ်က ဆင်းခိုင်းသည်။ သင်္ဘောကုန်းဘောင်ကို အမြန်နုတ်ကာ စက်နှိုးကြတော့သည်။ သင်္ဘောစက်သံ ကြားသောအခါ ကံကောင်း ကြောက်လန့်ကာ မျက်လုံးကလေးများ ပြူးကျယ်လာသည်။ အဖေနှင့် အမေတို့လည်း အနားတွင် မရှိတော့။
ကြောက်စိတ်မှ ဒေါသစိတ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ တစ်သက်လုံး နူးညံ့သိမ်မွေ့ခဲ့သော ကံကောင်း သောင်းကျန်းလေပြီ။ နှာမောင်း မီရာတွေကို ဆွဲယမ်းသည်။ ရိုက်ချိုးရိုက်ဖဲ့သည်။ ထူးကို ပြတ်အောင် ရုန်းသည်။ ကံကောင်း ဝုန်းဒိုင်းကြဲနေမှုကြောင့် သင်္ဘောတစ်စင်းလုံး ယိမ်းထိုး လူးလိမ့် နေတော့သည်။ ကုလားများ အစီအစဉ် ပြောင်းကြပြန်သည်။ သင်္ဘောစက်ကို ရပ်၊ ကုန်းဘောင်ပြန်ထိုးကာ ကံကောင်းကို ပြန်ဆင်းစေသည်။ အဖေနှင့် အမေကြားတွင် ဝမ်းသာဝမ်းနည်း မျက်ရည်လည်ရွဲဖြင့် ရပ်နေရှာသော ကံကောင်းကို ဆင်ဦးစီးနှင့် ပဲ့ချိတ်က ဓားများ လှံများ ကိုင်ကာ စောင့်ကြသည်။ စစ်သားများကလည်း သေနတ်များနှင့် ချိန်ထားသည်။ ကုလားဖြူဗိုလ်က သူကြီးအား တစ်စုံတစ်ခု ခိုင်းသည်။ သူကြီးက ရွာသားများအား ပြန်ရှင်းပြသည်။ သင်္ဘောပေါ်မှာ ကံကောင်းကို ထားရန် ခြံတစ်ခု လုပ်ရမည်တဲ့။ မည်သူမျှ မလုပ်လိုကြ။ သို့သော် ကုလားစစ်သားများက သေနတ်များနှင့်ချိန်ကာ ခိုင်းစေမှုကြောင့် သစ်လုံးများနှင့် ကာရံထားသော အခန်းတစ်ခု ပြီးသွားသည်။ ကိုနက်မောင်တို့ လင်မယားကား မည်သည့်စကားမျှ မဆိုနိုင်ဘဲ မျက်ရည်စမ်းစမ်းနှင့်သာ နေရှာကြသည်။
ကံကောင်းလေးလည်း မျက်ရည်တွေတွေ ကျလျက်။ ရွာသူရွာသားများလည်း မငိုဘဲ မနေနိုင်ကြပြီ။ ကုလားဖြူဗိုလ်က လက်ဟန်ခြေဟန်ဖြင့် ကံကောင်းကို သင်္ဘောပေါ်သို့ တင်ခိုင်းပြန်သည်။ ကိုနက်မောင် မငြင်းဆန်နိုင်။ ကံကောင်းကို သစ်လုံခန်းထဲ ထည့်ကာ လုံအောင်ပိတ်ဆို့နေကြချိန်တွင် သတိလစ်နေသော မလှပေါကို ဝိုင်းဝန်းပြုစုနေကြရသည်။ ထိုအထဲတွင် ကိုနက်မောင် မပါဝင်ပေ။ သေနတ်နှင့် ချိန်ထားသော စစ်သားများရှေ့တွင် ရပ်ကာ သစ်လုံခန်းထဲမှ ကံကောင်းကို ချော့မော့နေရသည်။ ကံကောင်းကား အဖေ့အသံကို ကြားလျှင် ငြိမ်နေရှာသည်။ သင်္ဘောဥဩဆွဲကာ စက်နှိုးပြန်လေပြီ။ ကံကောင်းခမျာ ဆောက်တည်ရာ မရတော့။
ကျယ်လောင်စွာအော်ဟစ်ရင်း သစ်လုံးများကို ခေါင်းနှင့်တိုက်၊ နှာမောင်းနှင့်ရိုက်၊ ခွာနှင့်ရှပ်ကာ ချိုးဖျက်ရန် အမျိုးမျိုး ကြိုးစားလေသည်။ အားကောင်းမောင်းသန် ဆင်ပေါက်ကြီး မဟုတ်သဖြင့် သစ်လုံခန်း ကျိုးပျက်အောင် ကံကောင်း မစွမ်းဆောင်နိုင်ရှာ။ ခြေကုန်လက်ပန်းသာကျရတော့သည်။ ကုလားတစ်ကောင်က ကိုနက်မောင်ကို သေနတ်နှင့် တွန်းထိုးကာမောင်းချသဖြင့် ကိုနက်မောင် ကုန်းပေါ်သို့ ခုန်ချလိုက်ရသည်။ မလှပေါကား သတိမရတစ်ချက် ရတစ်ချက်။ အဖေနှင့် အမေကို မျက်ခြည်ပြတ်မခံ ကြည့်နေသော ကံကောင်းလေး၏ အော်သံကားဆိပ်ကမ်းတစ်ခုလုံး ပဲ့တင်ထပ်လျက် ရှိသည်။
မင်းသမီးသင်္ဘောကြီးလည်း ကသာမြို့ရှိရာ အထက်သို့ ဆန်လေပြီ။ ကိုနက်မောင်နှင့် မလှပေါကို ရွာသူရွာသားများက ဝိုင်းဝန်းဖေးမကာ ရွာသို့ ခေါ်ဆောင်သွားကြသည်။ ကံကောင်းကား သစ်လုံခန်းကို ဖျက်ရန် အားသွန်ကြိုးပမ်းလိုက်၊ အော်ဟစ်လိုက်၊ အမောဆို့ကာ နားလိုက်နှင့် သင်္ဘောကြီး ခေါ်ဆောင်ရာသို့ ပါသွားရှာသည်။ သစ်လုံခန်းတစ်ခုလုံးကား သွေးခြင်းခြင်း နီရဲလျက်။
ကသာဆိပ်ကမ်းသို့ သင်္ဘောကပ်လျှင် ဆင်ဦးစီး၊ ပဲ့ချိတ်နှင့် စစ်သားများ ဝိုင်းဝန်းကာ ကံကောင်းအား ကမ်းပေါ်သို့ တက်စေကြသည်။ သစ်လုံခန်းအတွင်း ခွေခွေကလေး အိပ်နေရှာသော ကံကောင်းကား လေးလံသော ခြေလှမ်းများဖြင့် ကမ်းသို့ တက်လေသည်။
ကမ်းပေါ်သို့ ရောက်လျှင် ဆက်မသွားဘဲ တွေတွေကြီး ရပ်နေသည်။ ပြီးလျှင် တောင်ဘက်သို့ ဦးလှည့်လိုက်သည်။ နှာမောင်းကလေးကို အပေါ်သို့ မြှောက်ကာ တုန်ယင်လှိုက်လှဲသော ဝမ်းခေါင်းသံလေးဖြင့် စူးစူးဝါးဝါး တစ်ချက် အော်လိုက်သည်။ ကိုယ်လုံးကလေးမှာ တဆတ်ဆတ် တုန်နေသည်။ အော်သံ အဆုံးတွင်မူ မြေပေါ်သို့ လဲကျကာ သေဆုံးသွားတော့သည်။
ကံကောင်းခမျာ ရင်ကွဲနာကျရှာလေပြီတည်း။ ခန္ဓာကိုယ် ဒဏ်ရာထက် အသည်းနှလုံးဒဏ်ရာက ပိုမိုပြင်းထန်လှချေသည် တကား။
▪️▪️▪️
ငြိမ်း(ရွှေလီ)
စံပယ်ဖြူမဂ္ဂဇင်း၊ ၁၉၉၂၊ နိုဝင်ဘာလ။