ကျွဲဖြစ်သွားတဲ့ သူဋ္ဌေးကြီး (စ/ဆုံး)


ကျွဲဖြစ်သွားတဲ့ သူဋ္ဌေးကြီး (စ/ဆုံး)

--------------------------------------

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ ဦးဘောဂဆိုတဲ့ သူဋ္ဌေးကြီးတစ်ယောက် ရှိတယ်။


သူဟာ အင်မတန် ချမ်းသာတယ်။


ဘယ်လောက်ချမ်းသာသလဲဆိုရင် သူပိုင်တဲ့ လယ်မြေတွေဟာ သူ့ရွာပတ်ဝန်းကျင် အရပ်ရှစ်မျက်နှာစလုံးမှာ လက်ညှိုးထိုးမလွဲ ရှိတယ်။


ဒါတင်မကသေးဘူး အခြားအခြားသော ဒေသတွေမှာလည်း လယ်ဧရာပေါင်းများစွာ ပိုင်ဆိုင်ထားသတဲ့။


ဒီလိုပိုင်ဆိုင်ထားတဲ့ လယ်ဧကပေါင်း အမြောက်အများကို စိုက်ရမယ့်ရာသီမှာ စိုက်ရပျိုးရတယ်။


ရိတ်သိမ်းချိန်ကျတော့လည်း ရိတ်ရသိမ်းရတယ်။


သိမ်းဆည်းသိုလှောင်တဲ့ ကျီတွေ အဆောက်အဦးတွေထဲရောက်အောင် သယ်ပို့ရ သိမ်းဆည်းရပြန်တယ်။


ဒီတော့ လယ်ယာလုပ်ငန်းတွေအတွက် စာရင်းငှားတွေ အလုပ်သမားတွေ အများကြီးခေါ်ပြီး ခိုင်းရတာပေါ့။


စာရင်းငှားအလုပ်သမားတွေက အလွန်ချမ်းသာတဲ့ သူဋ္ဌေးကြီးဆီမှာ အလုပ်,လုပ်ရတာကြောင့် ဂုဏ်ယူကြတယ်။


သူဋ္ဌေးကြီးရဲ့အလုပ်ကို အခကြေးငွေယူပြီး လုပ်ပေးရပေမယ့် ဆီပေးလို့ ဆန်ရတာကို သဘောမထားဘူး။


သူဋ္ဌေးကြီး အလုပ်ပေးလို့ ထမင်းစားရတာဆိုပြီး ကျေးဇူးရှင်လို့တောင် သဘောထားကြတယ်။


အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်တဲ့။


ဒါပေမယ့် သူဋ္ဌေးကြီးကတော့ အလုပ်သမားတွေကို နှိမ့်ချ ဆက်ဆံလေ့ရှိတယ်။


ဆင်းရဲသားတွေ လစ်ရင်လစ်သလို ခိုကပ်နေတတ်တဲ့ လူပျင်းတွေလို့ပဲ သဘောထားတယ်။


ဒီသဘောထားအမြင်နဲ့ပဲ စာရင်းငှားအလုပ်သမားတွေကို ဖိနှိပ်ဆက်ဆံတယ်။ မညှာမတာ ခိုင်းစေတယ်။ ဒါပေမယ့် လုပ်အားကိုတော့ နည်းနည်းပဲ ပေးသတဲ့။


ဒီလိုခိုင်းစေနိုင်ဖို့အတွက်လည်း ဆွေမျိုးထဲက ယုံကြည်စိတ်ချရသူတွေကို ခေါ်ပြီး အလုပ်သမားတွေကို အုပ်ချုပ်ခိုင်းတယ်။


နှစ်တွေ ကြာလာတယ်။


အလုပ်သမားတွေဟာ သူဋ္ဌေးကြီးရဲ့ အကြောင်းကို သိလာကြတယ်။


ဒါကြောင့် သူဋ္ဌေးကြီးမှာ တစ်နှစ်လုပ်ခဲ့ပြီးတဲ့ စာရင်းငှားဟာ နောက်နှစ်မှာ သူဋ္ဌေးကြီးဆီ မလာတော့ဘူး။


အခြားလယ်ပိုင်ရှင်တစ်ဦးဆီကိုပဲ သွားပြီး လုပ်ကြတယ်။


ဒီလိုနဲ့ သူဋ္ဌေးကြီးရဲ့ လယ်တွေကို လုပ်ကိုင်ဖို့ အလုပ်သမားရှာရတာ တစ်နှစ်ထက် တစ်နှစ်ပိုပြီး ခက်ခဲလာရတယ်။


တစ်ခြားသော ဒေသက အလုပ်သမားတွေကိုတောင် ခေါ်ယူငှားရမ်းပြီး အသုံးပြု နေရသတဲ့။


တစ်နှစ်မှာတော့ သူဋ္ဌေးကြီးဆီကို လူတစ်ယောက် ရောက်လာတယ်။ သူ့နာမည်က မောင်သစ္စာတဲ့။


မောင်သစ္စာက သူဋ္ဌေးကြီးဆီမှာ လယ်ယာလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ကြောင်း ပြောပြီး အလုပ်တောင်းတယ်။


အလုပ်သမားလိုနေတဲ့ သူဋ္ဌေးကြီးဟာ ဝမ်းသာမြောက်ဝမ်းသာပဲ မောင်သစ္စာကို စာရင်းငှားအဖြစ် လက်ခံလိုက်တယ်။


မောင်သစ္စာဟာ သူဋ္ဌေးကြီးရဲ့ ဆွေမျိုး အလုပ်သမားခေါင်းနဲ့အတူ ရွာတစ်ရွာကို လိုက်သွားရတယ်။


အဲဒီ့ရွာက လယ်တွေမှာ တခြားအလုပ်သမားတွေနဲ့အတူ လုပ်ကိုင်ရတယ်။ မောင်သစ္စာရောက်တဲ့အချိန်မှာ မိုးဦးကျရာသီ စပါးစိုက်ပျိုးချိန်ဆိုတော့ ထွန်ယက်စိုက်ပျိုးရတယ်။


လယ်စာရင်းငှားဆိုတာ မိုးစာရင်းငှား နွေစာရင်း ငှားရယ်လို့ နှစ်မျိုးရှိတယ်။


မိုးစာရင်းငှားက စပါးစိုက်ပျိုးပြီးချိန်ကို ထွန်တုံးပိတ်ချိန်လို့ သတ်မှတ်ကြတယ်။


ထွန်တုံးပိတ်ချိန်ရောက်မှ မိုးလူငှားရဲ့ တာဝန်ပြီးတယ်။


ဒီလိုနဲ့ သူဋ္ဌေးကြီးရဲ့ လယ်ဧကအားလုံး စပါးစိုက်ပြီးသွားတယ်။


အခြားမိုးစာရင်းငှားတွေက ရသင့်ရထိုက်တဲ့ လုပ်အားခတွေရှင်းပြီး ကိုယ်ရပ်ကိုယ့်ရွာကို ပြန်ကြတယ်။


မောင်သစ္စာကတော့ နွေစာရင်းငှားဆက်လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရွာကိုမပြန်ဘူး။ အလုပ်,လုပ်တဲ့ လယ်ထဲမှာပဲ ကျန်ရစ်ခဲ့တယ်။


ဒီလိုနဲ့ စပါးတွေ ရွှေရောင်ဝင်းမှည့်ပြီး ရိတ်သိမ်းချိန်ကို ရောက်လာတယ်။


မောင်သစ္စာတစ်ယောက် နွေစာရင်းငှား ဆက်လုပ်တာပေါ့။


မောင်သစ္စာဟာ နေထွက်ကနေဝင်တဲ့အထိ


စပါးတွေ ရိတ်ရတယ်။


ညဘက်ကျတော့ ရိတ်ထားတဲ့ စပါးတွေကို တလင်းထဲပို့ ကောက်ဆိုင်ပုံရတယ်။


လယ်တွေအကုန်လုံး စပါးရိတ်ပြီးတော့ တလင်းထဲမှာ ကောက်ဆိုင်ပုံကြီးက ဟည်းထလို့နေပြီ။


မောင်သစ္စာဟာ ကောက်ဆိုင်ပုံက စပါးတွေကို တလင်းထဲမှာဖြန့်ပြီး တစ်နေကုန် တနေ့ခမ်း စပါးနယ်ရပြန်တယ်။


စပါးနယ် စပါးလှေ့။ ကျီထဲသွင်းပြီးမှ နွေစာရင်းငှားနဲ့ တာဝန်တွေ ပြီးဆုံးသွားတယ်။


အဲဒီအချိန်တွေကို တလင်းသိမ်းချိန်လို့ ခေါ်တာပေါ့။


အလုပ်တာဝန်တွေပြီးတော့ မောင်သစ္စာ အလုပ်သမားခေါင်းဆောင်ဆီကို သွားတယ်


“ကျနော့်လုပ်အားခတွေ အားလုံးရှင်းပါ”


လို့ ပြောလိုက်တယ်။


အလုပ်သမားခေါင်းဆောင်က မောင်သစ္စာကို လုပ်အားခငွေကြေး ရှင်းပေးတယ်။


မောင်သစ္စာငွေတွေကို ရေတွက်ကြည့်လိုက်တယ်။


ငွေတွေက အရမ်းနည်းတယ်။နွေလုပ်အားခပဲ ရှိတယ်။ မောင်သစ္စာ အလုပ်သမားခေါင်းဆောင်ကို ပြောလိုက်တယ်။


“ကျနော်က မိုးစာရင်းငှားရော နွေစာရင်းငှားပါ နှစ်ရာသီစလုံး လုပ်ခဲ့တာပါ ယခု ကျနော့်ကို လုပ်အားခတစ်ရာသီ အတွက်ပဲ ရှင်းပေးပါသေးတယ်။တစ်ခုအတွက် ကျန်နေပါတယ်”


အလုပ်သမား ခေါင်းဆောင်က ပြန်ပြောတယ်။


“မိုးလူငှားခကို ထွန်တုံးပိတ်ချိန်ကတည်းက စာရင်းငှားအားလုံးကို ရှင်းပေးပြီးသွားပြီ။ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ရှင်းပေးရန် မကျန်တော့။ ဒါကြောင့် အသင့်ကိုလည်း နွေလူငှားခ တစ်ရာသီအတွက်သာ ရှင်းပေးခြင်းဖြစ်ပါတယ်”


မောင်သစ္စာက ပြန်ပြောတယ်။


“မိုးလူငှားခကို ကျနော် မရှင်းရသေးပါဘူး”


အလုပ်သမားခေါင်းဆောင်ကလည်း အပြင်းအထန် ငြင်းဆန်တယ်။


“သစ္စာဆိုတာ အမှန်တရား မှန်ကန်သော စကားဆိုသူလို့ အဓိပ္ပါယ်ရတယ်။ အသင်ကတော့ နာမည်နဲ့ မလိုက်ပါလား မောင်သစ္စာ ရယူပြီးသား လုပ်အားခကို ထပ်မံတောင်းခံတာဟာ လူကောင်းတွေ သစ္စာတရားထားရှိသူတွေရဲ့ လုပ်ရပ် မဟုတ်ဘူး”


“မဟုတ်ဘူး အလုပ်သမားခေါင်းဆောင် ကျနော်နာမည် မောင်သစ္စာပါ။ မှန်သောစကားပဲ ပြောတယ်။ မှန်တာပဲ လုပ်တယ်။ အလုပ်သမားခ မရသေးလို့ တောင်းတာပါ စာရင်းတွေကို သေသေချာချာ ပြန်စစ်ကြည့်ချင်ပါတယ်”


“ဘာမှ စစ်ကြည့်စရာမလိုဘူး။ ဘယ်စာရင်းငှားကိုမှ လုပ်အားခ ရှင်းပေးစရာ မလိုတော့ဘူး”


မောင်သစ္စာက


“လုပ်အားခ မရသေးဘူး”


လို့ ပြောတယ်။


အလုပ်သမားခေါင်းဆောင်က


“လုပ်အားခ ရှင်းပေးပြီးပြီ”


လို့ ပြောတယ်။


သူတို့ နှစ်ယောက် အချေအတင် စကားများကြတယ်။ သူမှန်တယ်။ ကိုယ်မှန်တယ် ငြင်းခုန်ကြတယ်။


ပြဿနာက ပြေလည်မသွားဘူး။


နောက်ဆုံးမှာတော့ မောင်သစ္စာနဲ့ အလုပ်သမားခေါင်းဆောင်ဟာ တင်ပြဖို့ ထွက်လာခဲ့ကြပါတော့တယ်။


XXXXXX


သူဋ္ဌေးကြီးဟာ မောင်သစ္စာကို ပြုံးပြီး ကြည့်နေတယ် သူဋ္ဌေးကြီးရဲ့ အပြုံးက


“ဒါမျိုးတွေ ရိုးနေပါပြီ”


ဆိုတဲ့ အပြုံးမျိုး။


“မင်းတို့ ဆင်းရဲသား စာရင်းငှားတွေရဲ့ အကြံ ဒါအကုန်ပဲလား”


ဆိုတဲ့အပြုံးမျိုး။


အလုပ်သမားခေါင်းဆောင်က ကြိုတင်သတင်းပေးပို့ ထားသောကြောင့် သူဋ္ဌေးကြီးဟာ မောင်သစ္စာရဲ့ လုပ်အားခပြဿနာကို အစအဆုံး သိရှိနေပြီး ဖြစ်တယ်။


ဒါပေမယ့် မသိချင်ဟန်ဆောင်ပြီး မေးလိုက်တယ်။


“ကဲ…ဘာပြဿနာ ဖြစ်ကြတာလဲ။ ပြောစမ်းပါဦး”


“သူဋ္ဌေးကြီးခင်ဗျာ ကျနော် မိုးစာရင်းငှားရော နွေစာရင်းငှားပါ နှစ်ရာသီလုပ်ခဲ့ပါတယ် ဒါပေမယ့် တလင်းသိမ်းလို့ လုပ်အားခရှင်းတော့ အလုပ်သမားခေါင်းဆောင်က တစ်ရာသီစာပဲ ငွေရှင်းပေးပါတယ်။ဒါကြောင့် သူဋ္ဌေးကြီးဆီ လာရောက်တိုင်တန်းတာပါ”


သူဋ္ဌေးကြီးက သူနဲ့ ဆွေမျိုးတော်စပ်တဲ့ အလုပ်သမားခေါင်းဆောင်ကို လှည့်လိုက်တယ်။


“သူပြောတာ အမှန်ပဲလား”


လို့ မေးလိုက်တယ်။


အလုပ်သမားခေါင်းဆောင်က


“မောင်သစ္စာ နွေရော မိုးပါ နှစ်ရာသီလုပ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် ထွန်တုံးပိတ်တဲ့အထိ လုပ်ခဲ့တဲ့ မိုးလုပ်အားခကို အခြားစာရင်းငှားတွေလိုပဲ ရှင်းပေးပြီးပါပြီ။ဒါကြောင့် ယခု တလင်းသိမ်းမှာ နွေလုပ်အားခ တစ်ရာသီအတွက်ပဲ ရှင်းပေးခြင်း ဖြစ်ပါတယ်”


သူဋ္ဌေးကြီးက မောင်သစ္စာဘက် လှည့်လိုက်ပြန်တယ်။


“မိုးသီအတွက် လုပ်အားခ ရှင်းပေးပြီးတာကြောင့် တစ်ရာသီစာပဲ ရှင်းပေးတာလို့ ပြောနေပါလား မောင်သစ္စာ”


မောင်သစ္စာ ပျာပျာသလဲ ငြင်းလိုက်တယ်။


“မဟုတ်ပါဘူး သူဋ္ဌေးကြီး ကျနော် မိုးရာသီအတွက် လုပ်အားခကို မရရှိသေးပါဘူး”


သူဋ္ဌေးကြီးက အလုပ်သမားခေါင်းဆောင်ဘက် လှည့်ကြည့်လိုက်ပြန်တယ်။


“မိုးရာသီအတွက် လုပ်အားခကို ထွန်ထုံးပိတ်ချိန်မှာ အလုပ်သမားတွေကို ရှင်းပေးရပါတယ် ဒါက ဓလေ့ထုံးစံပါ။ အလုပ်သမားတိုင်းကို ကျနော်ရှင်းပေးလိုက်ပါတယ်။ သူ့ကျမှ ရှင်းမပေးဘူးဆိုတာ မဟုတ်မမှန်ပါဘူး”


လို့ အလုပ်သမားခေါင်းဆောင်က ပြောတယ်။


သူဋ္ဌေးကြီးက ထပ်မေးလိုက်တယ်။


“မင်းအနေနဲ့ မိုးရာသီလုပ်အားခ အားလုံးတစ်ယောက်မကျန် ရှင်းပေးခဲ့တယ်ဆိုတာ သေချာရဲ့လား”


“သေချာပါတယ် သူဋ္ဌေးကြီး။ ထွန်ထုံးပိတ်ချိန်ကတည်းက တစ်ယောက်မကျန် ရှင်းပေးခဲ့တာပါ”


အလုပ်သမားခေါင်းဆောင်က သူမမှားတဲ့အကြောင်း ငြင်းဆိုတယ်။ ရှင်းလင်းတယ်။


သူဋ္ဌေးကြီးက မောင်သစ္စာဘက်လှည့်ပြီး ပြောလိုက်တယ်။


“အလုပ်သမားခေါင်းဆောင်က မိုးရာသီလုပ်အားခကို ထွန်တုံးပိတ်ကတည်းက ရှင်းပေးပြီးပြီလို့ပြောတယ်”


“မဟုတ်ပါဘူး သူဋ္ဌေးကြီး ကျနော်မရှင်းရသေးပါဘူး”


“ငါခန့်ထားတဲ့ အလုပ်သမားခေါင်းဆောင်ဟာ ဘယ်တုန်းကမှ မမှားဖူးဘူး။ဒီတစ်ကြိမ်မှာလည်း မမှားဘူးလို့ ငါယုံကြည်တယ်”


“ဒါဆိုရင် ကျနော့်လုပ်အားခ မရတော့ဘူးလား…”


မောင်သစ္စာစိုးရိမ်တကြီး မေးလိုက်တယ်။


“ဟုတ်တယ် ထုတ်ပေးပြီးသားဖြစ်တဲ့အတွက် ထပ်မပေးနိုင်တော့ဘူး…”


သူဋ္ဌေးကြီးရဲ့ အဆုံးသတ်စကားကြောင့် မောင်သစ္စာ စိတ်ဆိုးသွားတယ်။


လေသံမာမာနဲ့ သူဋ္ဌေးကြီးကို ပြောလိုက်တယ်။


“သူဋ္ဌေးကြီးရဲ့ လူကို သူဋ္ဌေးကြီး ယုံကြည်သလား”


“အေး…ယုံကြည်တယ်”


သူဋ္ဌေးကြီးက အေးအေးဆေးဆေးပဲ အမှုမထားသလို ဖြေလိုက်တယ်။


မောင်သစ္စာက သူဋ္ဌေးကြီးကို ကြည့်ပြီး မကြောက်မရွံ့ ပြောလိုက်တယ်။


“စစ်သည်ရဲမက်တွေဟာ ရန်သူတွေကို သတ်ဖြတ်ပြီး ပါဏတိပါတကံကို ကျူးလွန်ကြတယ်။ အာဏာပါးကွက်သားက သေဒဏ်ကျ တရားခံတွေကို သတ်ပြီး ပါဏာတိပါတကံကို ကျူးလွန်တယ်။ ဒါပေမယ့် စစ်သည်ရဲမက်တွေရော အာဏာပါးကွက်သားပါ ဘုရင်စေခိုင်းတဲ့ အလုပ်တာဝန်ကို ပြုလုပ်ခြင်းသာ ဖြစ်တယ်။သူတို့ပြုတဲ့ ပါဏတိပါတကံဟာ သူတို့ရဲ့ မဆိုင်တော့ဘူး။ဘုရင်နဲ့ပဲ သက်ဆိုင်တယ်လို့ ကျမ်းစာတွေမှာ ဆိုထားတယ်။ ဒါကြောင့် သူဋ္ဌေးကြီးရဲ့ အလုပ်သမားမှားယွင်းမှုကလည်း သူဋ္ဌေးကြီးနဲ့ပဲ ဆိုင်တယ်။ သူဋ္ဌေးကြီးတာဝန်ယူရမယ်”


လို့ပြောတယ်။


သူဋ္ဌေးကြီးက


“ဒါပေါ့ …ဒါပေါ့”


လို့ ဂရုမစိုက်သလို ပြောလိုက်တယ်။


“ဒီလိုဆိုရင် ကျနော်သစ္စာဆိုမယ် မိုးရာသီလုပ်အားခကို ထုတ်ယူပြီးမှ ထပ်မံတောင်းယူနေတာဆိုရင် ကျနော်သေတဲ့အခါ ကျွဲတိရစ္ဆာန်ဘဝနဲ့ သူဋ္ဌေးကြီးဆီ ကျွန်လာခံပါ့မယ်။တကယ်လို့ သူဋ္ဌေးကြီးတို့ဘက်က မိုးရာသီလုပ်အားခကို ထုတ်မပေးခဲ့ဘူးဆိုရင် သူဋ္ဌေးကြီးသေတဲ့အခါ ကျွဲတိရစ္ဆာန်ဘဝနဲ့ ကျနော့်ဆီမှာ ကျွန်လာခံရမယ် သေဘာတူလား”


သူဋ္ဌေးကြီးကတော့ အောင်နိုင်သူလို ပြုံးရင်း


“သဘောတူတယ်…သဘောတူတယ်လို့”


ခပ်သွက်သွက် ပြန်ပြောလိုက်တယ်။


အမှန်တော့ ဒီပြဿနာမှာ သူဋ္ဌေးကြီးရဲ့ ဆွေမျိုးအလုပ်သမားခေါင်းဆောင်က မရိုးမသားလုပ်တာပါ။


စပါးတွေစိုက်ပြီးတဲ့ ထွန်တုံးပိတ်ချိန်မှာ စာရင်းငှားတွေကို လုပ်အားခ ရှင်းပေးရတယ်။ အလုပ်သမားအားလုံး ငွေလာထုတ်ပေမယ့် မောင်သစ္စာ လာမထုတ်ဘူး။


မောင်သစ္စာက နွေလူငှားပါ ဆက်လုပ်မှာမို့ လုပ်ငန်းအားလုံးသိမ်းမှ လုပ်အားခထုတ်ဖို့ ကြံရွယ်ထားတယ်။


အလုပ်သမားခေါင်းဆောင်ဟာ မောင်သစ္စာရဲ့ ငွေကို သုံးမိသွားတယ်။


ဒီလိုနဲ့ မောင်သစ္စာ ငွေလာထုတ်တော့ သူ့မှာ ပေးဖို့ မရှိတော့ဘူး။ဒါကြောင့်


“မိုးလူငှားခကို ပေးပြီးပြီ”


လို့ မရိုးမသား ကြံစည်လိုက်တာဖြစ်တယ်။


သူဋ္ဌေးကြီးကတော့ အလုပ်သမားဆင်းရဲသားတွေကို ဖိနှိပ်ဆက်ဆံတယ်။နှမြောတွန့်တိုတယ်။ ငွေထပ်မပေးရရင် ပြီးရောဆိုတဲ့ သဘောထားပဲရှိတယ်။


ဒါကြောင့်လည်း “ကျွဲဖြစ်ပါစေ”ဆိုတဲ့ သစ္စာစကားကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ခြင်းဖြစ်တယ်။


မောင်သစ္စာဟာ


“အကြွေးဆိုတာ ဘယ်တော့မှ မဆုံးရှုံးဘူး။ ပေးစရာရှိရင်လည်း ဒီဘဝမပေးနိုင် နောက်ဘဝပေးရတယ် ရစရာရှိရင်လည်း ဒီဘဝမရ နောက်ဘဝ ပြန်ရမှာပဲ”


ဆိုတဲ့ အတွေးနဲ့ ရွာကို ပြန်သွားခဲ့တယ်တဲ့။


XXXXXX


မောင်သစ္စာရဲ့ သစ္စာစကားက အမှန်တကယ်ပဲဖြစ်ခဲ့တယ်။


မောင်သစ္စာတစ်ယောက် သူဋ္ဌေးကြီးနဲ့ ပြဿနာဖြစ်လို့ ပြန်လာပြီး နှစ်အနည်းငယ်အကြာမှ သူဋ္ဌေးကြီး ကွယ်လွန်သွားတယ်။


အဲဒီနောက် လအနည်းငယ်အကြာမှာတော့ မောင်သစ္စာပိုင်တဲ့ ကျွဲမကြီးကနေ ကျွဲထီးလေးတစ်ကောင် မွေးဖွားခဲ့တယ်။မောင်သစ္စာ သူဋ္ဌေးကြီးနဲ့ သစ္စာဆိုတာကို သတိရလိုက်တယ်။


“သူဋ္ဌေးကြီး သေတယ်လို့ကြားတယ် ငါ့အကြွေးဆပ်ဖို့ ကျွဲတိရစ္ဆာန်ဖြစ်ပြီး ရောက်လာတာများလား”လို့လည်း တွေးမိလိုက်တယ်။


ကြာတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ ဒါပေမယ့် ကျွဲလေးနဲ့ ပတ်သတ်ပြီး ထူးထူးခြားခြား ဖြစ်ရပ်လေးတွေ မကြာခဏ ကြုံလာတော့ မောင်သစ္စာ အံ့သြလာတယ်။


ကျွဲပေါက်စလေးဟာ မောင်သစ္စာကို အရမ်းခင်တွယ်တာတွေ့ရတယ်။


မိခင်ကျွဲမကြီးဆီကိုတောင် နို့ဆာမှသွားတယ်။


ကျန်တဲ့အချိန်တွေမှာ မောင်သစ္စာအနီးကိုပဲ ကပ်နေတယ်။မောင်သစ္စာက ကျွဲလေးကို သူဋ္ဌေးကြီးရဲ့ နာမည်ဖြစ်တဲ့’ဘောဂ’လို့ခေါ်တဲ့အခါ ကျွဲလေးဟာ သဘောကျတဲ့ အမူအရာ ရှိတယ်။


ခုန်ပေါက်မြူးတူးပြီး ပျော်ရွှင်နေတတ်တယ်။


ကျွဲလေးအရွယ်ရောက်လို့ အလုပ်လုပ်ခိုင်းတဲ့အခါမှာလည်း မောင်သစ္စာတစ်ယောက်ပဲ ခိုင်းလို့ရတယ်။ ဘယ်သူခိုင်းခိုင်း အလုပ်မလုပ်ဘူး။ ကြာလာတော့ မောင်သစ္စာရဲ့စိတ်ထဲမှာ ကျွဲလေးဟာ သူဋ္ဌေးကြီးဦးဘောဂ ဝင်စားတယ်ဆိုတာကို တစ်စ တစ်စ လက်ခံလိုက်တယ်။


ယုံလည်း ယုံကြည်လာတယ်။ ကျွဲကလည်း မောင်သစ္စာဘယ်သွားသွား လိုက်နေတော့ လူတွေ့ရဲ့အမြင်မှာ ထူးဆန်းသလို ဖြစ်နေတယ်။


မောင်သစ္စာကို အကျိုးအကြောင်းမေးကြတယ်။ မောင်သစ္စာက သူဋ္ဌေးကြီးဆီမှာ လယ်စာရင်းငှား သွားလုပ်ခဲ့တာ။ သူဋ္ဌေးကြီးရဲ့ ဆွေမျိုးဖြစ်တဲ့အလုပ်သမား ခေါင်းဆောင်က မိုးလူငှားခမပေးဘဲ ပေးပြီးပြီလို့ လိမ်လည်တာ။သူဋ္ဌေးကြီးဆီ ရောက်တော့လည်း လုပ်အားခမရတာကြောင့် “ကျွဲဖြစ်ပါစေ”လို့ သစ္စာဆိုကြတဲ့ အကြောင်းပြောပြတယ်။


“ဒါဆိုရင် ဒီကျွဲက သူဋ္ဌေးကြီး ဦးဘောဂပေါ့”


လို့ လူတွေက တအံ့တသြ ပြောကြတယ်။ ဒီစကားက တဖြည်းဖြည်းပြန်နှံ့ပြီး သူဋ္ဌေးကြီးဦးဘောဂရဲ့ မိသားစုတွေဆီ ရောက်သွားတယ်။


သူတို့ဖခင်သူဋ္ဌေးကြီးကို ကျွဲတိရစ္ဆာန်ဖြစ်တယ်လို့ ပြောတော့ စိတ်ဆိုးကြတာပေါ့…


“လိုက်အားခပေးလို့ ဆိုပြီး တမင်သိက္ခာချတာပဲ ဖြစ်ရမယ်”


လို့လည်း ထင်မြင်ယူဆကြတယ်။


မဟုတ်မမှန်ပြောရင် မောင်သစ္စာကို မြို့စားမင်းဆီ ‘တိုင်မယ်’ဆိုတဲ့အကြံနဲ့ သူဋ္ဌေးကြီးဦးဘောဂရဲ့သား/သမီးတွေ မောင်သစ္စာနေတဲ့ ရွာကို ထွက်လာခဲ့ကြတယ်။


ဒါပေမယ့် အခြေအနေက သူတို့ထင်သလို ဖြစ်မလာခဲ့ဘူး။ မောင်သစ္စာရဲ့ အိမ်ခြံဝကို ရောက်တာနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်ကို ကြုံလိုက်ရတယ်။


ကျွဲကြီးဘောဂဟာ သူ့လူဘဝတုန်းက တော်စပ်ခဲ့တဲ့ သားသမီးတွေကို ခြံဝမှာ လှမ်းတွေ့လိုက်တယ်…


တွေ့တာနဲ့ တစ်ပြိုင်နက် အစာစားနေရာကနေ ခြံဝပြေးသွားတယ်။ အတိတ်ဘဝက သူ့ရဲ့သားသမီးတွေကို ကြိုတယ်။


ကျွဲဆိုတာ ကြောက်စရာကောင်းတယ်။ ဆင်တွေ မြင်းတွေ နွားတွေက သခင်ကို သခင်မှန်းသိတယ်။ ကျွဲမှာတော့ သခင်ဆိုတာ မရှိဘူး။ဘယ်လိုကျွေးကျွေး ဘယ်လိုမွေးမွေး မထင်ရင် မထင်သလို တိုက်ခိုက်တတ်တဲ့ ညဉ်ဆိုးရှိတယ်။


ဒီလို တိရစ္ဆာန်မျိုးက တစ်ကြိမ်တစ်ခါမျှ မမြင်ဘူးတဲ့သူတွေကို ရန်မပြုဘဲ ခြံဝမှာ သွားကြိုတော့ မြင်တွေ့ရသူအားလုံး တအံ့တသြ ဖြစ်သွားကြတယ်။ပိုပြီးထူးဆန်းတဲ့ အဖြစ်အပျက်က ကျွဲကြီးဟာ သူ့ရဲ့သားသမီးတွေကို ကြည့်ပြီး မျက်ရည်တွေ ကျနေတာပါပဲ။


သူဋ္ဌေးကြီးဦးဘောဂရဲ့သားသမီးတွေဟာ ဖခင်ကြီး မကွယ်လွန်မီက ဝတ်ဆင်ခဲ့တဲ့ အဝတ်အထည်တွေ။ သုံးစွဲခဲ့တဲ့ အသုံးအဆောင်တွေနဲ့ အတူ ရောထားပြီး ကျွဲကြီးဘောဂကို ရွေးချယ်ခိုင်းတယ်။


ကျွဲကြီးဘောဂလည်း တစ်ခုမှ မလွဲအောင် ရွေးပြနိုင်ခဲ့တယ်။


ဒီတော့မှ သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ သူတို့ ဖခင် ကျွဲဖြစ်သွားတယ်ဆိုတာ လက်ခံလိုက်ကြတယ်။ သူတို့က မောင်သစ္စာကို တောင်းပန်ကြတယ်။


ကျွဲကြီးကိုရောင်းဖို့နဲ့


“တောင်းသလောက် ပေးပါမယ့်”


လို့လည်း ပြောကြတယ်။


မောင်သစ္စာဟာ ယခင်က


“မဟုတ်မတရားခံရတယ်”


ဆိုတဲ့ ဒေါသနဲ့ ကျွဲဖြစ်ပါစေလို့ သစ္စာဆိုခဲ့တယ်။ အခုချိန်မှာတော့ သူဋ္ဌေးကြီးဦးဘောဂ တစ်ဖြစ်လဲ ကျွဲကြီးဘောဂကို သနားသွားတယ်။


ဒါကြောင့် တန်ရာတန်ကြေးနဲ့ပဲ ရောင်းပေးလိုက်တယ်။


သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ မောင်သစ္စာကို အရမ်းကျေးဇူးတင်ကြတယ်။


ပြီးတော့ ကျွဲကြီးကို ခေါ်ဆောင်ပြီး ပြန်သွားကြတယ်။


အိမ်ရောက်တော့ ကျွဲကြီးကို ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးကြတယ်။ဒါပေမယ့် အတိတ်ဘဝက အကြွေးကို ဆပ်ရမှာမို့နဲ့ တူပါရဲ့။


ဘယ်လိုပဲ ကောင်းမွန်စွာ ပြုစုကျွေးမွေးပေမယ့် ကျွဲကြီးဟာ မနေနိုင်ခဲ့ဘူး။


နောက်တစ်နေ့ညမှာပဲ နေအိမ်ကနေ ထွက်ပြေးပြီး မောင်သစ္စာဆီကို ပြန်သွားတယ်။


သူဋ္ဌေးကြီးရဲ့ သားသမီးတွေက ကျွဲကြီးကို ပြန်လာခေါ်ကြတယ်။


မောင်သစ္စာကလည်း


“သူဋ္ဌေးကြီးဦးဘောဂ ခင်ဗျားဆီမှာ ကျနော်အကြွေးမရှိတော့ပါဘူး ခင်ဗျားရဲ့သားသမီးတွေဆီပြန်ပြီး ချမ်းချမ်းသာသာပဲနေပါ”


လို့ ပြောလိုက်တယ်။


ဒါပေမယ့် ကျွဲကြီးဘောဂကတော့ တစ်ရက်နှစ်ရက်ထက် ပိုမကြာဘူး မောင်သစ္စာရဲ့အိမ်ကို ပြန်ရောက်လာတယ်။


ဒီလို ကျွဲကြီးကို ပြန်ခေါ်လာလိုက် မောင်သစ္စာဆီ ပြန်ပြေးသွားလိုက်နဲ့ ခဏခဏဖြစ်လာတော့ သူဋ္ဌေးကြီးရဲ့ သားသမီးတွေဟာ အစီအစဉ် တစ်မျိုးပြုလုပ်ကြတယ်။


အဲဒီအစီအစဉ်ကတော့ ကျွဲကြီးဘောဂကို မောင်သစ္စာဆီမှာပဲထားမယ်။


ကျွဲဝယ်တုန်းက ပေးထားတဲ့ငွေကိုလည်း ပြန်ပေးဖို့ မလိုဘူး။


ကျွဲကြီးကို အလုပ်မခိုင်းဘဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးဖို့ လစဉ်ငွေကြေးထောက်ပံ့ပေးကြတယ်။


မောင်သစ္စာကလည်း သံသရာတစ်ကွေ့မှာ ခဏတွေ့လိုက်ရတဲ့ သူဋ္ဌေးကြီးဦးဘောဂရဲ့ အဖြစ်ကို သံဝေဂရတာကြောင့် ကျွဲကြီးကို ဂရုတစိုက် ပြုစုကျွေးမွေးတယ်။


ဒါပေမယ့် ကျွဲကြီးဘောဂကတော့ အေးအေးဆေးဆေးမနေနိုင်ဘူး။


မောင်သစ္စာက ထင်းတိုက်ဝါးတိုက်သွားဖို့ အခြားကျွဲတွေကို လှည်းမှာတပ်ရင် ကျွဲကြီးဘောဂ ပြေးလာတယ်။


ကျွဲတစ်ကောင်ကို ချိုနဲ့ခတ်ထုတ်ပြီး ထမ်းပိုးအောက်ကို အတင်းဝင်တယ်။


လယ်ထွန်တဲ့အခါ စပါးနယ်တဲ့အခါမှာလည်း ဒီအတိုင်းပဲတဲ့။


ထမ်းပိုးတုံးအောက်ကို အတင်းဝင်ပြီး သူကိုယ်တိုင်လုပ်ပေးလေ့ရှိတယ်တဲ့။


နောက်ဆုံးမှာတော့ ကျွဲကြီးဘောဂလည်း အတိတ်ဘဝက တင်ရှိခဲ့တဲ့ အကြွေးတွေကို အကြေအလည် ပေးဆပ်ပြီးမှ အသက်အရွယ် ကြီးရင့်ပြီး သေဆုံးသွားရှာသတဲ့။


အကြွေးဆိုတာ ဘယ်တော့မှ မဆုံးဘူး။ တစ်ချိန်ချိန်မှာတော့ … ပေးဆပ်ရမယ့်သူဟာ မလွဲမသွေ ပေးဆပ်ရတယ် ရဖို့ရှိရင်လည်း မလွဲမသွေ ပြန်ရမှာပါပဲ။


ပြီးပါပြီ

 ~~~~~~~ မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့(ချောင်းဦး)

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ