တာဝန်(စ/ဆုံး)
———
ရွာကိုပြန်မည့်မနက်ဖြစ်ပါသည်။
မိုးအကုန် ဆောင်းအကူးကာလလေးသည် ကျွန်တော်တို့အတွက် အခက်ခဲဆုံး ကာလများဖြစ်သည်။ ချောင်းထဲတွင် ရေနည်းသွားပြီး ဖြစ်သောကြောင့် ပဲ့ထောင်တွေ မစီးဝံ့။ ပဲ့ထောင်တွေက စီးရတာ နည်းနည်း၊ ဆင်းတွန်းနေရတာ များများဖြစ်နေသောကြောင့် ကိုယ်လက်တွေ ကိုက်ရိုက်ထားသလို ခံစားရပြီးမှ မြို့ကိုရောက်သည်။ ထိုကာလတွင် ပဲ့ထောင်သမားတွေက အလကားတင်မည်ဆိုလျှင်ပင် မစီးချင် သောကြောင့် ယခုတစ်ပတ်မြို့ကိုပြန်ရာတွင် ကုန်းကြောင်းလျှောက်ပြီး ပြန်လာရသည်။
ကုန်းကြောင်းခရီးကလည်း နီးသည်ဟု မမှတ်ပါနှင့်။ ရွာက မနက်မိုးမလင်းမီ အုန်းမောင်းခေါက်ချိန်ထွက်၊ မြင်းလှည်းစီးနိုင်သည့် နေရာသို့ ညနေ ၃ နာရီထိုးလောက်မှရောက်သည်။ မြင်းလှည်းကို ၇ မိုင်စီး၊ နောက်ထပ် ကားကို ၁၀ မိုင်ထပ်စီးမှ မြို့ရောက်သည်။ ဤခရီး မနီးပါ။ သို့သော် လတိုင်း မိုးပြတ်ချိန်ဆိုလျှင် ဆရာ ဆရာမများ ဤနည်းသာ သုံးကြရပါသည်။
ရွာကိုပြန်မည်ဆိုပြီး တစ်ညလုံး အမေနှင့် ထိုင်စကားပြောနေမိသည်။ အမေကလည်း ငါးပိ၊ ငါးခြောက်တွေကို ကြော်လှော်ပေးနေသည်။ သားအမိချင်းတွေ့တုန်း စကားလက်ဆုံ ပြောမကုန်။ အိပ်မည်ဟု ပြင်သည့်အခါ မနက် ၁ နာရီထိုးလုလုဖြစ်နေပြီ။ အမေက
“ဟဲ့ နင်အိပ်ရင် … ထနိုင်တော့မှာ မဟုတ်ဘူး။ ၃ နာရီ ပြန်ထရမှာ … ကားမမီဘဲနေမယ်”
“မအိပ်တော့ဘူးအမေ …”
မအိပ်တော့ဘူးဆိုကာ ပက်လက်ကုလားထိုင်ပေါ်ထိုင်၊ စာဖတ်ရင်းက ငိုက်ခနဲဖြစ်သွားသည်။ အမေက
“သားရေ ၃ နာရီထိုးနေပြီ” ဆိုမှ လူးလဲထ … ရေချိုး အဝတ်အစားလဲကာ အမေပြင်ပေးထားသည့် ကျောပိုးအိတ်ကိုလွယ်ကာ ကျောက်တွင်းကုန်းလမ်းဆုံအထိရောက်အောင် ကုန်းကြောင်းလျှောက်ရသည်။ ခရီးစဉ်ကို စတင်ကတည်းက ကုန်းကြောင်းနှင့်စသည်။
တန်ဘီရေအိုးစင်ရှေ့အရောက်တွင်
“ဟေ့ ရပ်”
သေနတ်ကိုင်ထားသော စစ်သားနှစ်ယောက်က ရေအိုးစင်ဇရပ်ပေါ်က ဆင်းလာသည်။
“ဘယ်လဲ”
“ကျောက်တွင်းကုန်လမ်းဆုံ”
“ဘယ်က လာတာလဲ … ကျောပိုးအိတ်ထဲက ဘာတွေလဲ”
“အဝတ်အစားနဲ့ စားစရာတွေ။ ရိုးမထဲသွားမလို့”
စစ်သားတွေ ကြောင်တောင်တောင်ဖြစ်သွားသည်
“ဘာလုပ်မလို့လဲ”
“စာသွားသင်မလို့ပေါ့”
“ကျောင်းဆရာလား”
“ဟုတ်တယ်”
“ဟာ … ဒါဆိုရင် အတော်ပဲ … ကျွန်တော်တို့ကားနဲ့ လိုက်ခဲ့ … ကျွန်တော်တို့က ပျဉ်ပုံကြီးအထိ သွားမှာ”
“ကျွန်တော်က ဘုရားကြီးမှာ ဆင်းမယ်”
“ပျဉ်ပုံဘက်ကသွားပါလား … အဲဒီဘက်ဆိုရင် မနီးဘူးလား”
“မသွားတတ်ဘူးဗျ။ ဘုရားကြီးဘက်ကတော့ မြင်းလှည်း ဆက်စီးပြီး ကုန်းကြောင်း ဆက်သွားတတ်တယ်”
“ခဏလေးစောင့် ဆရာ … ကျွန်တော်တို့ကား လာလိမ့်မယ်”
ဟန်ကျသည် အတော်ပဲဖြစ်သွားသည်။ ကားခလည်း သက်သာ၊ ဘုရားကြီးကို စောစောလည်း ရောက် သွားမည်။
မကြာမီ ဘုရားလမ်းကိုပတ်ကာ စစ်ကားတစ်စီးက ရေအိုးစင်ရှေ့ထိုးရပ်လိုက်သည်။ စစ်သားနှစ်ယောက်က ခေါင်းခန်းတွင် စီးရန်ပြင်ပြီး
“နောက်ကတက်လိုက်ဆရာ” ဟုအော်သည်။
ကျွန်တော်က ကျောပိုးအိတ်ကို ဦးစွာ ကားပေါ်တင်လိုက်ပြီး
“ဘုရားကြီး လမ်းဆုံကျရင် ရပ်ပေးဗျာ” ဟု အော်လိုက်သေးသည်။
ထို့နောက် ကားနောက်ဖုံးကို ခိုကာ ကားပေါ်တက်လိုက်သည်။ ကားပေါ်တွင် ကျွန်တော် တစ်ယောက်တည်း မဟုတ်။ အမျိုးသမီးတစ်ယောက် ပါလာသည်ကို ဓာတ်တိုင်မီးရောင်ဖြင့် တွေ့လိုက်ရသည်။
“တက်ပြီးပြီလားဆရာ”
“တက်ပြီးပြီ … မောင်း”
ကားကထွက်လာသည်။ ကျွန်တော်က ကားနောက်နားကျကျနေရာတွင် ဝင်ထိုင်လိုက်သည်။ အမျိုးသမီးက ကျွန်တော့် မျက်နှာချင်းဆိုင်တွင် ဖြစ်သည်။
“ကားကြုံလိုက်လာတာလား”
အမျိုးသမီးက ကျွန်တော့်ကို စပြောခြင်းဖြစ်သည်။
“ဟုတ်ကဲ့”
“တပ်ထဲကလား”
“မဟုတ်ဘူး … ကျောင်းဆရာ … ကားကြုံလိုက်လာတာ … အစ်မကရော”
“အို … ကျွန်မက ငယ်ငယ်လေး ရှိသေးတယ် … ဘယ်က အစ်မလဲ … ညီမလုပ်ပါရှင့်”
“ကျွန်တော်က ၃၅ နှစ်”
“ကျွန်မက ၃၂ နှစ်ပဲရှိသေးတယ်”
“သြော် … ဆောရီးနော် … ခင်ဗျားလည်း ကားကြုံလိုက်လာတာလား”
“ဟုတ်တယ် … ကျွန်မက ဒိုက်ဦးမှာ တာဝန်ကျတယ်လေ။ မူလတန်းကျောင်းအုပ်ပဲ”
“ဒိုက်ဦး ဘယ်နားလဲဗျ”
“ဒိုက်ဦးကနေ တောထဲကို ၂၃ မိုင်ထပ်သွားရတယ်”
“သြော် ဆရာမပဲ … ကျွန်တော်လည်း ဘုရားကြီးကနေ မိုင်တွက်ရင် နောက်ထပ် ၃၂ မိုင်လောက် လမ်းလျှောက် ရသေးတယ်”
“အေးနော် … ကျွန်မတို့လည်း ဒီလိုပဲ သွားနေကြရတော့တာပဲ … မြို့ပေါ်က ဆရာသမားတွေကတော့ နီးနီးလေးတွေ ထင်ကြမှာနော့”
သူကစကားပြောလိုက်တိုင်း “နော့” ဆိုသည့် စကားလုံးလေး ထည့်ထည့်သုံးတတ်သည်။ ကျွန်တော်က သူ့ကို မကြည့်ရဲ ကြည့်ရဲနှင့် ခိုးကြည့်နေမိသည်။ အသံလေးက ချစ်စရာ လူလေးကလည်း ချစ်စရာ ကောင်းမည်။ ကိုယ်နှင့်လည်း အရွယ်က မတိမ်းမယိမ်း။ ပြီးတော့ ကျောင်းဆရာ၊ ဆရာမတွေ။
ကားကမောင်းနေသည်။ စစ်ကားက တာလပတ်တွေဘေးကချထားသည်။ သူက အတွင်းကျကျထိုင်နေသဖြင့် လမ်းမီးတိုင် မီးရောင်ထိုးမှ ရိုးတိုးရိပ်တိပ်လေးမြင်ရသည်။ ထဘီကအဖြူရောင်လေး၊ ဆွယ်တာ အနီရောင် လေးကို ဝတ်ထားသည်။
“ဒိုက်ဦးမြို့နယ်ဘက်ဆိုတော့ ကျွန်တော်တို့နဲ့ မြို့နယ် မတူဘူးပဲ။ ဒါကြောင့် ကျွန်တော်တို့ မသိကြတာ နေမယ် … လစာထုတ် ဆင်းလာတာလား”
“မဟုတ်ဘူး … ကျွန်မက ခွင့်ယူထားတာ … ခွင့်စေ့လို့ ပြန်မှာ”
“သြော် … မကျန်းမာဘူးလား”
“မဟုတ်ဘူးရှင့် … မီးဖွားခွင့် ယူထားတာ … အဲဒါ ခွင့်ပြည့်တော့ ပြန်ရတာပဲပေါ့နော့”
“အို … ဒါဆိုရင် ကလေးကို …”
“သူ့ အဘိုး အဘွားတွေနဲ့ ထားခဲ့ရတယ်လေ”
“ဟယ် … ကလေးလေးက သနားစရာပဲ”
“ဟုတ်တယ် … ကျွန်မ သူ့အသံလေးတွေကိုပဲ ကြားနေတယ် … သူ့မျက်နှာလေးပဲ မြင်ယောင်နေတယ် … အရမ်းဝမ်းနည်းတာပဲ …”
သူ့စကားသံအဆုံးတွင် ရှိုက်သံလေးတွေ စွက်လာသည်။
“ဆရာမရယ် … ကိုယ်ချင်းစာပါတယ်။ ကျွန်တော်တို့က ဝန်ထမ်းဘဝတွေပဲ။ ပြီးတော့ ဆရာ ဆရာမတွေ ဆိုတော့ ပိုခက်တာပေါ့”
“ဟုတ်တယ် ဆရာ … စာမေးပွဲကလည်း စစ်တော့မယ်လေ … ကျွန်မ လေးတန်း ကလေးတွေဆိုရင် ဘယ်လိုတွေ ဖြစ်နေမယ်မှန်းတောင် မသိဘူး။ ကျွန်မတော့ ရောက်ရင် မောင်းရတော့မှာပဲ”
“ကျွန်တော်ကတော့ ဆရာမ ကျန်ခဲ့တဲ့ ကလေးလေး … ဒါနဲ့ သားလေး လား … သမီးလေးလားဗျ”
“သားလေးဆရာ”
“သူ့အတွက်ပဲ စိတ်မကောင်းဖြစ်နေတော့တာပဲ”
“ကျွန်မလည်း တစ်လလောက်တော့ စာမေးပွဲအတွက် သွားပြီး လုံးပန်းလိုက်မယ်ဆရာရေ … စာမေးပွဲပြီးမှ ဟင်းချပြီး သားလေးနဲ့ ပြန်နေရတော့မှာပဲ”
“အေးဗျာ … စိတ်မကောင်းပါဘူး … ရောက်တော့မယ် … ကျွန်တော်ဆင်းတော့မယ်နော်”
“ဟုတ်ပဲ့ဆရာ … ကျွန်မနာမည် တင်တင်မြင့်ပါ”
“ဟုတ်ကဲ့ … ကျွန်တော့် နာမည်က တင်ညွန့် … မှတ်ထားပေါ့ … နောက် လမ်းတွေ့လည်းခေါ်နော်”
ကားက ဘုရားကြီး လမ်းဆုံတွင် ရပ်လိုက်သည်။ ကျွန်တော်က ကျောပိုးအိတ်ကို ဆွဲပြီး ကားပေါ်ကဆင်းရန် အလုပ် ရဲဘော်လေးက နောက်သို့ရောက်လာပြီး
“ပေးလေဆရာ့ အိတ်” ဟု ဆိုသည်။
ကျွန်တော်က ကျောပိုးအိတ်ကို ကမ်းပေးလိုက်ပြီး ကားပေါ်က ခုန်ဆင်းလိုက်သည်။ ထို့နောက်
“ဆရာမရေ … သွားမယ်ဗျာ”
ရဲဘော်လေးက ကျွန်တော့်ကို မျက်လုံးပြုးပြီးကြည့်သည်။
“ဆရာ ဘယ်သူ့ကို နှုတ်ဆက်နေတာလဲ”
“ကားပေါ်က ဆရာမကိုလေ”
“ဘယ်က ဆရာမလဲ”
“ခင်ဗျားတို့ခေါ်လာတဲ့ ဆရာမလေ”
“ကျွန်တော်တို့ ဘယ်သူ့မှ မခေါ်လာဘူးဆရာ”
“ဟာ … ဒီလူ လာနောက်နေတယ် … ကားပေါ်မှ ဒိုက်ဦးကဆရာမ ဒေါ်တင်တင်မြင့် ပါလာတယ်။ ခင်ဗျားတို့က ကြောင်တောင်တောင်နဲ့”
“ဆရာ”
“ဘာလဲ”
“ဒီမှာ”
သူက ကျွန်တော့်ကို ကားဘေးသို့ဆွဲသွားပြီး လက်ညှိုးထိုးပြသည်။ ကားဘေးတွင် စာကပ်ထားသည်
ဆရာမ ဒေါ်တင်တင်မြင့်
အသက် ၃၂ နှစ်
“ဟာ”
ကျွန်တော်က
“ကျွန်တော် တစ်လမ်းလုံး သူနဲ့ စကားပြောခဲ့တာဗျ”
“မနောက်ပါနဲ့ ဆရာရယ် … ကားပေါ်မှာ ဘယ်သူမှ မရှိပါဘူး”
သူက ကားနောက်ကိုခိုကြည့်ပြီး ပြောခြင်းဖြစ်သည်။
“ဆရာမက မီးဖွားပြီး ဆုံးသွားတာဗျ … တပ်ထဲက ရဲဘော် မိန်းမပဲ”
“ဗျာ”
ကျွန်တော် လမ်းတစ်ဖက်ကို ဖြတ်ကူးပြီး မြင်းလှည်းဂိတ်ကို ထွက်ခဲ့သည်။
ထိုကားကို လှည့်မကြည့်ရဲတာတော့ အမှန်ဖြစ်သည်။ ကားပေါ်က ဆရာ ဒေါ်တင်တင်မြင့် လက်များပြသွားမည်လား။ ကျွန်တော် ကြောက်နေသည်ကတော့ အမှန်ဖြစ်သည်။
တင်ညွန့်
၁၄.၂.၂၀၁၉