မိန်းမရှုပ်တစ်ဦး (မင်းသိခ်)

 မိန်းမရှုပ်တစ်ဦး (မင်းသိခ်)

တစ်ခုသော နွေရာသီနေ့လယ်ပိုင်းတွင် အိုက်စပ်လွန်းလှသဖြင့် ကျွန်ုပ်ငှားရမ်းနေထိုင်သော တိုက်တန်းလျား၏ အရှေ့အရိပ်တွင် ကုလားထိုင်တစ်လုံးချကာ ရေနွေးကြမ်းတစ်ကရားဖြင့် တစ်ဖက်လမ်းသို့ လှမ်းမျှော်ကြည့်ရင်း အချိန်ဖြုန်းနေလေ၏။ ထိုအချိန်၌ လမ်းအတွင်းမှ မိတ်ဆွေတစ်ဦး အနီးသို့ ရောက်လာပြီးလျှင်
“ဘယ်လိုလဲ ကိုအောင်ထွန်း၊ ရေနွေးတစ်ခရားနဲ့ ဇိမ်ကျနေပါလား” ဟုပြောလေ၏။
“ဇိမ်ကျတယ်ရယ် မဟုတ်ပါဘူးဗျာ၊ ဟိုကြည့် ဒီကြည့် ကြည့်နေတာပါ” ဟုပြန်၍ ပြောလိုက်လေ၏။ ထိုအခါ ထိုလူက...
“ဒါနဲ့နေပါဦး ကိုအောင်ထွန်းရဲ့။ ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းက လူငှား ရသွားပြီနဲ့တူတယ်။ ပြတင်းပေါက်မှာ ရောင်စုံလိုက်ကာလေးတွေ တပ်ထားတာ တွေ့ရတယ်” ဟု ကျွန်ုပ်အား ပြောလိုက်ပြန်စဉ် ထိုအခန်းမှ မိန်းမသည်ဆင်းလာ၏။ ကျွန်ုပ်အနီးမှ မိတ်ဆွေသည် ထိုမိန်းမကို လှမ်း၍ကြည့်ပြီးလျှင်...
“အလို ဘယ်သူများလဲမှတ်တယ် လေဒီဂျစ်ခင်ခင်ပါလား” ဟု ပြောလိုက်သဖြင့် ကျွန်ုပ်က
“ခင်ဗျားသိသလား” ဟု မေးလိုက်ရာ ထိုသူက...
“လေဒီဂျစ်ခင်ခင်ကို မသိတဲ့သူမရှိပါဘူး။ မြစ်နားမှာ သူရပ်နေတုန်း မျောလာတဲ့ သပွတ်အူက အလေးပြုသွားရတဲ့မိန်းမပေါ့ ၊ ရှုပ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး” ဟုပြောလိုက်၏။
ထို့နောက် ရက်များမကြာမှီ၌ လေဒီဂျစ်ခင်ခင်အိမ်၌ အိမ်တက်မင်္ဂလာ ဖိတ်ကြားသဖြင့် ကျွန်ုပ်လည်း ရောက်ရှိသွားရလေ၏။ ထိုအိမ်တက်ပွဲတွင် မန္တလေးကြာဆံချက်ကျွေး၏။ လက်ဖက်ရည်
ကော်ဖီတိုက်၏။ လေဒီဂျစ်ခင်ခင်သည် စားသောက်နေသော စားပွဲဝိုင်းတိုင်းသို့ သွားရောက်၍ ဧည့်ခံစကားပြော၏။ ကျွန်ုပ်တို့ ဝိုင်းသို့လည်းရောက်လာ၏။
“ဪ .. ဒီကအစ်ကိုက ကိုအောင်ထွန်းဆိုတာမှတ်တယ်” ဟု ပြောလိုက်သဖြင့် ကျွန်ုပ်က .. “ဟုတ်ကဲ့... ဟုတ်ကဲ့” ဟုပြန်၍ ဖြေရလေ၏။ ထိုအခါ ခင်ခင်က..
“နာမည်ကိုသိနေလို့ အံ့သြသွားသလား။ ခုံလေးချပြီး ရေနွေးကြမ်းသောက်ရင်း ခင်ခင်တို့ အိမ်ဘက်ကို ကြည့်ကြည့်နေတတ်လို့ ဘယ်သူလဲလို့ စုံစမ်းရင်း သိသွားတာပါ။ ခင်ခင်က ခင်ခင်ဆိုတဲ့အတိုင်း ခင်တတ်မင်တတ်ပါတယ်။ အဲဒီလို ခင်တတ်တာကိုပဲ အချို့ ရှုပ်တယ်လို့ ထင်တတ်ကြတယ်။ ရှုပ်တာက လွယ်ပါတယ်။ ခင်တတ်ဖို့က ခက်တယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း သွက်လက်လှသော ခင်ခင်၏ ပြောပုံဆိုပုံကို သဘောကျမိလေ၏။
“ဒါနဲ့ နေစမ်းပါဦး ခင်ခင်ရယ်၊ သိရတာလည်း ဝမ်းသာပါတယ်။ ဘာအလုပ်လုပ်ပါသလဲဗျာ” ဟု မေးလိုက်ရာ... “အမှန်အတိုင်းပြောရရင် ခင်ခင့်မှာအလုပ်မရှိပါဘူး။ တကယ်ခင်ခင် လုပ်နေတဲ့အလုပ်ကတော့ လူတွေကို လိုက်ပြီးကူညီတဲ့ အလုပ်ပါပဲ။ ဥပမာပြောရရင် အစ်ကိုထွန်းအောင် အခုအမှုဖြစ်နေတယ်ဆိုပါစို့ အဲဒီအမှုနဲ့ သင့်တော်တဲ့ ရှေ့နေရအောင် ရှာပေးတယ်။ သမီးပျောက်သွားတယ် ဆိုပါတော့ အဲဒီသမီးကို မတွေ့တွေ့အောင် ရှာပေးတယ်။ အဲဒီသမီးဟာ ရိုးရိုးပျောက်တာမဟုတ်ဘဲ ယောက်ျားနောက်လိုက်သွားတာဆိုရင်တော့ သူ့ ယောက်ျားဆီကလုယူပြီး မိဘဆီ ပြန်ပို့ပေးတယ်” ဟု ခင်ခင်ကပြောလိုက်လျှင် ကျွန်ုပ်က ...
“ခင်ဗျားပြောတဲ့အတိုင်းဆိုရင် မခင်ခင်ရေ.. ခင်ဗျားဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်မိတတ်တယ်” ဟုပြောလိုက်ရာ ခင်ခင်က..
“မှန်တာပေါ့ အကိုရယ်... တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်းရှိတယ်။ ကျန်တဲ့နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏။ ထို့နောက် ခင်ခင်က...
“ဒါနဲ့ အကိုရယ် မေးရမှာတော့ အားနာပါတယ်။ အစ်ကို ဘာအလုပ်လုပ်လဲ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က..
“အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင်ရေ” ဟု ပြန်ဖြေလိုက်လျှင်..... ၊
“ဒီလိုဆိုရင်တော့ ခင်ခင်က အကူအညီတောင်းချင်တယ်။ ခင့်အစ်ကိုဝမ်းကွဲတစ်ယောက်ဟာ ဆေးရုံတက်နေတယ်။ ညစောင့်ပေးမယ့် လူမရှိဘူး။ ယောက်ျားအဆောင်ဆိုတော့ ခင်ခင်ကိုယ်တိုင် သွားစောင့်လို့မရဘူး။ အဲဒါလေး တစ်ဆိတ်လောက် ခင်ခင်ကို ကူညီတဲ့အနေနဲ့ လူနာကို သွားစောင့်ပေးပါလား” ဟု အကူအညီတောင်းလေ၏။
ထိုအခါ ကျွန်ုပ်က..
“ခင်ခင်ရယ် အကူအညီပေးချင်ပါတယ်၊ ဒါပေမဲ့ ဆေးရုံတွေဘာတွေဟာ အခြောက်အလှန့်ရှိတယ်။ အဲဒါမျိုးတွေကို ကျုပ်က သိပ်ကြောက်တယ်ဗျာ။ ဒါကြောင့် ညဘက်ဆေးရုံမှာ
စောင့်ရတဲ့အလုပ်ကတော့ မလုပ်ဝံ့ပါဘူးဗျာ” ဟု ပြောလိုက်လျှင် ခင်ခင်က ဟက်ဟက်ပက်ပက် ရယ်လေ၏။
“အစ်ကိုက တကယ်သတ္တိကောင်းတာပဲနော်၊ မဟာဗန္ဓုလနဲ့ဘယ်လိုများ တော်သလဲ” ဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က...
“ခင်ခင်ပြောချင်သလိုသာပြောတော့ ကျုပ်ကတော့ ကြောက်တတ်တာအမှန်ပဲ” ဟု ပြောလိုက်ရာ ခင်ခင်က သနားသောမျက်လုံးဖြင့် ကျွန်ုပ်ကိုကြည့်လေ၏။________________
“တကယ်ကြောက်တတ်တယ်ဆိုရင်တော့ ခင်ခင်က မကြောက်ရတဲ့နည်းတစ်ခုပေးမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်က...
“ပေးစမ်းပါဗျာ..” ဟု ဝမ်းသာအားရတောင်းမိလေ၏။
“ဒီမှာ အစ်ကိုရေ... အခြောက်အလှန့်ရှိတယ်ဆိုတဲ့နေရာမှာ ညအိပ်ရမယ်ဆိုရင် ကတ်ကြေးတစ်လက်ယူသွား၊ ကတ်ကြေးကို ပါးစပ်ဖြဲလိုက် စေ့လိုက် အကြိမ်ကြိမ်လုပ်ပြီး နောက်ဆုံးမှာ ပါးစပ်ဖြဲပြီးအနားမှာ ချထားလိုက်၊ အခြောက်အလှန့်တွေ မလာတော့ဘူး။ နောက်တစ်ခုကတော့ ကုလားပဲ လက်တစ်ဆုပ်နဲ့ သဲလက်တစ်ဆုပ်ယူသွား .. အနားမှာပုံထား၊ ပျင်းလို့ အခြောက်ခံချင်ပါတယ် ဆိုရင်တောင် မလာတော့ဘူး” ဟု ခင်ခင်က ပြောလေ၏။
ကျွန်ုပ်လည်း မှတ်သားလိုက်ရလေ၏။ ထို့ နောက်ခင်ခင်၏ အစ်ကိုလူနာအတွက် စောင့်ပေးရန် တာဝန်ယူလိုက်၏။ ကတ်ကြေးတစ်လက်လည်း ယူသွား၏။ သဲတစ်ဆုပ် ပဲတစ်ဆုပ်လည်း ယူသွား၏။ ခင်ခင်ပြောသည့်အတိုင်းလုပ်ထားလိုက်၏။ မည်သည့်အခြောက်အလှန့်မျှ မလာတော့ပေ။ ကျွန်ုပ်သည် ခင်ခင်ကို လွန်စွာကျေးဇူးတင်ရ၏။ လူနာဆေးရုံမှ ဆင်းသွားသောအခါ၌ ခင်ခင်သည် ကျွန်ုပ်အား တိုက်ပုံအင်္ကျီတစ်ထည် ၊ ယောပုဆိုးတစ်ထည်နှင့် ငွေ ၅၀၀ ကန်တော့လိုက်လေ၏။ ကျွန်ုပ်ကလည်း “နေပါစေ နေပါစေ” ဟုဆိုကာ ယူထားလိုက်လေ၏။
တစ်နေ့တွင် ခင်ခင်နှင့် ကျွန်ုပ်သည် တွေ့ကြပြန်၏။ ၎င်းက ကျွန်ုပ်အား... “ဘာတွေ အလုပ်များနေတာလဲ အစ်ကို ...” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က
“ဘာမျှအလုပ်မများပါဘူး ခင်ခင်ရယ် .. ကျုပ်ရဲ့ ရင်ဘတ်မှာ အနာကလေးတစ်လုံး ပေါက်နေတယ်။ အဲဒီအနာကို ဆရာဝန်ပြကြည့်တော့ ဆရာဝန်က ဒီနေ့ဆေးရုံမှာ ခွဲပေးမယ်လို့ပြောတယ်။ ကျုပ်ကလည်း နာမှာသိပ်ကြောက်တဲ့လူသားဗျ။ အဲဒါအတွက် ယောက်ယပ်ခတ်နေတာပါ” ဟု ပြောလိုက်ရာ ခင်ခင်က...
“အစ်ကို့ကို အနာသက်သာတဲ့ ဂါထာတစ်ခု သင်ပေးမယ်။ အဲဒါက ဘာလဲဆိုတော့ ဆွာဆွန်း” ဆိုတဲ့ ဂါထာကို (၈)ကြိမ်ရွတ်ပြီး အခွဲခံလိုက်ပါ။ အစ်ကို မနာဘဲခွဲပြီးတာကို အံ့သြဖွယ်ရာကို တွေ့စေရပါလိမ့်မယ်” ဟု ပြောလေ၏။
ကျွန်ုပ်လည်း ထိုနေက ဆေးရုံ၌ ခင်ခင်ပြောသည့်အတိုင်း ထွာဆွန်း” (၈) ကြိမ်ရွတ်၍ အခွဲခံ၏။ မည်သို့ဖြစ်သည်မသိ၊ ခွဲလို့ခွဲမှန်းပင် မသိပေ။ အနာအကျင် လုံးဝမရှိဘဲ ပြီးသွား၏။ ထို့ကြောင့် ကျွန်ုပ်စိတ်၌ ဒီမိန်းကလေးသည် အလွန်တော်သော မိန်းကလေးဖြစ်၏။ သို့သော် အများက ရှုပ်တယ်ဟု ပြောဆိုနေကြ၏။
ရှုပ်ရှုပ် မရှုပ်ရှုပ် ကျွန်ုပ်သူ့ကိုခင်၏။
မင်းသိခ်
စာစီ-ဇေယျာမိုး(မွန်းလေးဖေဖေ)