” အရိပ်မဲ့ ပန်း “(စ/ဆုံး)

 ” အရိပ်မဲ့ ပန်း “(စ/ဆုံး)

——————–

ဘုန်းကြီးကျောင်း အဝင်မုဒ်ဦး အရောက်တွင် ဖိနပ်ချွတ်ရင်း လှမ်းကြည့်လိုက်သောအခါ နတ်လမ်းစင်္ကြန်၏ အလယ်ဖြတ်လမ်းလေး၌ ထိုင်ပြီး ကားလမ်းမကို ငေးနေသည့် ကိုရင်ကလေး ကို ထုံးစံအတိုင်းတွေ့လိုက်ရသည် ။ ကျွန်မ အတွက်က တော့ ရိုးနေသည့် မြင်ကွင်းတစ်ခု ဖြစ်နေသည့်တိုင် သူ့အတွက်ကတော့ မရိုးနိုင်သည့် မျှော်လင့်ချက် များြဖင့် ရှင်သန်‌ေနသည့်နေရာ‌ေလး တစ်ခု ြဖစ်နေသည်။

တစ်နေ့နေ့ ဆိုသည့် မျှော်လင့်ချက်လေးက ကိုရင်လေး၏ မှိန်ဖျော့ဖျော့ မျက်ဝန်းနောက်မှာ တွဲလွဲခိုလျှက်ရှိသည်။ ဥဒဟို ဖြတ်သန်းနေကြသည့် ယာဉ်မျိုးစုံကို မနားတမ်း ကြည့်နေ‌ေသာ သူ့မျက်ဝန်းလေးများသည် ဖျော့တစ်ခါ လင်းတစ်လှည့် ။
ကျောင်း‌ေရှ့ကားလမ်းမကြီး‌ေဘးတွင် ဆိုင်ကယ်ကယ်ရီတစ္းစီးစီး ဖြစ်‌ေစ ၊ ခရီးသည်တင်ကားတစ်စီးစီးဖြစ်စေ ခဏတာ ရပ်တန့်လိုက်သည့် အခိုက်အတန့်လေးဆိုလျှင် ခါးကလေးကို ဆတ်ကနဲမတ်ပြီး ရင်ကလေးမောက်ကာ မျက်လုံးလေး တဖျတ်ဖျတ် တောက်ပြီး ကြည့်နေသည်မှာ အသက်ပင် ရှုလေသလား ထင်မှတ်မှားလောက်သည်။

ပြီးတော့လည်း ခါးလေးပြန်နှိမ့်ပြီး ခပ်လျော့လျော့ ကိုယ်ဟန်လေးြဖင့် မျက်တောင်လေး တဖျတ်ဖျတ်ခပ်ပြီး
ငြိမ်သက်သွားသည့် ပုံစံလေးက သနားစရာ ။ သူ နားခွင့်ရသည့် အချိန်အတော်များများကို သည်နေရာလေးမှာပဲ ကုန်ဆုံးစေခဲ့ပုံ ရသည်။ ဆန္ဒတွေအမြန်ဆုံး ပြည့်ပါစေ ကိုရင်လေးရယ် ။
ကျွန်မ သည်စာသင်တိုက်သို့ သူငယ်ချင်းတစ်ယောက်နှင့် ဆက်စပ်ပြီး‌ေကျာင်း၏ လိုအပ်ချက်လေးများ နိုင်သ၍ ကူဖြည့်ရင်း ကုသိုလ်ယူဖို့ အကြောင်းဖန်လာသည်ဖြစ်၍ ယခုနောက်ပိုင်း သည် စာသင်တိုက်သို့ အရောက်များလာခဲ့သည် ။ စစ်မှန်သော ဘုရားရိပ် တရားရိပ် သံဃာရိပ်က အမြဲအေးမြစေသည် ြဖစ်‌‌ေသာကြောင့် အရိပ်ကောင်းကို ခိုဖို့ကြိုးစားခဲ့ရင်း သူတို့ကလေးများနှင့်လည်း ရင်းနှီးလာခဲ့သည်။ သည်စာသင်တိုက်တွင် သံဃာ ရှစ်ဆယ််ကျော်ကိုးဆယ်နီးပါးရှိပြီး ကိုရင်ကလေးများ က ‌‌ေခြာက်ဆယ်နီးပါးခန့် ရှိသည်။
ကျွန်မကိုတွေ့လျှင် ကိုရင်ကလေးများက ” ဒကာမကြီး” ဟု အလုအယက် နှုတ်ဆက်တတ်ကြပြီး ၊ ကျွန်မကလည်း “ဘုရား “ဟု ပြုံးပြုံးရွှင်ရွှင် ပြန်ထူးရသည်ကို ကြည်ကြည်နူးနူး သဘောကျမိသည်။ ပျော်ရာမှာ နေရသလား၊ တော်ရာမှာနေရသလား မဝေခွဲနိုင်သည့် အရွယ်လေးများြဖစ်သည်မို့ ထိုကိုရင်ကလေးများ၏ သွားလာလှုပ်ရှားမှုလေးများကို ကြည့်ရင်း ဝမ်းနည်းဝမ်းသာ ခံစားမိသည်။
ကိုရင်ငယ်ဘဝမှ ငယ်ဖြူ ရဟန်းတစ်ပါးြဖစ်ဖို့ ခက်ခဲရှားပါး လာသည့်အချိန်အခါ‌ဖြစ်သောကြောင့် နောင်တစ်ချိန်တွင် သီလ သမာဓိ ပညာနှင့် ပြည့်စုံပြီး ဘာသာသာသနာအတွက် အားထားရသော ရဟန်းလောင်းလေးများ ပေါ်ထွက်လာပါစေဟု လည်း တိတ်တခိုး မျှော်လင့်ရင်း ဆုတောင်းမိသည်။
ကိုရင်လေးအများစုသည် များသောအားြဖင့် ဘဝမျိုးစုံ ကံမျိုးစုံြဖင့် သည်နေရာလေးတွင် ရေစက်ဆုံလာကြသည် ြဖစ်၍ သာသနာအတွက် စဉ်းစားရင်း အားလံုး ပျော်ကြပါစေ ဟုသာ ဆုတောင်းမိသည်။
ထို အားလုံးထဲကမှ တစ်ချို့‌ေသာ ကိုရင်လေးများ၏ ဘဝတစ်စိတ် တစ်ပိုင်းလေးများသည် စိတ်ဝင်စားစရာ ကောင်းသလို ကရုဏာသက်စရာ ဝမ်းနည်းစရာလည်း ကောင်းလှသည်။ အားလုံးသော အဖြစ်မျိုးစုံ ထဲတွင် ယခု ကိုရင်ကလေး အဖြစ်ကလည်း တစ်မျိုး တစ်ဘာသာ သနားစရာ စိတ်မကောင်းစရာ ဖြစ်သည် ။ ဘွဲ့အမည်လေးက ကိုရင် ဝိဇ္ဇောဒယ တဲ့။

အခန်း ၂

တစ်နေ့ အရုဏ်ဆွမ်းကပ်ပြီး၍ အိမ်ပြန်ဖို့ ဆွမ်းစားဆောင်ဘေးက ဖြတ်အပြန်တွင် ဖြတ်လမ်းဘေး သစ်ပင်ရိပ်တွင် ထိုင်နေသော ကိုရင်ကလေး ကို တွေ့လိုက်ရသည်။ ကျွန်မက နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်သော်လည်း သူကလေးက
ခပ်မှိန်မှိန်အပြုံးလေး ဖြင့် ကျွန်မထံသို့ ဖြေးဖြေးလေး လျှောက်လာလေသည်။
” ဒကာမကြီး ”
“ဘုရား …”
” ကိုရင် ဖုန်းလေး ဆက်ချင်လို့ပါ ၊ ဒကာမကြီးမှာ ဖုန်းပါရင်…ဒီဖုန်းနံပါတ်ကို ဆက်ပေးပါလား ”
“မှန်ပါ့…ဘုရား၊ ဆက်ပေးပါ့မယ်ဘုရား ”
လက်ထဲရောက်လာသည့် အခြေပြုသဒ္ဒါ ဆို‌ေသာ စာအုပ်အဟောင်းလေး၏ ရှေ့မျက်နှာစာရွက်မှာ မညီမညာရေးထားသော ခပ်မှိန်မှိန် ဖုန်းနံပါတ်လေး တစ်ခု။ ကျွန်မက ထိုနံပါတ်ကို တစ်လုံးခြင်း သတိထားပြီး နှိပ် လိုက်မိသည် ။ ကျွန်မ၏ လှုပ်ရှားမှုတိုင်းကို မျက်တောင်မခပ်ကြည့်နေသည့် သူ့မျက်လုံးလေးများသည် တဖျတ်ဖျတ် တောက်ပြီး ပြုံးနေလေ၏။
ကျွန်မက ဖုန်းကို နား နားက အသာခွာလိုက်ရင်း
” စက်ပိတ်ထားပါတယ် တဲ့ ကိုရင်” ရေဟု ဆိုသောအခါ စောစောက အမူအရာနှင့် ခြားနားစွာ ခေါင်းကို ခပ်လေးလေးညိတ်ကာ ကျွန်မအနားက မထွက်သေးပဲ ခပ်တွေတွေလေး ရပ်နေ‌ေလသည် ။ တစ်ခုခုပြောချင်နေ တာများလားဟု ခံစားမိ‌ေသာကြောင့်
“ကိုရင်လေး…တပည့်တော် ဖုန်း နောက်တစ်ခေါက် ခေါ် ပေးမယ်နော် ဘုရား ၊ စပီကာလည်း ဖွင့်ပေးမယ်ဘုရား ” ဟု
ဆိုတော့ ကိုရင်ကလေးက ပြုံးပြီး ခေါင်းကို ခပ်သွက်သွက်လေး ညိတ်ပြ လေသည်။

” လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် ရှင်”

မျက်လုံးလေးရော လူပါ အရုပ်လေးတရုပ်လို ငြိမ်သက်သွားသည့် ကိုရင်ကလေးကို ကြည့်ရင်း..

“ကိုရင်လေး…ဘယ်သူ့ဆီခေါ်တာပါလည်းဘုရား…တစ်ခြားနံပါတ်လေးများ ရှိသေးလားဘုရား”
ကိုရင်ကလေးက လှမ်းလက်စ ခြေလှမ်းကိုရပ်ပြီး အသံခပ်တိုးတိုးလေးဖြင့် ပြန်ဖြေလေသည်။
” အမေ့ ဆီ ဆက်တာပါ ဒကာမကြီး…တစ်ခြားနံပါတ်လည်း မရှိပါဘူး ” တဲ့။

“တင်ပါ့…အမေ မလာတာကြာပြီလားဘုရား ၊ လာမှာပေါ့ဘုရား ၊ အလုပ်မအားသေးတာ ဖြစ်မှာ ပါ ၊ နောက်ရက်ကျရင် တပည့်တော် ထပ်ခေါ် ပေး‌မယ်နော် ဘုရား ”
ကိုရင်လေးသည် ကျွန်မကို ခေါင်းမညိတ် ခေါင်းမခါပဲ ခပ်တွေတွေလေး ကြည့်ပြီး စာသင်တိုက်ဘက် အခြမ်းကို ခပ်ဖြေးဖြေး လေး လျှောက်သွားလေသည်။ ကျွန်မ သက်ပြင်းကိုအသာရှိုက်ရင်း စိတ်ထဲမှနေ၍ ကိုရင်လေး သနားပါတယ် ၊ အမေကို အောက်မေ့ရှာတယ် ထင်ပါရဲ့ဟု တွေးလိုက်မိသည် ။
အမေဖြစ်သူကလည်း ဖုန်းပျောက်သွားတာများလား၊ အလုပ်များနေတာလား ၊ နံပါတ်ပြောင်းသွားတာလား၊ ပြန်မသွားခင် ‌ စာချဆရာတော်တွေဆီက ဖုံးနံပါတ်လေးများ တောင်းယူသွားဖို့ သတိမရဘူးလား မသိဘူးဟု ကိုရင်ကလေးကို သနားစိတ်ဖြင့် အားမလိုအားမရ တွေး‌‌ေနမိသည်။
နောက် တစ်ပါတ်ခန့် အကြာတွင် ဆွမ်းစားဆောင်ရှေ့မှ ခုံတန်းလျားလေး တွင် ငြိမ်သက်စွာ ထိုင်ပြီး ကျောင်းပေါက်ဝ သို့ ငေးနေသော ကိုရင်ဝိဇ္ဇောလေးကို တွေ့ရပြန်ပါသည်။ သူ့အနားရောက်လာသည့် ကျွန်မကို ဖြတ်ကနဲ မော့ကြည့်ရင်း
“ဒကာမကြီး ပြန်တော့မလို့လား “ဟု မေးလေသည်။
” မှန်ပါ့ ဘုရား …အမေ့ဆီ ဖုန်းခေါ် ပေးရအုံးမလားဘုရား ” ဆိုတော့…
” ဒကာမကြီးအိမ်မှာ တစ်ခြားဖုန်းတစ်လုံး သတ်သတ် ရှိသေးလား ”
” ရှိပါတယ် ဘုရား ၊ ဘာဖြစ်လို့ပါလဲ ဘုရား”
” ဟိုလေ…အမေ့နံပါတ်ကို တစ်ခြားဖုန်းနဲ့ ခေါ်ကြည့်ပေးပါ လား ဒကာမကြီး ”
အို…ဖြစ်မှဖြစ်ရလေ ကိုရင်‌ေလးရယ် ၊
“ဟင်…မှန် …မှန်ပါ့ဘုရား ၊တပည့်တော် အိမ်ရောက်ရင် ခေါ်ကြည့်ပေးမယ်နော်ဘုရား” ။
“ဟုတ်ကဲ့ ဒကာမကြီး ၊ မနက်ဖြန်လာအုံးမှာလား ၊ ”
” လာမှာပါ ဘုရား ၊ လာမှာပါ ၊ တပည့်တော် တစ်ခြားဖုန်းတစ်လုံးလည်း ယူခဲ့ပါ့မယ်ဘုရား၊ ”
” ဟုတ်ကဲ့…”

အ ခန်း ၃

ကိုရင်လေးကို ကျောခိုင်းလိုက်ရင်း သက်ပြင်းကို ခပ်ဖြေးဖြေး မှုတ်ထုတ်လိုက်မိသည်။ မနက်ဖြန်အတွက် ပေးရမည့်အဖြေသည် ခုကထဲက အဆင်သင့်ရှိနေပြီးသားဖြစ်သည်။ သို့သော် … သူ့ဆန္ဒလေးဖြည့်ပေးဖို့အတွက် သူက‌‌ေလး ရှေ့တွင်ပဲ ဖုန်းခေါ်ပေး ရအုံးမည်။ ဘယ်ဖုန်းနဲ့ ခေါ် ခေါ် အဖြေကအတူတူပဲ ဆိုတာ တစ်နေ့ သိသွားခဲ့ရင် ကျွန်မကို နားလည်နိုင်မှာပါ ဟု
စိတ်မကောင်းစွာ တွေးလိုက်မိသည်။

နောက်တစ်နေ့တွင် ကိုရင်လေးသည် ဆွမ်းစားဆောင်ဘေး၌ လာကြိုစောင့်နေသည်။ မျှော်လင့်ချက်လေးကြောင့် များလားမသိ၊ မျက်နှာလေးက ပြုံးယောင်ယောင်လေး ဖြစ်လို့ နေသည်။ သက်ပြင်းကို တိတ်တခိုးချရင်း ဖုန်းခေါ် ပေး လိုက်သည်။ ကျွန်မ နှိပ်လိုက်သည့် ဖုံးနံပါတ်လေးကို မေးကလေးပင့်ပြီး ‌‌ေခြဖျားလေး‌ေထာက်ကာ ကြည့်ရင်း ပါးစပ်မှလည်း တိုးတိုးလေး လိုက်ရွတ်နေသည်။
ကျွန်မက သူ့ စိုးရိမ်မှုကိုသဘောပေါက်သည်မို့ နှိပ်ပြီးသား
နံပါတ်လေးကို ပြလိုက်သည်။ သူအလွတ်ရနေသည့် နံပါတ်ကိုကြည့်ရင်း စိတ်ကျေနပ်သွားသည့် အမူအရာလေးဖြင့် ပြုံးပြပြီး ခေါင်းလေးညိတ်ပြလေသည်။ ဖုန်းကို
စပီကာဖွင့်‌ေပးထားသည်မို့ စက်ပိတ်ထား ပါတယ် ဆိုသည့် အသံကို သူကလေး ပီပီသသ ကြားရလေသည်။

ဖုန်းမှပြန်ဖြေသည့် အသံကို ပင့်သက်လေးရှိုက်ပြီး နှုတ်ခမ်းလေးကို ကိုက်ထားရင်း လက်ခံနိုင်အောင် ကြိုးစား‌ေနပုံလေးက သနားစရာ ကောင်းလွန်းလှသည်မို့ ကျွန်မ ချက်ချင်း အားပေးဖို့ ကြိုးစားလိုက်သည်။ အရုပ်လေးတစ်ရုပ်လို ငြိမ်သက်တိတ်ဆိတ်သွားသော ကိုရင်ကလေးကို အသာပြုံးပြလိုက်ရင်း ၊

” အမေက ဖုန်းပျောက်သွားလို့များလား ကိုရင်ရယ် ၊ စာမေးပွဲပြီးရင် ဆရာတော့် ကို လျှောက်ပြီး ရွာကို ပြန်ပေါ့ဘုရား ၊ တပည့်တော် လမ်းစရိတ် လှုပါ့မယ်”
ကိုရင်လေးဆီက ခပ်မှိန်မှိန် အပြုံးလေးမှ တစ်ပါး စကားပြန်မလာ။
” ကိုရင် တို့က ဘယ်ရွာပါလည်းဘုရား ဝေးပါလား ၊ ဝေးရင်တစ်ယောက်ယောက်ကို လိုက်ပို့ဖို့ တပည့်တော် စီစဉ်ပေးမယ်လေ ဘုရား ”
ကိုရင်လေးက ခေတ္တမျှ ငြိမ်သက်နေရာမှ …
” ပန်းတနော်က နေ မော်တော်စီးသွားရတာ ၊ နည်းနည်းဝေးတယ် ဒကာမကြီး ၊ ကိုရင်တောင် သိပ်မမှတ်မိတော့ဘူး ”
“ရွာနံမည်ကော မှတ်မိလား ဘုရား ”

မှတ်မိတယ်ဟု ဆိုပြီး ရွာနံမည် တစ်ခုကို ခပ်တိုးတိုးရွတ်ပြလေသည်။

“ဪ…ပန်းတနော်နားက ( )ရွာ ဆိုရင် သိပ်မဝေးပါဘူး ဘုရား၊ ဒီကြားထဲ အမေ မလာဖြစ်‌ေသးရင် စာမေးပွဲပြီးတော့ ခဏပြန်ပေါ့ဘုရား ၊ ကိုရင်လေး မလျှောက်ရဲရင် ဆရာတော့်ကို ကိုရင်လေး ကိုယ်စား တပည့်တော် လျှောက်ပေးမယ်လေ၊ ဆရာတော် ခွင့်ပြုရင် ပြန်ဖို့ တပည့်တော် စီစဉ်ပေး မယ်လေဘုရား ”

” ကိုရင် အမေ့ကိုပဲ တွေ့ချင်တာပါ ၊
ရွာကိုတော့ မပြန်ချင်ဘူး ….ဒကာမကြီး”

“ဟင်…ဘာဖြစ်လို့ ပါလည်းဘုရား”

” ရွာမှာ ပြန်စရာ အိမ်မှ …မရှိတာ ၊ ပြီးတော့ အမေလည်း ရွာမှာ မရှိဘူး လေ၊ ”

” အို………”

အခန်း ၄

“ဟုတ်တယ် ဒကာမကြီး ၊ အဖေ မရှိတော့ အမေက ရွာကနေ အပြီးထွက်လာတာ၊ အဖေ့ကို စိတ်နာလို့လား မသိဘူး၊ အိမ်ကိုပါ အပြီး ဖျက်ခဲ့တာ ၊ အိမ်ဖျက်တုန်းက အမေအရမ်းငိုတာ မှတ်မိတယ် ၊ မော်တော်ပေါ် မှာလည်း ကိုရင့်ကို ဖက်ထားရင်းနဲ့ ငိုလိုက်တာ အရမ်းပဲ၊ ဒီမြို့ရောက်တော့ ကိုရင့်ကို ဒီကျောင်းတိုက်မှာ ခဏအပ်ထားခဲ့တာ ။ ညီလေးနဲ့ ရန်ကုန်ကို ခဏ ဆိုပြီး ထွက်သွားတာ။ ပြန် လာခေါ် မယ်လို့ သေချာ ‌‌ေပြာ သွားတာ ။
တစ်နှစ်လောက်ကြာတော့ တစ်ကယ် ပြန်လာတယ် ၊ သူ ရန်ကုန်မှာ ဈေးရောင်းနေတယ်တဲ့ ၊ ရှေ့နှစ် အိမ်ငှားပြီးရင် လာခေါ်မယ်တဲ့ ၊ အခုက သူများအိမ်မှာ ကပ်နေရတာမို့ပါတဲ့ ။ စိတ်ချတဲ့ အမေ ဆက်ဆက်လာခေါ် မှာလို့ ပြောသွားတာ။
ပြီးတော့ ဒီဖုန်းနံပါတ်လေး ရေးပေးခဲ့တာ ၊ သတိရရင်ဖုန်းဆက်တဲ့ ၊ ညီလေးကို သူများနဲ့ အပ်ထားခဲ့လို ဆိုပြီး နေ့ခြင်း ပြန်သွားတာ ခုထိပဲ ၊ ဒီတစ်မိုးဆိုရင် သုံးနှစ်‌ ပြည့်ပြီ လေ ၊ ခုထိ လာမခေါ်သေးဘူး …၊ ပြန်လာခေါ် မယ်လို့ သေချာ‌‌ေပြာ သွားတာ ၊ ခုကျ…ဖုန်းကလည်း ခေါ် လို့ မရဘူးလေ…”
ရင်ထဲက လှိုက်ကနဲ တက်လာတဲ့ သနားစိတ်ကြောင့် အားပေးမည့် စကား ချက်ခြင်းရှာ မတွေ့။ ကိုရင်လေးက ခပ်တိုးတိုးလေး ဆက်ပြောနေပုံလေးက ရင်နာစရာ ကောင်းလှသည် ။
” ခုနေ ဖုန်းဆက်လို့ရရင်တော့ အမေ့ကို ပြောချင်တာပါ ၊ အမေ လာခေါ်ရင်လည်း ကိုရင် မလိုက်တော့ပါဘူးလို့ ၊ ကိုရင်ဒီမှာပဲ စာဆက်သင်မှာပါ ၊ ဒါပေမဲ့…အမေ့ကို အောက်မေ့လို့ ၊ အမေရှိသေးရင် ခဏလေးဖြစ်ဖြစ် တွေ့ချင်လို့ပါလို့ ၊ နောက်ပြီး ညီလေးကို လည်း တွေ့ချင်တာ အရမ်းပဲ အောက်မေ့လို့လေ ”
အမလေး ကိုရင်‌ေလးရယ်၊ အားပေးမည့်သူ က မျက်ရည်အနိုင်နိုင်ထိန်းရင်း အားပေးဖို့ မနည်းကြိုးစားရသည်။ စကားသံက တော်တော်နှင့် ထွက်မလာ….

” လာမှာပါ ကိုရင်ရယ် ၊ အကြောင်းတစ်ခုခုရှိလို့ နေမှာပါ၊ မိခင်စိတ်ဆိုတာ အင်မတန် ပြင်းထန်တာ ၊ သားသမီးကို ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် လာတွေ့မှာပါ ၊ ကိုရင့်အမေ လာဖို့ အဆင်မပြေသေးလို့ ဖြစ်မှာပါ ၊ အမေ့ကို ယုံတယ် မဟုတ်လား”
” ယုံပါတယ် ၊ ပြန်လာမယ်ဆိုတော့ မျှော်မိတာ ပါ ။ ဒီတစ်ခါလာရင်တော့ ကပ္ပိယကြီးကို ဓါတ်ပုံရိုက်ခိုင်းရမယ် ။ ဒါမှ အောက်မေ့ရင် ထုတ်ကြည့်လို့ရမှာ ။ နောက်ပြီးတော့ ပြီးခဲ့တဲ့ရက်က အမေ့ကို အိပ်မက် မက်သေးတယ် ။ ကျောင်းပေါက်ဝကနေ ကျောင်းထဲ ဝင်လာတာတွေ့လို့ ကိုရင်ပြေးကြိုတာလေ ၊ အနားရောက်တော့ အမေမဟုတ်တော့လို့ ငိုရသေးတယ်”။
“အို…ဟုတ်လား…ကိုရင် စိတ်စွဲ နေလို့ပါ၊ ဒါဆို နမိတ်ကောင်းတာပေါ့ဘုရား ၊ အမေလာခေါ် ခါနီးပြီ ဆိုတဲ့ သဘော ပေါ့ ။ ဟော…သံချောင်းခေါက်ပြီ ကိုရင်တို့ စာအံရတော့မယ် ”
” ဟုတ်ကဲ့ သွားတော့မယ် နော် ”

ခုံတန်းလျားပေါ် မှ ဆင်းပြီး ခပ်ဖြေးဖြေး
‌ေလျှာက်သွားသော ရှစ်နှစ်အရွယ် ကိုရင်လေး၏ ဝေဒနာကို ခန့်မှန်းရင်း ၊ ငါ့သားလေးသာ ဆိုရင် ဆိုတဲ့ စိတ်နဲ့ရင်ထဲ သိမ့်ကနဲ ခါသွားမိတာ အမှန်ပါ။

နောက်ပိုင်း ကျောင်းမှာ ဦးဇင်းတစ်ချို့ နှင့် စကားစပ်မိသောအခါမှ အကြောင်းစုံ
သိရလေ‌ေတာ့ သည်။ စာချဆရာတော်က မိန့်သည်မှာ စိတ်မကောင်းစရာ။ အဲ့ဒီ ဖုံးနံပါတ်လေးပြပြီး ဖုန်းခေါ်ခိုင်း‌ေနတာ ကြာလှပြီတဲ့၊ လူကြုံက တစ်ဆင့် ကြားတာတော့ သူ့အမေ က ဆုံးသွားသလိုလို ဘာလိုလိုတဲ့ ဒကာမကြီး ၊ ဘယ်သူကမှ မသေချာလို့ သူ့ကို ဘာမှမပြောရဲဘူး ဖြစ်နေတာ ။
ဦးဇင်းတို့လည်း သူတို့ ရွာဘက်တော့ စုံစမ်းထားတာပဲ။ ခက်တာက ရွာနဲ့ပါ သူ့အမေက အဆက်ဖြတ်ထားပုံ ရတယ် ။ ရန်ကုန်မှာ ဆုံးသွားပြီလို့လည်းပြောကြတယ်၊ ခုက သူ့ညီလေး သတင်းပါ မရဘူးဖြစ်နေတာ ။ ကပ္ပိယကြီးကိုလည်း စုံစမ်းခိုင်းထားပါတယ် ။
ဪ…ဖြစ်ရလေ ကိုရင်လေးရယ်၊ သူကလေးကို ဘယ်လိုကူညီပေး ရပါ့မလည်း ၊ နောက်တစ်ခေါက်တွေ့ရင် ဘယ်လိုများ နှစ်သိမ့်ပေးရပါ့မလည်း ဟု စိတ်မသက်သာစွာ တွေးနေမိသည်။

အခန်း ၅

သည်နေ့တော့ ကိုရင်ကလေးက ကျွန်မကို ကျောင်း‌ေပါက်ဝအထိ လာကြို‌ေလသည်။ ပုံမှန်ထက် ထူးဆန်းသော အမူအရာမျိုးလေးကို တွေ့ရသည်။ ကျွန်မကလည်း သူကလေး စိတ်အပြောင်းအလဲလေး ဖြစ်ပါစေတော့ရယ်လို့ ဇာတ်နိပါတ်တော် စာအုပ်‌ေလးမျ ား ရှာ၍ ငှားပေးထားသည် ။ သူက‌ေလးက ဖတ်ပြီး‌ေသာ စာအုပ်လေး နှစ်အုပ်အား ကျွန်မကို ပြန်ပေးသည်။ ဖတ်လို့ကောင်းလားဟု မေးသောအခါ ကောင်းတယ် နောက်ရှိ‌ေသးရင် ဖတ်အုံးမယ်ဟု ဆို‌ေသး၏။
ကိုရင်လေးနှင့် ကျွန်မ စကားပြောနေစဉ် ဖုန်းလာ၍ ကြည့်လိုက်သောအခါ သားဆီက ဖြစ်သည် ။ ကိုရင်ကလေးကို ဖုန်းလေးပြရင်း ဖုန်းပြောလိုက်အုံးမယ်ဘုရားဟု ဆိုသောအခါ ဘယ်သူ့ဆီကလည်းဟုမေးသည်။ သားဆီကပါဘုရား ဟုဆိုသောအခါ ပြုံးပြီး ခေါင်းညိတ်ပြသည်။

“အေး…သားရေ” ဟု ဆိုပြီး သားနှင့် ဖုန်းပြောနေချိန်တွင် သူကလေးက မလှမ်းမကမ်းမှနေ၍ ပြုံးပြီး ကြည့်နေရှာသည်။ သားနှင့် ဖုန်းပြောရင်း ပြုံးမိတာလည်းရှိသလို ရီမိတာလည်းရှိသည်။ ပါတ်ဝန်းကျင်ကိုလည်း ခေတ္တ မေ့သွားသည်က အမှန်ဖြစ်သည် ။ ဖုန်းပြော
ရင်းမှ ကိုရင်ကလေးကို ကျွန်မ မျက်‌ေစ့ရှေ့တွင် မတွေ့မိသောအခါ ကျောင်းဆောင်ထဲပြန်ဝင်သွားပြီ ဟု ထင်လိုက်မိသည်။
အမှန်တစ်ကယ်က သူကလေးသည် ကျွန်မနောက်နားမှာ ရပ်နေတာဖြစ်သည် ။ စိတ်ထဲတွင် တစ်မျိုးဖြစ်သွားသော်လည်း သူများဖုန်းပြောသည်ကို နားမထောင်ရဘူးဆိုသည့် စည်းကမ်း‌ ကျင့်ဝတ်တွေလည်း သူ့တို့ ခမျာ ဘယ်နားလည် ပါ့မလည်းဟု ‌ဖြေတွေး‌ေလး တွေးလိုက်မိရင်း ကိုရင်လေးကို နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလိုက်မိသည်။

သည်ကနေ့ တန်းဆွမ်းလောင်းသည့်အချိန်တွင် ကျွန်မမျက်နှာကို ကွက်ကြည့်ကွက်ကြည့် ဖြင့်သူ့မျက်နှာလေးက ပြုံးယောင်ယောင်‌ လျော့တိလျော့ရဲလေး ဖြစ်နေသည်။ ဆွမ်းစားပြီးသည့်အချိန်၌လည်း ကျွန်မနှင့် ခပ်လှမ်းလှမ်းမှ နေ၍ ဝေ့လည်လည် လုပ်နေသည်။ ဘာများပြောချင်လို့ ပါလိမ့် ။
ဆွမ်းစားကျောင်း ဝေယျာဝစ္စ သမားများ ပြန်သောအခါ ကျွန်မလည်း အိမ်ပြန်ရန် ဆွမ်းချက်ဆောင်ဘေးမှနေ၍ ထွက်လိုက်သည် ။ ထိုစဉ် နောက်မှနေ၍ ဒကာမကြီး ဆိုသော ခေါ် သံ တိုးတိုးလေးကြောင့် လှည့်ကြည့်လိုက်သောအခါ ခပ်ရွံ့ရွံ့အမူအရာလေးဖြင့် ရပ်နေသည့် ကိုရင်ဝိဇ္ဇောလေးကို တွေ့လိုက်ရသည် ။
” ဪ…ကိုရင်လေး…ဘာများ မိန့်ချင်လို့ပါလည်းဘုရား ”

” ဟုတ်…‌‌ေပြာချင်တာလေး ရှိလို့ပါ” ဟု‌
‌ခပ်တိုးတိုးလေး‌ပြော
ရင်း ကိုရင်လေးက ဘေးဘီ ဘယ်ညာ ကြည့်ပြီး ကျွန်မအနီး သို့ လျှောက်လာသည် ။
ကိုရင်လေးက နှုတ်ခမ်းလေးကို ကိုက်ထားရင်းပြောမည့်စကား ကို မပြောပဲ တုံဏှိဘာဝေ ရပ်နေလေသည်။ ကျွန်မကလည်း ဘာများပြောချင်ပါလိမ့်ဟု စဉ်းစားနေရင်းမှ …
” ကိုရင်လေး …မိန့်ပါဘုရား အားမနာပါနဲ့ တပည့်တော် ကူညီနိုင်တာ ဆို ကူညီပါ့မယ် ဘာများပါလိမ့်ဘုရား ”
သူကလေးက မျက်တောင်လေး တဖြတ်ဖြတ်ခပ်ပြီး…အားတင်းလိုက်ဟန်တူပါသည်။
” ဒကာမကြီး…ဘယ်သူ့ကိုမှပြန် မပြောပါနဲ့နော် ၊”
“မပြောပါဘူးဘုရား…ဘာများလိုအပ်လို့ပါလဲ…ဘုရား ”
‌သူ့ ခေါင်းလေးကို အသာခါရင်း
“ဘာမှ မဟုတ်တော့ပါဘူး ” ဟု ဆိုပြန်သည်။
ကိုရင်ကလေးကြည့်ရသည်မှာ ‌ပြော
ဖို့ရာ အတော်ခက်နေသည့် ပုံ‌စံ‌ေလးကြောင့်…
“မိန့်ပါ ဘုရား၊ တပည့်တော်ကို အားမနာပါနဲ့ဘုရား ၊ ထိုက်သင့်တာ ဆို စီမံပေးပါမယ်ဘုရား”
” ဆရာတော်တို့ ကပ္ပိယကြီးတို့ ကို လည်း …ပြန်မပြောပါနဲ့ နော် ဒကာမကြီး ”

“တင်ပါ့….ဘာများပါလိမ့်ဘုရား”

ကိုရင်ကလေးက သူ့ခါးနားက သင်္ကန်းစလေးကို လက်ညှိုးနဲ့လက်မကြားမှာ တင်းနေအောင် ပွတ်ချေ‌ေနရင်းမှ…

“အင်း….ဟို…လေ …ဒါဆိုရင်…”

ခပ်တိုးတိုးလေး ထွက်လာသည့် စကားသံလေးက …အဖျားခတ် တုန်ယင်လျှက်…မျက်ရည်ဝဲနေသည့် မျက်ခမ်းသားလေးများက တဆတ်ဆတ်တုန်လျှက်…
” ဟို…လေ……ကိုရင့်ကို…ကိုရင့်ကို…
. ” အို…. ”
ကျွန်မကတော့ သိမ့်ကနဲ ခုန်သွားသည့်နှလုံးသားနှင့်အတူ …စိမ့်ကနဲ တက်လာသည့် မျက်ရည်များကို…ထိမ်းထားနိုင်စွမ်း မဲ့သွား ခဲ့လေပြီ ။

” …ကိုရင့်ကို…သားလေးလို့ …တစ်ခါလောက် ခေါ်ပေးပါလား…ဒကာမကြီးရယ် ” တဲ့ ။

“အမလေး…ကိုရင်လေးရယ်…..”

#သဇင်နီနီ