"လူသေနို့စို့၍အသက်ရှင်လာသူ"

လူသေနို့စို့၍အသက်ရှင်လာသူ”(စ/ဆုံး)

 
သူ့အမည်မှာ မချုံ၊ ချုံကြီးတစ်ခုထဲမှာ အသက်ရှင် လူဖြစ်လာရလို့ မချုံ..။
“အမ်းမား ထရိန်းသျှဝပ်သျှာနီ ပူးရ်ဏားနီမမဆန်တိကံ ပေါနာဂမန ကာလိုးဆီ – ဧးဟိအဓယဒေသျှံ-ဂမိတ်သျှာမား”
မချုံမှာ သူ့ခင်ပွန်း ကိုရူပ၏ နံဘေးတွင် အိပ်ပျော်နေရာမှ သူကြားဖူး သော ကုလားစကားမျိုးမဟုတ်သည့် ကုလားပြောသော စကားသံကြီးကို ကြားလိုက်မိသည်။ သူ နိုးနေခြင်းမဟုတ်၊ အိပ်မောကျနေခြင်းလည်း မဟုတ်။
“မမ- ဆန်တိကံ – ပေါနာဂမန – ကာလိုးဆီ – ဧးဟိ – မေဓယဒေ လျှံဂမိတ်သျှာမား”
စကားသံ၏ဒုတိယနှင့် တတိယအပိုဒ်ကိုပီပီသသကြီးကြားလိုက်ရပြန်
သည်။ သူကြောက်သလိုလိုနှင့် အံ့အားသင့်သွားသည်။

“ဟင် … ဒီစကားမျိုး ငါ မကြားဘူးပါလား။ အို – မကြားဘူးပေမဲ့ ငါ နား လည်တယ်”
သူ-ထိုသို့ စဉ်းစားနေခိုက်မှာပင် ဟိန္ဒူယောဂီကြီးတစ်ဦး၏ သဏ္ဌာန် သည် အိပ်မက်တွင်းဝယ် ပေါ်၍လာသည်။
“အမ်းမား – ထရိန်းသူဝပ်သျှာနီ ပူးရ်ကားနီ- မမဆန်တိကံ-ပေါနာဂ မန-ကာလိုးဆီ – ဇးဟိ – မဓယဒေသျှံ ဂမိတ်သျှာမား”
ဟုပြောလိုက်ပြန်သည်။
“ဟောတော့ – ငါ နားမလည်တဲ့ စကားတွေနဲ့ ပြောနေပြန်ပြီဟင် – ဒီ စကားမျိုး ငါမကြားဘူးပေမဲ့ ငါ နားလည်နေပါလား”
အိပ်မက်ထဲကဟိန္ဒူယောဂီကြီးပြောသောစကားမှာဟိန္ဒီလည်းမဟုတ်၊
သက္ကတလည်းမဟုတ်၊ မာဂမီခေါ်ပါဠိစကားပင်ဖြစ်သည်။ သူ့ဒေသအသံနှင့် ပြောနေသဖြင့် ဟိန္ဒူလိုလိုသက္ကတလိုလို ထင်ရခြင်းသာ –
“အင်း- သူ ပြောတဲ့စကားမျိုး ငါ မကြားဘူးပေမဲ့ ငါ နားလည်တယ်။ သူဟာငါ့ကိုလာပြီး ခေါ်နေတာပဲ”
“သမီး နှစ်ပေါင်း (၃၀) ပြည့်သွားပြီ။ ငါ့ဆီ ပြန်လာဖို့ အချိန်ကျပြီလေ။ လာ-လာ-မဇ္ဈိမဒေသကို သွားကြမယ်တဲ့။ သူ ပြောတာတွေ ငါ အကုန် နားလည်နေပါလား”
သူအိပ်မက်ထဲမှာပင်မျက်လုံးပြူးလျက်ယောဂီကြီးအားကြည့်နေမိရာ
ယောဂီကြီးတစ်ဦး ခေါင်းတညိတ်ညိတ်ဖြင့် ပြုံးပြီး ပြန်ကြည့်နေသည်။ ဟိန္ဒူယောဂီကြီးအား အဝတ်ဖားလျား ပါးချိုင့်ချိုင့်၊ ပါးသိုင်းမွေး၊ မုတ် ဆိတ်မွေးရှည်စွာနှင့် ဆံပင်ကို ခေါင်းအလယ်မှာ အထုံးကြီးထုံးထားသည်။ လည်ပင်းမှာလည်း ဆီးဖြူသီးကြီးတွေလောက်ရှိသော ပုတီးလုံးကြီးတွေကို ဆွဲထားသည်။ တုတ်ကောက်ကောက်ကြီးကို ကိုင်ထားသည်။
မချုံ-ကြောက်သလိုလိုဖြစ်လာကာ “အမေရေ-လုပ်ပါဦး။ ကုလား
ဘုန်းကြီးကြီး ကျွန်မကို လာခေါ်နေတယ်”ဟု အသံကုန် အော်လိုက်သည်။

သူ့အသံမှာပီသစွာ ထွက်မလာပဲဝူးဝူးဝါးဝါးဖြစ်နေသည်။ ကိုရူပလန့်နိုး ကာ ဘာဖြစ်တာလဲဟုမေးရင်း သူ့ကို လှုပ်နှိုးလိုက်သည်။
သူတို့အသံကြောင့် အမေအို ဒေါ်တုတ်ပါ နိုးလာကာ သူတို့ဆီ ရောက် လာသည်။
“ဘာဖြစ်တာတုံး – သမီး”
မချုံက အိပ်မက်အကြောင်း ပြောပြသည်။ သူ့အမေအိုက အတန်ငယ် စဉ်းစားသလိုလုပ်ပြီး အထွေအထူးမပြောဘဲ –
“ကဲ-ကဲ- အိပ်ကြ-အိပ်ကြ-အိပ်မက်ဆိုတာ ဘာရယ်မဟုတ်ဘူး။ မက်ချင်သလို မက်တာပေါ့”
ဤမျှပြောကာ ပြန်ထွက်သွားသည်၊ မချုံမှာ မိုးလင်းအထိ အိပ်၍မရ တော့။ သူတို့မိသားစုမှာ တောင်ငူတွင်နေကြသည်။ သူ့ဖခင် ဦးတလုပ်ရှိစဉ် ကတည်းကပင် တောင်ငူမှာ သစ်လုပ်ငန်းဖြင့် ကြီးပွားနေခြင်းဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်ခန့်က သူ့ဖခင် သေဆုံးသွားခဲ့သည်။
မချုံမှာမည်သို့ပင်စိတ်ဖြေစေကာမူ ဖြေ၍မရ။ ထိုအိပ်မက်ကို (၇)ညဉ့် တိတိ ဆက်၍မက်နေသောကြောင့် ဖြစ်သည်။
မိခင်အို ဒေါ်တုတ်မှာ မနေသာတော့ဘဲ ကိုရူပနှင့် မချုံကိုခင်မင်ရင်းနှီး လှသည့် ဦးမြတ်သာဒွန်းရှိရာ ရန်ကုန်သို့ လွှတ်လိုက်ရသည်။
ဤတွင် ဤဇာတ်လမ်းကို မှတ်တမ်းတင်ခဲ့သူ ဆရာနန္ဒက သူနှင့် သူ့ ဆရာကြီးအကြောင်းကိုရော မချုံတို့နှင့် သူ့ဘကြီးအိမ်တွင် ဆုံခဲ့ရပုံများကိုပါ ဆက်လက်ဖော်ပြပြန်သည်။
ကျွန်တော် မောင်နန္ဒသည် အသက် (၂၀)ခန့်က ရန်ကုန်မြို့ ကုက္ကိုင်း ဘက်ရှိ ဘကြီးဖြစ်သူ ဦးမြတ်သာဒွန်းအိမ်တွင်နေထိုင်ရင်း ဘာသန္တရစာပေ နှင့် သိပ္ပံပညာရပ်များကို ဆည်းပူးခဲ့ရသည်။

ထိုစဉ်ကအကြောင်းအရာများကိုဖော်ပြရပါမည်။ ထိုသို့ဘာသန္တရစာပေ နှင့် သိပ္ပံပညာရပ်များကို လေ့လာနေခိုက် ဒေါက်တာဒတ်စ်ခေါ် ဗုဒ္ဓဘာသာ ကုလားဆရာဝန်တစ်ဦးကို ဘကြီး၏ကျေးဇူးကြောင့် သိကျွမ်းရင်းနှီးခဲ့ရပေ သည်။ ကျွန်တော်လည်းမိဘများထံခွင့်ပန်ကာ ဒေါက်တာဒတ်စ်နှင့် (၇)နှစ် ကျော်မျှ နေခဲ့ရပေသည်။
သူကား ယခုဖော်ပြမည့် ပဌမံ ဦးကုလားပင်ဖြစ်သည်။ မည်သို့လျှင် ကုလားဆရာဝန်တစ်ယောက် ဗမာပဌမံ ဆရာကြီးဖြစ်လာရပါသနည်း။
တစ်နေ့တွင် သူ့ဆေးတိုက်သို့ ပေါင်တစ်ဖက်ယောင်ကိုင်းနေကာ အမယ်လေး အော်နေရသော အသက် (၄၀)ခန့် လူကြီးတစ်ယောက်လာ သည်။ ဒေါက်တာသည် သက်သာအောင်ပြုစုကာ ခွဲစိတ်ရမည့် လူနာ ဖြစ်သဖြင့် သူ့အိမ်တွင် လက်ခံထားလိုက်သည်။
လူနာမှာ မသက်သာ ညည်းတွားအော်ဟစ်နေသဖြင့် ခွဲစိတ်ဖို့ ပြင်ဆင် နေခိုက် ဟောင်းနွမ်းသောသစ်ခေါက်ဆိုး သင်္ကန်းနှင့် လွယ်အိတ်ကိုလွယ် ကာ စိပ်ပုတီးကြီးတစ်ကုံးကို လည်ပင်းတွင်စွပ်လျက် တောင်ဝှေးကိုင်ပြီး ကြွလာသော ဘုန်းတော်ကြီးတစ်ပါး ရောက်လာသည်။ “ဘာကို အလိုရှိလို့ ကြွလာပါသလဲ ဘုရား”
ဒေါက်တာက မြန်မာစကားပီသစွာ ပြန်လျှောက်ထားလိုက်သည်။ “အင်း – ဒကာကြီး သတင်းကြားရတဲ့အတွက် ပုပ္ပါးသွားဖို့ ခရီးစရိတ် ဝတ္ထုငွေများ အလှူခံဖို့လာတာပါ ဒကာဆရာဝန်ကြီး”
ထိုအတွင်း လူနာအဖိုးကြီး၏ ညည်းတွားသံကို ကြားလိုက်ရသည်။ “အလို-ပယောဂရဲ့သဒ္ဒလက္ခဏာပါကလား”
ဘုန်းတော်ကြီးက ဤသို့ပြောပြီး တစ်ဆက်တည်းပင် –
“ဒကာဆရာဝန်ကြီးရဲ့ လူနာကို ကျုပ် ကြည့်ပါရစေ” ဟု ပြောလိုက် သည်။ ဒေါက်တာလည်း ဘုန်းတော်ကြီးကို လူနာဆီသို့ ခေါ်သွားသည်။ ဘုန်းတော်ကြီးက လူနာကိုမြင်လျှင် စုတ်သပ်လျက် ပယောဂဖြစ်ကြောင်း ပြောလိုက်သည်။

လူနာ၏ပေါင်ကို ခွဲစိပ်ပြီးလျှင်ပင် လူနာလည်း အညည်းရပ်ကာ လန်း ဆန်းလာသည်။ ဒေါက်တာလည်း လူနာအတွက် လုပ်စရာများ လုပ်ပေးပြီး ဘုန်းတော်ကြီးနှင့်အတူ အပြင်သို့ထွက်ခဲ့သည်။
ဒေါက်တာကပယောဂအကြောင်းမေးမြန်းလျှောက်ထားရာ ဘုန်းတော်
ကြီးက ရှင်းလင်းပြောပြသဖြင့် ဒေါက်တာက စိတ်ဝင်စားလာသည်။ ဒေါက်တာသည် ဘုန်းတော်ကြီးအားထိုနေ့အတွက်ဆွမ်းကပ်သည့်ပြင် လိုအပ်သည်များကို လှူဒါန်းလိုက်လေသည်။ ထိုဘုန်းတော်ကြီးနှင့်အတူ လူနာအဘိုးကြီးလည်း ကပ္ပိယအဖြစ် လိုက်ပါသွားသည်။ နောက်တစ်နှစ်မျှအကြာတွင်ကား ဒေါက်တာဒတ်စ်လည်း ဘုန်းတော် ကြီးရှိရာ ပုပ္ပါးသို့လိုက်ပါသွားတော့သည်။
ဤမှတ်တမ်းရေးသူ ဆရာနန္ဒနှင့် တွေ့ဆုံကြရသောအချိန်တွင်မူ ဒေါက်တာဒတ်စ်ကို ဆရာဝန်အဖြစ် တွေ့ရခြင်းမဟုတ်ပေ။ လည်ပင်းမှာ စိပ်ပုတီးနှင့်တောင်ဝှေးတစ်ချောင်းကိုကိုင်ထားသောပဌမံဦးကုလားအဖြစ်
တွေ့ရခြင်းဖြစ်သည်။
ဟိန္ဒူယောဂီကြီးတစ်ဦး၏ မနောမယပညာရပ်ဆိုင်ရာ သမီးတစ် ယောက်ဖြစ်သောလူသေ၏နို့နှင့် အသက်ရှင်နေခဲ့ရသည့် မချုံ။ ချုံကြီးထဲမှာ လူဖြစ်ခဲ့ရသော မချုံ။ ဤဇာတ်လမ်းအစတွင် ပါခဲ့သော မချို၏အကြောင်း ကိုဦးမြတ်သာဒွန်းအိမ်တွင် တွေ့ကြုံခဲ့ရသမျှ ဖော်ပြရသော်- ထိုနေ့ကား ဆရာကြီး ပဌမံဦးကုလားနှင့် ဆရာနန္ဒတို့ ဘကြီး ဦးမြတ် သာဒွန်း အိမ်သို့ရောက်ရှိပြီး (၂) ရက်ခန့်တွင် ဖြစ်သည်။
ကိုနန္ဒ – ဆရာနန္ဒမှာ ဘာသန္တရ စာပေ – သိပ္ပံပညာရပ်များသာမက ရူပလက္ခဏာ-ဟတ္တလက္ခဏာ – သဒ္ဒလက္ခဏာတို့နှင့်တကွ သျှတ္တရကျမ်း၊ ဝေဒကျမ်း စသည်များကို အနောက်နိုင်ငံ ပညာခန်း၊ မဇ္ဈိမဒေသပညာခန်း များနှင့်တကွ ပေါက်မြောက်သင့်သလောက် ပေါက်မြောက်ခဲ့ပြီးဖြစ်သည်။

ဆရာကြီးပဌမံဦးကုလားကား ဝိဇ္ဇာမယပညာရပ်များသာမကထိုပညာ ရပ်များကိုပါ သင်ပြပေးသူဖြစ်သည်။ ဆရာနန္ဒကား ဆရာကြီးနှင့်အတူမြန်မာ နိုင်ငံ တောကြီးတောင်ကြီး အနှံ့အပြားသို့လည်းကောင်း၊ အိန္ဒိယ၊နီပေါ၊ တိဘက်တို့သို့လည်းကောင်း ရောက်ရှိခဲ့ရာမှ သူ့ဘကြီးအိမ်သို့ ပြန်လည် ရောက်ရှိစပင်ဖြစ်သည်။
ဆရာကြီးကား မည်သူ့ကိုမဆို အဘိုးအခမယူဘဲ ကုသပေး၏။ ဟော ပြောပေး၏။ အဆောင်အယောင်များလိုအပ်က ပေး၏။ သို့သော် သူ၏ လျှို့ဝှက်လိုမှုကြောင့် ဘကြီးဦးမြတ်သာဒွန်းမှာ သူနှင့်ရင်းနှီးသူများ အရေး ကိစ္စရှိသည့်အခါများ၌ ထိုမိတ်ဆွေများအား ဆရာကြီးအကြောင်းကိုမည်သူ မျှမပြောရန် နှုတ်ပိတ်ပြီးမှ ခေါ်လာတတ်သည်။ ထိုစဉ်မှာပင် ဤဇာတ်လမ်း အစတွင် ပါရှိခဲ့သော မချုံတို့လင်မယား ရောက်ရှိလာခြင်းဖြစ်သည်။
ဘကြီးလည်း မချုံတို့ လင်မယားကို အပေါ်ထပ်ရှိ ကျွန်တော်နှင့် ဆရာ ကြီး နေရာအခန်းသို့ ခေါ်လာခဲ့သည်။ “ဘယ်လိုကိစ္စလဲ- ဦးမြတ်သာဒွန်း”
“ဒီသူငယ်မ အိပ်မက် မက်လွန်းအားကြီးနေလို့ပါ ဆရာ”
“အင်း – သူက ဘယ်သူလဲ၊ ဘာလိုကိစ္စနဲ့ ရောက်လာတာလဲ”
“သူက – ကျွန်တော့်သမီးပဲဆိုပါတော့ဆရာ။တောင်ငူကညီရင်းအစ်ကို ပမာဖြစ်တဲ့ ဘိုးတလုပ်ရဲ့ သမီးပါ။ ကိစ္စက သေရေးကိစ္စဖြစ်နေပါတယ် ဆရာ”
“ကိုင်း – အကျိုးအကြောင်း ပြောစမ်းပါဦး – မိန်းကလေး”
“ပြောပါမယ် – ဆရာကြီး၊ လွန်ခဲ့တဲ့လက အိပ်မက်တစ်ခုမက်ပါတယ်။ အဝတ်ဖားလျား၊ ပါးချိုင့်၊ ပါးသိုင်းမွေး၊ မုတ်ဆိတ်မွေးအရှည်ကြီးနဲ့ ဆံပင်ကို ခေါင်းအလယ်မှာ အထုံးကြီးထုံးထားတယ်။ တုတ်ကောက်ကောက်ကြီးကိုင် လို့။ လည်ပင်းမှာလည်း ဆီးဖြူသီးလောက်ရှိတဲ့ ပုတီးလုံးကြီးတွေ ဆွဲလို့၊ ကုလားဘုန်းတော်ကြီးတစ်ယောက် ပေါ်လာပြီး သူ့နေရာလိုက်ဖို့ လာခေါ် တယ်လို့ မက်ပါတယ်”

“ခေါ်ရုံပဲလား၊ ဒီပြင် ဘာတွေပြောသေးလဲ”
“နင်ဟာ ငါ့သမီးဖြစ်တယ်။ ငါ့ဆီလာဖို့ အချိန်ကျနေပြီ။ သုံးလအတွင်း ငါ့ဆီလာရမယ်လို့ နောက်ဆုံးအိပ်မက်ထဲမှာ ပြောပါသေးတယ်ဆရာကြီး”
“အိပ်မက်က တစ်ညထဲ မက်တာလား” “(၇)ရက် ဆက်ပြီး မက်ပါတယ် ဆရာကြီး”
“ဒီအကြောင်း ဘယ်သူ့ကိုပြောဘူးသလဲ”
“အမေ့ကိုပြောပါတယ်။ အမေကဇီဝိန်နတ်ခေါ်မှာစိုးရိမ်လို့ဒီက ဘကြီး
ဆီလွှတ်လိုက်တာပါ ဆရာကြီး”
ဆရာကြီး အတန်ကြာ စဉ်းစားနေသည်။
“အင်း – ထူးပေရဲ့၊ မှန်း- မိန်းကလေး လက္ခဏာပြစမ်း”
မချိုက ဆရာကြီး အနီးသို့ ရွှေ့ထိုင်ကာ လက်ဖဝါးနှစ်ဖက်စလုံး ဖြန့်ပြ လိုက်သည်။ ဆရာကြီးက ညာဖက်လက်ဖဝါးကို တစ်ချက်မျှကြည့်ကာ ဘယ်ဖက်လက်ဖဝါးကို အထူးဂရုပြု၍ကြည့်နေသည်။

“အင်း မိန်းကလေးအဖြစ်က အတော့်ကို ဆန်းကြယ်တာပဲ” “ဘယ်လို ဆန်းကြယ်တာလဲ ဆရာကြီး”
“မိန်းကလေးရဲ့လွန်ခဲ့တဲ့ငါးနှစ်လောက်ကသေသွားတယ်ဆိုတဲ့အဖေ
ရယ်၊ အခုရှိနေတဲ့ မိခင်ဆိုတာတွေဟာ မိန်းကလေးရဲ့ မိဘအရင်းမဟုတ် ဘူးကွယ့်”
“ဒါတော့ – ဆရာကြီး မှားပြီ၊ ကျွန်မ မိဘအရင်းပါ”
ဘကြီး ဦးမြတ်သာဒွန်းမှာ မျက်လုံးပြူးကာ အံ့ဩဟန်ဖြင့် နားထောင် နေသည်။
“မမှားပါဘူး – မိန်းကလေး၊ မိန်းကလေးရဲ့မိခင်အရင်းဟာ မိန်းကလေး ဝမ်းကကျွတ်တာနဲ့ သေခဲ့ရှာတယ်ကွဲ့၊ အဲ- ဒါပေမဲ့ – မိန်းကလေးဟာ မိခင် အရင်းရဲ့နို့ကို တစ်လလောက် ပို့ခဲ့ရတယ်ကွဲ့”
“ဟင် – သေတဲ့လူရဲ့နို့ကို ဘယ်လိုလုပ် စို့မှာလဲဆရာကြီး။ အားလုံးမှား နေပြီ”

ဘကြီး ဦးမြတ်သာဒွန်းလည်း ချောင်းတစ်ချက်ဟန့်ကာ ဆရာကြီး အနီးသို့ တိုးရွှေ့လာသည်။
“ဆရာ – ဆရာ၊ ဆရာဟာ သိပ်ပြီးထူးခြားတဲ့ ပုဂ္ဂိုလ်ပါလား” ဘကြီးစကားကြောင့် မချုံမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဆရာပြောတာတွေ အကုန်မှန်တယ် ဆရာ၊ ဆရာဟာ လက္ခဏာကို ကြည့်ရုံနဲ့ ဒီအကြောင်းတွေကို ဘယ်လိုလုပ်ပြီး အပိုင်သိနိုင်တာလဲဆရာ။ အခုပြောတဲ့အကြောင်းတွေကိုသိတဲ့လူဟာမယ်ချုံရဲ့အမေအိုနဲ့ကျွန်တော်ပါ
ဒီနှစ်ယောက်ပဲအသက်နဲ့ရှိပါတော့တယ်။ ဒီအကြောင်းတွေကိုကျွန်တော်တို့ နှုတ်ပိတ်နေခဲ့ကြပါတယ်”
“အင်း – လူတစ်ဦးတစ်ယောက်ရဲ့ ဘယ်ဘက်လက်ဖဝါးထက် မှန်တဲ့ သူရဲ့မူလဇာတာရယ်လို့မရှိဘူး။ အဲဒီ မူလဇာတာဖြစ်တဲ့ ဘယ်လက်ဖဝါးက လက္ခဏာက အကြောင်းအရာအားလုံး ဖော်ပြနေပါတယ်။ ဒါကြောင့် – သိရ
တာပါ”
ထိုအခိုက် အိမ်ရှေ့မှ လူသံကြားသဖြင့် ပြတင်းပေါက်မှ လှမ်းကြည့်ကာ ပျာပျာသလဲ ဆင်းသွားလျက် ဧည့်သည်အမေအိုကို ဆရာကြီးရှိရာသို့ တောက်လျှောက်ခေါ်လာလေသည်။
ထိုအမေအိုမှာ မချုံကို စိတ်မချသဖြင့် လိုက်လာသော အမေအိုပင် ဖြစ်သည်။
“ကိုင်း – ဒေါ်တုတ် ဆရာကစပြီး မယ်ချုံရဲ့ ဇစ်မြစ်ကို ပညာနဲ့ဖော်ပေး နေမှ မောင်ရူပရော မချုံပါ အဖြစ်မှန်ကိုသိကြရအောင် ပြောပြဖို့ အချိန်တန်ပြီ”
အမေအိုက ခေါင်းညိတ်လိုက်သည်။ ဘကြီးက ဆက်ပြောသည်။

“မယ်ချုံ- တို့တစ်တွေ တစ်သက်လုံးဖုံးလာခဲ့တဲ့ အတ္ထုပ္ပတ္တိကို ပြောပြ မယ်။ စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်နဲ့နော်”
ဘကြီး ပြောပြချက်များမှာ အောက်ပါအတိုင်းဖြစ်ရာ ဆရာကြီးက
ပြုံးလျက်လည်းကောင်း၊ အမေအိုက
ခေါင်းတညိတ်ညိတ်လုပ်၍လည်း
ကောင်း၊ မောင်ရူပနှင့် မချုံတို့ကငေးမောလျက်လည်းကောင်းနားထောင်၍
နေကြပေသတည်း။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က တောင်ငူမှာ မောင်မြတ် သာဒွန်း၊ မရွှေတန့်တို့လင်မယားနှင့် သူတို့၏သူငယ်ချင်း မောင်တလုပ်နှင့် မယ်တုတ်တို့သည် အိန္ဒိယဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရန် တိုင်ပင်ကြကာ ရန်ကုန်သို့ ခရီးထွက်ခဲ့ကြသည်။
မောင်တလုပ်၏ ညီဝမ်းကွဲက သူတို့လင်မယားပါ လိုက်လိုကြောင်း ပူဆာသဖြင့် အဖော်လည်း ရစေရန် ခေါ်ခဲ့ကြသည်။ မောင်တလုပ်၏ညီ မောင်နေဒွန်း၏ မယားမစိန်မှာ ကိုယ်ဝန်နှင့် ဘုရားဖူးမှ သားယောက်ျား ကောင်းဖြစ်မည်။ သမီးကောင်း ဖြစ်မည်။ ပို၍အကျိုးကြီးသည်ဆိုကာ လိုက်ပါခဲ့ကြခြင်းဖြစ်သည်။
အိန္ဒိယမဇ္ဈိမဒေသ ရောက်ရှိကြပြီးနောက် ပထမဗုဒ္ဓဂယာတွင် ဘုရား ဖူးကြကာ ထိုမှတစ်ဆင့် ရောက်ထိုက်သည့် ဌာနများသို့ သွားရောက်ကြ သည်။ တစ်နေရာမှ တစ်နေရာအသွားဝယ် အချို့နေရာများတွင် တောများ ကိုဖြတ်၍ သွားကြရသည်။
တစ်နေ့တွင် မောင်နေဒွန်းမှာ အပြင်းအထန် ဖျားလေတော့၏။ သူ့ မယားမစိန်မှာလည်းကိုယ်ဝန်မှာ မွေးဖွားတော့မည့်အချိန်သို့ ဆိုက်ရောက် နေသည်။ လမ်းပင်မလျှောက်နိုင်တော့။ ရောက်ရာတောတွင်းမှာပင် မီးဖွားဖို့ စီမံကြရတော့သည်။
မောင်နေဒွန်းမှာ အပြင်းဖျားနေသဖြင့် မယားကို မပြုစုနိုင်။ မောင်မြတ် သာဒွန်း၏ဇနီး မရွှေတန်နှင့် မောင်တလုပ်ဇနီး မယ်တုတ်တို့က ပြုစုကြရ သည်။
အချိန်ကား မွန်းတည့်ပြီး ကံကြမ္မာလည်း ပို၍ဆိုးရွားလာသည်။ မောင်နေဒွန်း၏ ဇနီးမှာ မိန်းကလေးတစ်ယောက်ကို မွေးဖွားပြီးသည်နှင့် တစ်ပြိုင်နက် မိမိကလေးကိုမျှ မမြင်နိုင်ရှာ။ သေမင်းခေါ်ရာသို့ ပါသွားရရှာ လေသည်။
မရွှေတန်နှင့် မတုတ်တို့မှာ တတ်သမျှနှင့် ကလေးကို ပြုစုကြ၏။ သို့ သော်ကလေးမှာလည်း အသက်မပါ။
မိမိဇနီးသည် တစ်တိုင်းတစ်ပြည် တောတွင်း၌ အသေဆိုးသေရသည် ကို ကြုံရရှာသော မောင်နေဒွန်းမှာလည်း အဖျားကပြင်းထန် စိတ်ဒုက္ခက လည်း ကြီးမားလွန်းရကား မယားနှင့်ရှေ့ဆင့်နောက်ဆင့်ပင် ရင်ဆို့ကာ အသက်ပျောက်သွားပြန်တော့သည်။
မောင်မြတ်သာဒွန်းတို့ လင်မယားနှင့် မောင်တလုပ်တို့ လင်မယားမှာ တတ်သမျှရွတ်ဆိုသရဏဂုံတင်ကာကလေးအမေနှင့်ကလေးအလောင်းကို
ချုံကြီးတစ်ခုအတွင်း၌လည်းကောင်း၊ ကလေးအဖေအလောင်းကို အခြား ချုံတစ်ခုအတွင်းလည်းကောင်း သစ်ခက်သစ်ရွက်များဖုံးလွှမ်းကာ ထားရစ် ခဲ့ရတော့သည်။
ထိုသို့ သူတို့အလောင်းများ ပြုပြင်နေခိုက် ကုလားဘုန်းကြီးတစ်ဦး ရောက်လာကာ ကလေးအမေအလောင်းနှင့်ကလေးအလောင်းကိုတံတွေး နှင့်ထွေးပြီး ထွက်သွားသဖြင့် သူတို့ အံ့အားသင့်ကာ ကျန်ရစ်ခဲ့ကြလေ သည်။
သူတို့လည်း စိတ်မချမ်းသာစွာနှင့် ခရီးဆက်ခဲ့ကြကာ ဘုရားများရှိရာ လည်ပတ်ဖူးမြော်ရင်း သေသူများအတွက် ဆုတောင်းပတ္တနာပြုကြသည်။ သို့နှင့် တစ်လမျှအကြာတွင် ဗုဒ္ဓဂယာသို့ ပြန်လည်ရောက်ကြသည်။ သူတို့အားလုံး မင်းတုန်းမင်းကြီး၏ ကောင်းမှုတော်ဇရပ်မှာပင် တည်း ခိုကြသည်။

နောက်တစ်နေ့ နံနက်တွင် မောင်မြတ်သာဒွန်းတစ်ယောက်တည်း စောစောထ၍ မဟာဗောဓိသို့ ထွက်ခဲ့ရာ ယခင် လူသေအလောင်းကို တံတွေးနှင့်ထွေးသွားသောကုလားဆာဒူးကြီးကို သစ်ပင်ရင်း၌တွေ့ရသဖြင့် မြင်ဖူးပါသည်ဟု ရပ်ကြည့်နေမိသည်။
ကုလားဘုန်းတော်ကြီးက သူ့ကို လက်ယပ်ခေါ်ကာ ပိုက်ဆံတောင်း သဖြင့် အိတ်အတွင်းပါသမျှ ထုတ်ပေးလိုက်လျှင် ကုလားဘုန်းတော်ကြီးက ပြုံးပြီးယူလိုက်သည်။
မောင်မြတ်သာဒွန်းမှာဟိန္ဒူဘာသာကိုကောင်းစွာတတ်သဖြင့် ကုလား
ဆာဒူးကြီးနှင့် လေပေးဖြောင့်နေသည်။ ကုလားဆာဒူးကြီးက မုန့်စားမလား ဟုမေးရာ သူကစားမည်ဟု ပြောလိုက်သည်။

ကုလားဆာဒူးကြီးက ဖင်ကိုကြွကာ ဖင်အောက်မှ အငွေ့တထောင်း ထောင်းနှင့် ကုလားမုန့်သုံးချပ်ကို ထုတ်ပေးလိုက်ရာ သူလည်း မသတီစွာ နှင့် ကြိတ်မှိတ်၍ စားလိုက်ရသည်။
ဆာဒူးကြီးက သူ့အနားရှိအပင်ငယ်
ကုလားဆာဒူးကြီးက သူ့ကိုပြုံး၍ကြည့်နေရာမှပိုက်ဆံများကိုတစ်ပြား မကျန် ပြန်ပေးသည်။ သူက သူ့အိတ်ထဲပြန်ထည့်လိုက်သည်။ တစ်ဖန် ကြေးအိုးနှင့်ထမင်းချက်သလားဟုမေးသဖြင့် သူကဟုတ်ကြောင်းပြောရာ သုံးလေးပင်ကိုနုတ်ပေးလျက်ထမင်းအိုး၊ ဟင်းအိုးများကို ၎င်းအရွက်နှင့် တိုက်ဆေးရန်ပြောလိုက်သည်။ သူက ၎င်း အပင်ငယ်များကို ကြည့်ပင်မကြည့်ဘဲ အိတ်ထဲထည့်လိုက်သည်။ သူကပြန်ရန် ဟန်ပြင်ရာ ဆာဒူးကြီးက မောင်တလုပ်တို့ကိုပါ ခေါ်ရန် ပြောသဖြင့် သူလည်း မရွှေတန်နှင့် မောင်တလုပ်တို့ လင်မယားကိုခေါ်ကာ ဆာဒူးကြီးထံ ပြန်သွားရပြန်သည်။
ဤတွင် ဆာဒူးကြီးက သူတို့အား တောတစ်ခုတွင်းသို့ ခေါ်သွားသည်။ တောတွင်းတစ်နေရာရောက်မှ မောင်နေဒွန်းတို့ လင်မယားအလောင်းကို ထားခဲ့သော တောဖြစ်ကြောင်း သိကြရတော့သည်။
မောင်နေဒွန်းအလောင်းမှာ အစအနမျှမကျန်။ တောကောင်များ စားသွားဟန်တူသည်။ တစ်ဖက်ချုံသို့ ကြည့်လိုက်ရာ မောင်နေဒွန်း အလောင်းနှင့် ရင်ဘတ်ပေါ်ဝယ် ကလေးတစ်ယောက် နို့စို့နေသည်ကို တွေ့ရသည်။
ထိုကလေးသဏ္ဌာန်မှာ သူတို့ကိုမြင်လျှင် တောတိရစ္ဆာန်ပမာ လျင်မြန် ဖျတ်လတ်စွာ လေးဖက်ထောက်ပြေးရင်း ချုံများအကြားဝယ် ပျောက်ကွယ် သွားတော့သည်။
ဆာဒူးကြီးကကလေးမသေကြောင်း၊ ထိုစဉ်ကပင် သူသိခဲ့သဖြင့် မိခင် အလောင်းနှင့်အတူ တံတွေးဖြင့်ထွေးကာ ပညာဖြင့် လုပ်ခဲ့ကြောင်း၊ မအေ အလောင်းရောကလေးကိုပါသူကာကွယ်ထားကြောင်း၊ ရင်သားမှာ ပကတိ အတိုင်းရှိကာ နို့ထွက်စေရန် သူ့ပညာဖြင့် ပြုထားကြောင်း ပြောပြသည်။
မှန်ပေ၏။ အလောင်းမှာ အသားအရေများ ခြောက်ကပ်ကာ မျက်နှာ နှင့် ခြေလက်များ အရိုးစုကောင်ပမာဖြစ်နေသော်လည်း အနံ့မထွက်။ ရင်သားမှာ လူကောင်းပကတိရှိနေသည်။ ညှစ်ကြည့်ရာ နို့ရည်များ ပန်း ထွက်နေသည်။
အံ့ဖွယ်ကောင်းလှသည်။ တစ်လသားမျှသာ ရှိသေးသည့်ကလေးမှာ လည်းလျင်မြန်ဖျတ်လတ်စွာ လေးဖက်ထောက် ပြေးလွှားသွားနိုင်သည်။ ဆာဒူးကြီးက နှုတ်မှတဖွဖွလုပ်လိုက်ရာ ကလေးငယ်လည်း လေးဖက် ထောက်လျက်မျက်လုံးပြူးကြောင်ကြောင်နှင့် ထွက်လာတော့သည်။ ကလေးငယ်၏ခြေသည်းလက်သည်များမှာ လက်မဝက်ခန့်ရှည်ထွက်
နေပြီး ဆံပင်မှာလည်း တစ်ထွာခန့်ရှိကာ ဖားလျားကျနေသည်။ ဆာဒူးကြီးက မောင်မြတ်သာဒွန်းအား “မင်း-ငါပေးတဲ့ပစ္စည်းကို ဒီကလေးကို တစ်ဝက်ပေးရမယ်”ပြောပြီး တစ်ဖန် မောင်တလုပ်တို့ လင် မယားအား“ဒီကလေးဟာငါ့ကြောင့်အသက်ရှင်နေတာ၊ ငါ့သမီးပဲ။ ဒါပေမဲ့- မင်းတို့ လင်မယားက မွေးစားရမယ်။ ငါ့သမီးကို ငါ ပြန်မခေါ်မချင်း ဒီအကြောင်းတွေကို မင်းတို့အချင်းချင်းတောင် မပြောရဘူး”ဟု ဆိုကာ ကလေးကို မောင်တလုပ်တို့ လင်မယားအား ပေးလိုက်ပြီး ဗုဒ္ဓဂယာသို့ ပြန်ခဲ့ကြလေသည်။
ဗုဒ္ဓဂယာသို့ ရောက်လျှင်ပင် ဆာဒူးကြီးမှာ ပျောက်ခြင်းမလှပျောက် သွားတော့သည်။
မောင်မြတ်သာဒွန်းမှာ သူ့ကို ဆာဒူးကြီးက မုန့်သုံးခု ကျွေးရုံမှအပ ဘာတစ်ခုမျှ မပေးဘဲနှင့် မင်းကို ငါပေးတဲ့ပစ္စည်းတစ်ဝက် ဒီကလေးကို ပေးရမယ်”ဟု ပြောသည့်အတွက် အစဉ်းစားရကြပ်ကာ မောင်တလုပ်နှင့် တိုင်ပင်မိသည်။
နောက်မှသတိရကာ သူ့အိတ်အတွင်းမှ ပိုက်ဆံအကြွေများကို နှိုက် ကြည့်မိရာ အားလုံးရွှေဒင်္ဂါးများဖြစ်နေသည်ကို တွေ့ရသည်။ သူတို့နှစ် ယောက်ဝမ်းသာအားရဖြင့် သစ်ရွက်များအကြောင်း သတိရကာ ထမင်းအိုး
နှင့် ဟင်းအိုးသုံးလုံးကို တိုက်ကြည့်ရာ အိုးသုံးခုလုံး ရွှေအိုးဖြစ်သွားသည် ကိုအံ့ဩဖွယ် တွေ့ရတော့သည်။
သစ်ရွက်များ အစအနမျှမကျန်တော့ရာ ဆာဒူးကြီးထိုင်ခဲ့သော နေရာ တွင် သွား၍ ရှာကြည့်ရာ ဘာပင်မျှမတွေ့ရတော့ပေ။
သူတို့ မြန်မာပြည်သို့ပြန်ရောက်ကြလျှင် ရွှေများကို အညီအမျှ ခွဲယူ ကြကာမောင်တလုပ်တို့လင်မယားက တောင်ငူမှာပင် သစ်ကုန်သည်လုပ်၍ လည်းကောင်း၊ မောင်မြတ်သာဒွန်းတို့ လင်မယားက ရန်ကုန်ကုက္ကိုင်းဘက် မှာ နေကာ လမ်းမတော်ဘက်တွင် ပွဲရုံဖွင့်၍လည်းကောင်း နေလာခဲ့ကြပေ သည်။
“အခုပြောသမျှအားလုံး အမှန်ချည်းပဲဆရာ။ အချိန်ကျပြီမို့ ဆရာ့ကို ဖွင့်ပြောတာပါ”
မချုံအား ငေးငိုင်လျက်ရှိသည်။ ဆရာကြီး ပထမံ ဦးကုလားကား ပြုံး လျက် –
“ကိုင်း -မိန်းကလေး – ဟိန္ဒူယောဂီကြီးခေါ်ရာကိုလိုက်မလား၊ ဒီအမေ အိုနဲ့ပဲ ဆက်နေမလား”
ထိုသို့ ဆရာကြီးကမေးလိုက်လျှင်အမေအိုနှင့် မောင်ရူပတို့မှာပျာယာ ခတ်မျှ လှုပ်ရှာသွားကြသည်။ မချုံကလည်း မလိုက်လိုကြောင်း ပြောလေ တော့သည်။
“ဒါပေမဲ့ – အခု မလိုက်ချင်ရင် မလိုက်ဘဲ နေလို့ရအောင် ဆရာဆောင် ရွက်ပေးမယ်။ အဲ – သက်တမ်းကုန်ရင်တော့ သူ့ဆီကိုသွားရလိမ့်မယ်” “ဒါကတော့ ကံတရားပေါ့ ဆရာကြီးရယ်။ အခု မလိုက်ရဖို့ကိုသာ လုပ်ပေးတော်မူပါ”
ဆရာကြီးက ဦးခေါင်းညိတ်လိုက်သည်။

ထိုညဉ့်သန်းခေါင်ယံတွင် ဆရာကြီးမှာ အလုပ်များနေသည်။ ကိုရူပ၊ မချုံ၊ ဒေါ်တုတ်နှင့် ဘကြီးတို့လည်း ပန်းသီး ငှက်ပျောသီးပွဲများကို ရှေ့တွင် ချထားကြကာ ဆရာကြီး၏အကဲကိုစောင့်စားကြည့်ရှုနေကြသည်။ သန်းခေါင်ကြက်တွန်သံကိုကြားရသည့်အချိန်တွင်ကား ထူးခြားသော
အသံတစ်သံကို ကြားလိုက်ရသည်။
ဟိန္ဒူယောဂီကြီးတစ်ဦး၏ သဏ္ဌာန်နှင့်တူသော အခိုးလုံးတစ်ခုသည် တဖြည်းဖြည်း ခပ်ဝါးဝါးပေါ်လာသည်။
ဘကြီး ဦးမြတ်သာဒွန်းနှင့် ဒေါ်တုတ်တို့မှာ ပြားပြားဝပ်ကာ ရှိခိုးလိုက်
ကြသည်။
ဆရာကြီးသည် ထိုယောဂီကြီးအား သက္ကတဘာသာဖြင့် နှုတ်ခွန်း ဆက်ကာ စကားပြောနေကြသည်။ ယောဂီကြီးက ခေါင်းခါတိုင်း ဒေါ်တုတ်၊ မောင်ရူပနှင့် မချုံတို့မှာ မျက်လုံးပြူးနေကြသည်။
နောက်ဆုံး ပြုံးပြုံးကြီးနဲ့ ခေါင်းညိတ်လိုက်မှ သူတို့သုံးယောက်မှာ စိတ်အေးသွားကြတော့သည်။
ဟိန္ဒူယောဂီကြီးလည်း ကျွန်တော် ဘကြီး၊ ဒေါ်တုတ်၊ မောင်ရူပနှင့် မချုံတို့အား သစ်သီးပွဲထဲမှပန်းသီးများကိုနှိုက်ယူကာတစ်ယောက်တစ်လုံးစီ စားခိုင်းသည်။
ထို့နောက် ယောဂီကြီးသည် မချုံအား ပြုံးပြုံးကြီး ကြည့်လျက် – “အမ်းမား – မာဘာယီ – မာဆောကျီ-ယားဝ – အားယူးရီ ပရိယောသျှ နံသျှသျှခံ – တိတ်သျှဌာဟိ”
ဟု ပြောလိုက်ရာ ဒေါ်တုတ်နှင့် ကိုရူပတို့မှာ ဘာပြောမှန်းမသိသဖြင့် မျက်လုံးပြူးသွားသည်။
မချုံမှာ ယောဂီကြီး၏ မနောမယတန်ခိုးဖြင့် နားလည်သူဖြစ်ရာ ပြုံး လျက်လက်အုပ်ချီလိုက်သည်။
ဤတွင် ဒေါ်တုတ်နှင့် မောင်ရူပ နားလည်အောင် ကျွန်တော်က ရှင်းပြ ရသည်။

“သမီး မကြောက်နဲ့၊ မစိုးရိမ်နဲ့၊ တစ်သက်လုံး ချမ်းချမ်းသာသာ နေပေ တော့လို့ မာဂမိနဲ့ ပြောတာဗျ”
ဤတွင်မှ ကိုရူပနှင့် ဒေါ်တုတ်တို့ ပြုံးလာနိုင်သည်။
နောက်တစ်ခဏမျှအကြာတွင်ကား ယောဂီကြီးသည် ဆရာကြီးအား နှုတ်ဆက်လျက် ကျွန်တော်တို့အား စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ ထွက်ခွာ၍ သွားပေတော့သတည်း။
ဤအကြောင်းအရာများကား လွန်ခဲ့သော နှစ်ပေါင်း (၈ဝ)ခန့်က ပဌမံ ဦးကုလားခေါ် ဆရာကြီး၏ တပည့်ဆရာနန္ဒ၏ မှတ်တမ်းတွင် တွေ့ရသည့် အတိုင်း ဖော်ပြရခြင်းဖြစ်ပါသည်။
> ဦးစံဝင်း (ကုဏ္ဍလိနီ)