အခန်း (၁)
"ကျွန်တော်က လူပျိုလူလွတ်တစ်ယောက်ပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့ မွန်ပြည်နယ် သထုံမြို့ ဒူးရင်းဆိပ်အုပ်စုက ကိုထွန်းလင်းဦးဆိုတဲ့ အမျိုးသားဟာ ညီမရဲ့ဘဝထဲကို ရိုးသားဟန်ဆောင်ပြီး ဝင်ရောက်လာခဲ့ပါတယ်။ ဖြူစင်တဲ့ ညီမရဲ့အချစ်တွေကို သူက မက်လုံးပေးပြီး ယုံကြည်မှုတွေ တည်ဆောက်ခဲ့တယ်။ တူတူနေ၊ တူတူစားရင်းနဲ့ "သူ့ကိုပဲ တစ်ဘဝလုံး ပုံအပ်လို့ရပြီ" ဆိုတဲ့ အတွေးမျိုးဝင်အောင် တစ်နေ့တစ်မျိုး မရိုးရအောင် သရုပ်ဆောင်ပြခဲ့တာပါ။
အခန်း (၂)
ယုံကြည်မှုတွေ လွန်ကဲမိတဲ့အခါ နောက်ဆုံးမှာတော့ ချစ်သူချင်းမို့ ဆိုပြီး ညီမရဲ့ ကာယကံ၊ ဝစီကံတွေအားလုံး သူ့ကို ပုံအပ်မိခဲ့ပါတယ်။ ညီမဘဝရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ယောက်ျားအဖြစ် သူက နေရာယူခဲ့တာပါ။ အဲ့ဒီအချိန်တုန်းကတော့ ဒီပေးဆပ်မှုတွေဟာ နောင်တစ်ချိန်မှာ ကိုယ့်အသက်ကိုပါ ရန်ရှာမယ့် ငရဲအိုင်ကြီး ဖြစ်လာလိမ့်မယ်လို့ ညီမ ဘယ်လိုမှ မတွေးမိခဲ့ပါဘူး။
အခန်း (၃)
မကြာခင်မှာပဲ ညီမရဲ့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေပြပြီး ဝေဒနာတွေ စတင်ခံစားလာရပါတယ်။ ဆရာဝန်နဲ့ သွားပြတဲ့အခါ ရရှိလာတဲ့ အဖြေက မိုးကြိုးပစ်ချလိုက်သလိုပါပဲ။ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ HPV ရောဂါ ခံစားနေရပြီတဲ့။ ညီမဘဝမှာ သူတစ်ယောက်တည်းနဲ့ပဲ အတူနေခဲ့ဖူးတာမို့ ဒီရောဂါဟာ သူ့ဆီကပဲ ရခဲ့တာ ၁၀၀ ရာခိုင်နှုန်း သေချာခဲ့ပါတယ်။
အခန်း (၄)
ရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ နာကျင်ရုံတင်မကဘဲ စိတ်အခြေအနေပါ အစိတ်စိတ်အမွှာမွှာ ပျက်စီးခဲ့ရပါတယ်။ ဒါပေမယ့် အံ့ဩဖို့ကောင်းတာက အဲ့ဒီလို သေလုမတတ် ခံစားနေရတဲ့ အချိန်အထိ ဆေးရုံကို တစ်ခေါက်လေးတောင် လိုက်မပို့ပေးဖူးတဲ့အပြင် တစ်ပြားတစ်ချပ်မှ စိုက်ထုတ်မပေးခဲ့တဲ့ သူ့ရဲ့ တာဝန်ယူမှု ကင်းမဲ့ပုံပါပဲ။ ညီမကို ဒီရောဂါကြီးနဲ့ ပစ်ထားခဲ့ဖို့ သူ စတင်ကြံစည်နေခဲ့ပါပြီ။
အခန်း (၅)
သူ့ရဲ့ တာဝန်မယူချင်တဲ့ စိတ်က ကောက်ကျစ်လွန်းပါတယ်။ ညီမရဲ့ သေးသေးလေးအပြစ်ကအစ အကြီးချဲ့ပြီး စကားများ ရန်ဖြစ်အောင် လုပ်လာတယ်။ နောက်ဆုံးမှာတော့ "မြန်မာပြည် ပြန်တော့မယ်" ဆိုပြီး လိမ်ညာကာ ညီမအနားကနေ ထွက်သွားခဲ့ပါတယ်။ တကယ်တော့ သူဟာ မြန်မာပြည်ပြန်တာ မဟုတ်ဘဲ စင်္ကာပူကို ထွက်ခွာသွားခဲ့တာပါ။
အခန်း (၆)
စင်္ကာပူရောက်နေတာကိုတောင် ဖုန်းဆက်ရင် အမှန်အတိုင်းမပြောဘဲ "ငါ ထိုင်းမှာပဲ အလုပ်လုပ်နေတာပါ" ဆိုပြီး လိမ်ညာနေတုန်းပါပဲ။ စိတ်ထဲ သံသယဝင်လာလို့ ညီမကိုယ်တိုင် နောက်ကြောင်းတွေကို အသည်းအသန် လိုက်စုံစမ်းခဲ့ရပါတယ်။ စုံစမ်းရရှိလာတဲ့ အမှန်တရားကတော့ ညီမရဲ့ နှလုံးသားကို ဓားနဲ့ အချက်ပေါင်းများစွာ မွှန်းပစ်လိုက်သလိုပါပဲ။
အခန်း (၇)
သူဟာ စင်္ကာပူမှာ ညီမထက်အရင် တွဲနေတဲ့ ရည်းစားဟောင်းတစ်ယောက် ရှိနေခဲ့တာပါ။ ပိုဆိုးတာက အဲ့ဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိနေလို့ စင်္ကာပူကို အပြေးအလွှား လိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ညီမသာ အသည်းအသန် လိုက်မစုံစမ်းခဲ့ရင် အဲ့ဒီကလေး မွေးတဲ့အထိ ညီမကို လိမ်ညာပြီး ဆက်လက်ပတ်သက်ပြီး အသုံးချနေဦးမှာ ဖြစ်ပါတယ်။
အခန်း (၈)
ဒီအကြောင်းတွေကို အစကတော့ သူက လုံးဝမဝန်ခံဘဲ ဆက်ငြင်းနေခဲ့ပါတယ်။ နောက်ဆုံး ညီမဘက်က အထောက်အထား၊ သက်သေအပြည့်အစုံနဲ့ ပြေဆိုမှသာ ဝန်ခံခဲ့တာပါ။ ဒါတောင်မှ အမှန်အတိုင်း နောင်တရတာမဟုတ်ဘဲ ဒီနေ့ဒီအချိန်ထိ စကားလုံးလှည့်ပတ်ပြီး လိမ်ညာနေတုန်းပါပဲ။
အခန်း (၉)
သူထွက်သွားပြီး မကြာခင်မှာပဲ ညီမ ခေါင်းမူး၊ ပျို့အန်တာတွေ ဖြစ်လာလို့ ဆီးစစ်ကြည့်ခဲ့ပါတယ်။ ရလဒ်ကတော့ ဘုရားသခင် ရက်စက်လေခြင်း။ ညီမရဲ့ ဝမ်းဗိုက်ထဲမှာလည်း သူ့ရဲ့သွေးသား ကိုယ်ဝန် ရှိနေခဲ့ပြန်ပါပြီ။ တစ်ဖက်မှာ HPV ရောဂါဝေဒနာ၊ တစ်ဖက်မှာ ကိုယ်ဝန်နဲ့ ညီမဘဝဟာ ဘယ်လောက်တောင် အောက်ခြေအထိ ကျဆင်းခဲ့ရသလဲ။
အခန်း (၁၀)
ဒီအခြေအနေကို သူ့ကိုပြောပြပြီး "နင် ဘာလုပ်မလဲ" လို့ မေးတဲ့အခါ သူက "ငါ ဟိုမိန်းကလေးကို ယူမှရမယ်" တဲ့။ ညီမဘက်က "အေးလေ... မချစ်လို့ ပစ်သွားတဲ့သူကို မဆွဲထားတော့ဘူး။ ညီမကို လက်မထပ်ချင်နေပါ၊ ကလေးလည်း တစ်ယောက်တည်း မွေးနိုင်တယ်။ ဒါပေမယ့် မင်းပေးခဲ့တဲ့ ဒီ HPV ရောဂါ ကုသစရိတ်ကိုတော့ မင်းတာဝန်ယူပေးပါ" လို့ တောင်းဆိုခဲ့ပါတယ်။ ဒါကိုတောင် သူက အလုပ်ရှုပ်နေလို့ဆိုပြီး လှည့်စားကာ တစ်ဖက်မိန်းကလေးနဲ့ သွားအိပ်ဖို့ပဲ အချိန်ရှိတဲ့၊ ကိုယ်ဝန်သည်တွေကို ထားပြီး တဏှာရူးနေတဲ့ ယောကျာ်းဖြစ်ပါတယ်။
အခန်း (၁၁)
ရောဂါဝေဒနာကြောင့် ဆေးရုံရက်ချိန်းတွေ ခဏခဏသွားရ၊ စိတ်ရောလူရော ပင်ပန်းပြီး တစ်ယောက်တည်း ကြိတ်ဖြေရှင်းနေရတဲ့အပြင် ဆေးရုံကိစ္စတွေကြောင့် အလုပ်ပျက်ရက် များလာတာမို့ နောက်ဆုံး လက်ရှိလုပ်နေတဲ့ အလုပ်ကပါ ထွက်လိုက်ရပါတယ်။ ဘဝဟာ ငွေကြေးရော၊ ကျန်းမာရေးပါ သုညအောက် ရောက်သွားခဲ့ရရှာတယ်။
အခန်း (၁၂)
အခုတော့ ညီမ စိတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပါပြီ။ ခက်ခဲပေမယ့် ရှေ့ဆက်ပြီး ဒီရောဂါအကြောင်းကို မိသားစုကို ဖွင့်ပြောပြီး တူတူကုသပါတော့မယ်။ သူ့ဆီက တာဝန်ယူမှုဆိုတာကိုလည်း ဘယ်တော့မှ မမျှော်လင့်တော့ဘူး။