*လူသေရွာ *
*********************
*********
မြန်မာ နိုင်ငံတော်ကြီး လွတ်လပ်ရေးမရမီ ကာလ တစ်ခုက လို့ဆိုရပေမည်။ ယခု ခရစ်နှစ် သက္ကရာဇ် ၂၀၁၉ တွင်တော့ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်ကား နှစ်ပေါင်း ခုနစ် ဆယ်ကျော် ပင်ကြာမြင့်ခဲ့ချေပြီ။ ကျွန်ုပ်တို့လက်ရှိနေထိုင်ရာ မြန်မာနိုင်ငံတော်ကြီးအား တိုင်းတပါး၏ ကျွန်အဖြစ် နှစ်ပေါင်းများစွာ
ပင်ပန်းဆင်းရဲ ဒုက္ခမြောက်များစွာကို ခားစည်းခံခဲ့ကြရသည်။ ထိုနှစ်ပေါင်းများစွာထဲမှာပင် မျက်နှာဖြူ ဗြိတိသျှများ ဂျပန်နယ်ချဲ့များ၏
ဆိုးသွမ်းယုတ်မာ မှုများသာ မကသေး ချစ်တီး ကုလား မျက်နှာမဲများ၏ အနိုင်ကျင့်မှုများကိုပါ အဆစ်ခံခဲ့ရကြ၏။
ထိုသို့ နှစ်ပေါင်းများစွာ တိုင်းတစ်ပါးသား၏ ကျွန်အဖြစ်မှ လွတ်မြောက်ဖို့ရန် အတွက် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ၁၉၄၈ ဇန်နဝါရီ လေးရက်နေ့တွင် မြန်မာနိုင်ငံကြီး
လွတ်လပ်ရေးရခဲ့လေ၏။
မြန်မာ နိုင်ငံ ဟူသည်ကားကချင်၊ကယား၊ကရင်၊ချင်း ၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း အစရှိသည့်တိုင်းရင်းသား လူမျိုးစုတို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော နိုင်ငံ တစ်နိုင်ငံလည်းဖြစ်လေသည်။ ထိုတိုင်းရင်းသား လူမျိုးများစုစည်း နေထိုင်ကြရာဤ နေရာကိုသာမြန်မာ ဟုခေါ်ဆိုနိုင်မည်။
အတိတ်ကို ပြန်လှန်ကာတွေးတော ကြမည် ဆိုလျှင် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်း
သား လူမျိုးပေါင်းစုံသည် လွတ်လပ်ရေးအတွက်
ထပ်တူထပ်မျှ ကြိုးစားခဲ့ကြသေးသည် မဟုတ်
ပါလား။
ငယ်စဉ်က ပင် စာသင်ကျောင်းများတွင် ကျွန်ုပ်တို့ကိုယ်တိုင် သီဆိုခဲ့ကြဖူးသေးသည်။ '' ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ'' မှန်ပေသည်။ မြန်မာနိုင်ငံ ဟူသည်ကား ကျွန်ုပ်တို့ အားလုံး ပိုင်ဆိုင်သည့် ပြည် မြေ နိုင်ငံ တစ်နိုင်ငံဖြစ်လေသည်။
တိုင်းရင်းသား လူမျိုးအချင်းချင်း သတ်ဖြတ်တိုက်ခိုက်ကြကာ နေကြသည်ကား လွန်စွာမှ ရုပ်ဆိုးအကျည်းတန်လွန်းလှပေသည်။
ကျွန်ုပ်တို့ တိုင်းရင်းသား လူမျိုးအားလုံးသည် ညီကိုမောင်နှမများသာ မိသားစုများသာ ဖြစ်သင့်ကြသည်။ ထို တိုင်းရင်းသား ညီကိုများ၏ ကြိုးစားအားထုတ်ခဲ့ကြမှုကြောင့်လည်း ကျွန်ုပ်တို့ မြန်မာ နိုင်ငံကြီးကား သူတစ်ပါး၏ ကျွန်အဖြစ်မှ လွတ်မြောက်ခဲ့ကြရသည်။ ထိုသည်ကား ကျွန်ုပ်တို့ မြန်မာလူမျိုးများ၏ စည်းလုံးလက်တွဲညီမှုကြောင့်ပင် မဟုတ်ပါလား။
ထို့ကြောင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကားကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူလူထုအားလုံးနှင့် သက်ဆိုင်လေသည်။ မိမိ အိမ်သဖွယ်သဘော ထားကာ မိမိ မိသားစုသဖွယ် သဘောထားကာ အရာရာ ကို အသိဥာဏ်ဖြင့် တွေးတော ဆုံးဖြတ်ဆင်ခြင်သင့်ကြသည်။ ဒေါသ တရား လောဘ တရားများကို နောက်ထားကာမိမိ နေထိုင်ရာ ပြည်ထောင်စုကြီး တိုးတက်ဖို့ အရေးသာ အလေးပေးသင့် ၏။
ရှေးမြန်မာ စကားပုံ တစ်ခုပင်ရှိခဲ့ဖူးသေ၏။ ''နွားကွဲရင် ကျားဆွဲမယ်'' ဟူ၍ပင် မဟုတ်ပါလား။ ကျွန်ုပ်တို့တိုင်းရင်းသား ညီကိုများလည်း ထိုနည်းအတိုင်းပင်သွေးမကွဲသင့်ကြ
ပေ။ သွေးခွဲသူများကိုအလေးမပေးသင့်ကြပေ။
အရေးကြီးမှ သွေးနီးရင်တော့အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း အတိတ်ကိုတစိမ့်စိမ့် တွေးကြည့်ကြပါ ပစ္စုပ္ပန် ကိုအကျိုးရှိအောင် နေကြပါ အနာဂတ်ကို တိုးတက်အောင် ကြံစည်ကြပါလို့ပြောကြားရင်းဖြင့် တိုင်းရင်းသား ညီကို မောင်နှမ များအားလုံးကျန်းမာ ချမ်းသာကြပါစေ ဟူ၍ ဆုတောင်း
မေတ္တာပို့သလိုက်ပါသည်။
**************
အချိန်ကာလ အားဖြင့်တော့ ၁၉၉၇ လောက်ကဖြစ်ပေမည်။ တစ်နည်းအားဖြင့်လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော် လောက်အချိန်ကာလ။ယခု ရေးသားဖော်ပြမည့် ဇာတ်လမ်းလေးကား
ထိုခေတ် ခေတ်တွင် ဖြစ်ပေါ်ခဲ့သော အံ့သြဆန်းကြယ် ဝတ္ထုလေးတစ်ပုဒ်ပင်ဖြစ်ပါလေတော့၏။
ရွာလေး တစ်ရွာက စတင်လာသော ထိုအဖြစ်အပျက်လေးကား ထူးဆန်းမှု တို့နှင့် ပြည့်လို့
နေပေ၏။ ထိုရွာကလေးကား စစ်ကိုင်းအကျော် ဆယ်နှစ်မိုင် ခန့်လောက်က ရွာလေးတစ်ရွာပင်ဖြစ်လေ၏။
သူ့နာမည်က ကုလားကြီး ဒါကတော့ ရွာထဲက လူတွေ ခေါ်ကြသည့် နာမည်။ နာမည်အရင်းမှာတော့ ကိုမြတ်ကောင်းဖြစ်သည်။
အဘယ်ကြောင့် ကုလားကြီးဟု ခေါ်ကြသနည်း။ သူကား အသားမဲ၏။ အရပ်ကြီးမှာ ကလန်ကလား နှင့် ပိန်ရှည် မျောမျောကြီးပင်။ အနေအေး
၏။ စကားများများ သိပ်မပြောတတ်သလို စိတ်နေသဘောထားလည်း ကောင်းမွန်သောလူတစ်ယောက်ဖြစ်၏။
လူချစ်လူခင်လည်းပေါ၏။ ရပ်ရေးရွာရေး သာရေးနာရေးကအစသူအမြဲ ထိပ်က ပါဝင်ကူညီတတ်လေသည်။အသက်မှာတော့ လေးဆယ် ဝန်းကျင် လူပျိုကြီးတစ်ယောက်လည်းဖြစ်၏။ အဖက်ဖက်ကနေ ကြည့်၍ အဆင်ပြေနေသော်လည်းသူ့တွင် အားနည်းချက်တစ်ခုရှိလေ၏။ ကုလားကြီးကား မွေးရာပါ ဥာဏ်ရည်ချို့ယွင်းသူ တစ်ယောက်ဖြစ်၏။
တစ်နည်းအားဖြင့်ဆို ရသော် ကျပ် မပြည့်သောသူတစ်ယောက်ပင်ဖြစ်လေသည်။
မိဘများမှာလည်း လွန်ခဲ့သော နှစ်များကဆုံးပါးသွားခဲ့သလို သူကိုယ်တိုင်လည်း လူပျိုကြီး
ဖြစ်နေရသည့်အတွက် ၄င်း၏ မိဘများ ချန်ခဲ့သော အိမ်တွင်သာ အမဖြစ်သူနှင့် အတူနေ
ရှာလေသည်။
၄င်း၏ အမ မှာတော့အိမ်ထောင်ရှိကာ သားလေးတစ်ယောက်ပင်ရှိသေး၏။ ထို့ကြောင့်ကုလားကြီးတစ်ယောက် မိဘများချန်ခဲ့သောအိမ်ကြီးတွင် အမရယ် တူလေးရယ် ယောက်ဖရယ်နှင့် လေးယောက်သား အတူနေကြလေ၏။သူ၏ ယောက်ဖ ကားအမူးသမားတစ်ယောက် ပင်ဖြစ်၏။ အရက်မူးလာပါကအမြဲလိုလိုပြဿနာ ရှာတတ်၏။
၄င်း၏ သားအား မူးလာ
တိုင်း ရိုက်နှက် အနိုင်ကျင့်သေးသလို မိန်းမအားလည်း ဆဲဆို ကြိမ်းမောင်းတတ်၏။
ကုလားကြီး၏ အမဖြစ်သူမှာလည်း အသက်သုံးဆယ်ကျော် မှ လင်ရကာ လင်ကံမကောင်းရှာပေ။ မိမိ၏ အမ အရင်း တူလေးအရင်းတို့ ၏ အဖြစ်ကို နေ့စဉ်လိုလိုမြင်နေရသည့်အတွက်လည်း ကုလားကြီးတစ်ယောက် စိတ်မချမ်းသာ
နိုင်ရှာ။
ထို့ကြောင့်လည်း တစ်နေကုန် အိမ်တွင်ပင် သူမနေ။ ရွာပြင်ဘက်က ရေကန်ကြီးသုံးကန် နားတွင်သာ တစ်နေကုန်အရိပ်ရသည့်နေရာလေးတွင် သွားသွားနေနေတတ်၏။
ရေထွက်အားလည်း ကောင်းသလို နွေရာသီအစရှိသဖြင့်ရေခမ်းသည့် ရာသီများရောက်
သည့်တိုင် ထိုကန်ကြီးသုံးကန်ကား ရေများ မခမ်းခြောက်တတ်ပေ။ ကုလားကြီးမှာတော့
၄င်း အားရင်အားသလို ထိုကန်ကြီး သုံးကန်နားရှိ ကုက္ကိုလ်ပင်ကြီးဆီလာကာ ရေလာခပ်သောသူများနှင့် အလာပ ဿလာပ စကားများ ပြောတတ်လေ၏။
ထို့ကြောင့် တစ်ရွာလုံး ရှိကလေး လူငယ် လူကြီးများပါမက အားလုံးက သူ့အားခင်ကြလေသည်။
''ဦးကုလားကြီး ……… နေကောင်းလားဗျ''
''ကောင်းတယ် ……… ငပုရ ……… မင်းတို့ တွင်းရေခမ်းပလား''
''မခမ်းရန်ကောလားဗျာ ……… ထမင်းချက်ဖို့
တောင် ရေမကျန်တော့ဘူး''
ငပုဆိုသော လူငယ်လေးက ထိုသို့ပြောရင်းကန်ထဲက ရေများကို ၄င်း၏ ရေစည်လှည်း
ထဲသို့ထည့်လေ၏။
''ဟေ့ကောင် ……… ငပု ……… မင်း အဖေကော
နေကောင်းသလားဟ''
''ကောင်းတယ် ……… ဦးကုလားကြီးရေ''
''အေအေ ……… ငါလည်း အားရင်လာလည် အုံးမဟေ့''
''လာဗျာ ……… လာတဲ့နေ့ ……… တခါတည်း ထမင်းပါစားသွား ……… ''
''အေးပါကွာ ……… အေးပါ''
အစရှိသဖြင့်လိုက်လျောညီထွေ နေထိုင်တတ်သော ကုလားကြီး၏ ဇာတ်သိမ်းကား သိပ်မကြာခင်မှာပင်စလာလေတော့၏။
မှောင်မိုက်သော ည တစ်ညတွင် တိတ်တဆိတ် ထွက်ပေါ်လာသော ကုလားကြီးတို့ အိမ်ဆီမှအသံများ
''မြရင် ……… အေ့ ………ထမင်းခူးပြီးပလား''
''အို ……… တော်ပြန်လာတာ ……… အချိန်လည်း ကြည့်ပါအုံးတော် ………ပတ်ဝန်းကျင်တောင် အားနာဖို့ကောင်းနေပြီ''
''ဘာ ……… ကိုယ်ဝင်း ကိုယ်အိမ်နဲ့နေတာတောင် ……… ပတ်ဝန်းကျင်ကို အားနာရမတဲ့
လား ……… ဘာလဲ ……… ပတ်ဝန်းကျင်ဆို တာ ……… သူတို့က နင့်ကို ထမင်းကျွေးတာလား ……… ငါကကျွေးတာလား''
''တော် တော် ……… တော်ပါတော့ ……… ကို သောင်းတန် ရယ် ရှင့်သား ရော ကျွန်မ မောင် ကော ……… အိပ်နေပြီ''
''ထမင်းခူးဟာ ……… ငါ့ကိုအပိုတွေမပြောနဲ့ငါဝိုင်းရှုံးလာလို့ ……… ဒေါသဖြစ်နေတာနော်''
အမှန်ပင် ဟိုဘက်ရွာ အသုဘ မှ ဖဲရိုက်ပြီးပြန်လာခဲ့ခြင်းဖြစ်လေ၏။ အချိန်ကား ညဆယ်နာရီပင် ထိုးလုတော့မည်။
''ဟိုလေ ……… ထမင်းက ……… ရှင်ပြန်မလာတော့ဘူး ……… မှတ်လို့ ………နောက်ပြီး ဒီကနေ့ ကျွန်မ ထမင်းချက်တာ နည်းသွား
တယ် ……… ကိုသောင်းတန်''
''ဘာ ……… မြရင် ဘာပြောတယ်''
ဖဲရှုံးလာသလို ဗိုက်ကလည်း ဆာနေသော ဦးသောင်းတန် တစ်ယောက် ထမင်းမရှိတော့
ဘူး ဟူသော မြရင်၏ စကားကြောင့် ဒေါသချောင်းချောင်းထွက်သွားလေတော့၏။
ဒေါသအလျောက်ပြောလိုက်သော အသံမှာလည်း ဟိန်းခနဲ ဖြစ်သွား ဇနီးဖြစ်သူ မြရင် မှာ တုန်ကနဲ ဖြစ်သွားလေတော့၏။
''တောက် ……… လင်ကတော့ ပိုက်ဆံရှာပြီး ပြန်လာတယ် ……… အိမ်ရောက်တော့ စားစရာထမင်းတောင် မရှိဘူး ……… ''
''ခု ……… ခုပဲ ပြန်ချက်လိုက်ပါ့မယ် ………ကိုသောင်းတန်ရယ်''
မြရင် အသံက ကတုန်ကယင်။
''ချက်မနေနဲ့ ……… ငါမစားဘူး ……… အလုပ် လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ……… ညည်းလင်အတွက်ကျတော့ စေတနာမပါဘူး ……… ဘာအလုပ်မကိုင်မှ မရှိ အိမ်မှာ ထိုင်စားနေတဲ့ညည်းမောင်ကျ သဒ္ဒါတယ်လား ……… ဟမ် မြရင်''
''အို ……… ကျွန်မမောင်ကို အဲ့လို မပြောပါ နဲ့ ကိုသောင်းတန်ရယ် ……… သူ့ခမျာ ဒုက္ခိတလေးမို့ပါ''
''အို ……… ဘာဖြစ်ဖြစ် ……… ဂရုမစိုက်ဘူး
အိမ်အတွက် ဘာအသုံးမှမကျတဲ့ကောင် ………အလကား ဆန်ကုန်မြေလေးကောင် ……… သေတာမှ နားအေးအုံးမယ် ……… တောက်''
''ကလေးတွေ ……… နှိုးကုန်ပါအုံးမယ် ……… ကိုသောင်းတန်ရယ်''
''နှိုး …… နှိုးဟာ ……… ပေးစမ်းငါ့ကို …… ပိုက်ဆံ ……… ငါမကျေပွဲပြန်သွားနွဲမယ်''
အရက်လည်း မူးနေသော ကိုသောင်းတန်မှာတော့ ပိုက်ဆံထပ်ယူကာ အိမ်ထဲမှ ဒယီးဒယိုင်ပြန်ထွက်သွားလေတော့၏။ ဇနီးဖြစ်သူ မြရင်
မှာတော့ အိမ်ထဲ၌ တရှုံ့ရှုံ့ငိုရင်း ကျန်ခဲ့လေ၏။
အိမ်ရှေ့မှ ဖြစ်နေသော စကားသံများကို ကုလားကြီး တစ်ယောက် အိပ်ခန်းထဲမှအတိုင်းသားကြားနေရလေ၏။
''ငါ တကယ်ပဲ ……… လူပိုတစ်ယောက်လား……… တကယ်ပဲ ဆန်ကုန်မြေလေးလား ………ငါက တကယ် ဘာအသုံးမကျတဲ့ ……… ကောင်လား ……… ငါသေရင် တကယ်အေးချမ်းမှာလား''
စိတ်ထဲ၌သာ ပေါက်ကွဲထွက်သွားသော ကုလားကြီး၏ စကားလုံးများဖြစ်လေ၏။ မွေးရာပါစိတ်မမှန်သည့် ကုလားကြီးတစ်ယောက် မှာတော့ ယောက်ဖ ဖြစ်သူ၏ ထိုစကားများကိုအမှတ်မထင်ကြားလိုက်ရသော အခါ သူ၏
ကြောက်စရာ အတွေးများက သူ့ကို စတင်ခြောက်လှန့်လာလေတော့သည်။
သေးသေးလေးကို လည်းအကြီးကြီး တွေးတတ်သလို အကြီးကြီးကိုလည်း သေးသေးလေး တွေးရင်တွေးတတ်သည်ကား သူတို့သဘာဝလိုဖြစ်နေလေ၏
---------------------
ဒီနေ့လေးက တနင်္လာနေ့ရာသီဥတုက ပုံမှန်မဟုတ်သလို မိုးကြီးကလည်း မှိုင်းညှို့ညှို့။မိုးရွာမည့် အရိပ်အယောင်ပင်မြင်နေရလေသည်ရွာကလေးထဲ၌ လူများ လူးလားခေါက်ပြန်စည်ကားနေသော်လည်း ရွာပြင် ကန်ကြီးသုံးကန် နားတွင်တော့ တိတ်ဆိတ်စွာ အကျည်း
တန်လွန်းလှပေသည်။
လူသူတစ်ဦးတစ်ယောက်မှလည်း ထိုနေ့တွင်ရေခပ် မလာကြသလို စိတ်ညစ်မှု ပေါင်းများစွာ ရူးကြောင်ကြောင်အတွေးများမြောက်များစွာဖြင့် ကုက္ကိုလ်ပင်ကြီးအောက်တွင် ထိုင်နေသော ကုလားကြီးတစ်ယောက်သာရှိလေ၏။
သူ့မျက်နှာ တစ်ခုလုံးလည်း မိုးတိမ်မဲများလိုညှို့မှိုင်းအုံ့ဆိုင်းလို့။ ရစ်ဝဲရစ်ဝေနေသော မျက်လုံး အိမ်မှ မျက်ရည်စများကိုတော့ အောက်မကျ
သွားအောင် သူထိန်ထားသည်။ လက်ထဲတွင်လည်း ပုလင်းငယ်လေးတစ်လုံးကိုကျစ်ကျစ်ပါနေအောင်ဆုပ်ထားရင်း။
''အဖေ နဲ့ အမေ ရာ ………ကျုပ် ခင်များတို့ကိုလွမ်းတယ် ……… အမေတို့သိလား ………ယောက်ဖ က အမေတို့မြေးလေးနဲ့ အမေတို့သမီးကို ……… မူးလာတိုင်း အနိုင်ကျင့်တယ်ဗျ''
ကုလားကြီးမှာ အသက်သုံးဆယ်ကျော် လူကြီးတစ်ယောက်ပင်ဖြစ်သော်လည်း ခံစားတတ်သော ပုထုဇဉ်လူသားတစ်ယောက်မို့ ရင်တွင်းခံစားချက်များကို တစ်ကိုယ်တည်းဖွင့်ထုတ် ပစ်ချနေမိ၏။ ၄င်း၏ အသံများမှာလည်း ဝမ်းနည်းမှုတို့ကြောင့် တုန်ရီ အက်ရှလို့။
''နောက်ပြီး …… ကျုပ်ကိုအသုံးမကျတဲ့ကောင် ……… ဆန်ကုန်မြေလေးကောင်တဲ့ ………သေမှအေးမှာတဲ့ ……… အမေ ……… သားလည်းတကယ်သေချင်နေပြီဗျ ……… တူလေးနဲ့ အမကို နိပ်စက်အနိုင်ကျင့်နေတာလည်း ………မကြည့်ချင်တော့ဘူး ……… အမေတို့နဲ့လည်း သားလာနေချင်ပြီ ……… သားကိုလာခွင့်ပြုပါဗျာ ……… အီးဟီးဟီး''
ကုလားကြီးတစ်ယောက် ပြောရင်းနှင့်ပင်ငိုချလိုက်မိတော့သည်။ ရုတ်တရက် မိုးအနံ့ပါသော လေအေးအေးက သူ့နောက်ကျောမှ ဖြတ်တိုက်သွားသည်ကိုလည်း ခံစားမိလိုက်၏။ လူ့လောက ကြီးဆီမှ နောက်ဆုံးသောသဘာဝ ရနံ့ကို သူနှာခေါင်းတစ်ဆုံး အဆုတ်ထိတိုင် ရှူသွင်းပစ်လိုက်၏။ အရာရာကို သူတစ်ချက်မျှ ပြုံးပြလိုက်ရင်း လက်ထဲမှာကိုင် ထားသည့် ပုလင်းလေးကို သူတစ်ချက်ကြည့်မိသည်။ '' ဒါကို သောက်လိုက်ရင်တော့ ငါသေ
မှာဘဲ '' ဟူ၍ တွေးလိုက်ရင်း ပုလင်းဖုံးလေးအား အသာဖွင့်လိုက်၏။
''ကျွန်တော် ……… အမေတို့ဆီလာနေပြီ''
''...... ''
ပုလင်းထဲက အရည်များက သိပ်မများလှပေ။ရေတစ်ငုံစာသာသာလေးသာ ရှိလေ၏။ သူ၏မျက်လုံးများရဲနေချေပြီ။ သို့သော် သူအပြုံးမပျက်ခဲ့။ တစ်အောင့်လောက်အကြာမှာတော့ထိုပုလင်းလေးမှာ မြေကြီးပေါ်သို့ တလိမ့်လိမ့်ပြုတ်ကျသွားလေတော့၏။
ပုလင်းလေးနှင့် အတူ ပုံလျက်သား ပြုတ်ကျသွားသည်ကား
ကျပ်မပြည့်တဲ့ ငဒူ ကုလားကြီးခေါ် ကိုမြတ်ကောင်း ပင်ဖြစ်နေပါတော့၏။ ကုလားကြီးတစ်ယောက် အရာရာကို ကျောခိုင်းစွန့်ခွာသွားခဲ့ချေပြီ။ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့သော ကုလားကြီး၏ နောက်ဆုံးနေ့စွဲကား မလှပခဲ့ရှာတော့ပေ
လေ လေးတစ်ချွန်ချွန်ဖြင့် ရွာထဲမှ ရေစည်လှည်း တွန်းလာသော ဂျပုခေါ် သာဗျော။ သူ့အတွေးလေးနှင့် သူ ပျော်ရွှင်လို့နေလေ၏။မိုးသား တိမ်လိပ်များသည် လည်းမိုးမရွာဘဲကင်းစင်သွားသလို မပူဘဲလေအေးအေးလေးများ တစိမ့်စိမ့် တိုက်ခတ်ပေးနေသည်မို့လည်းအတော် အရသာရှိလှပေ၏။ သို့သော် ကန်ကြီး သုံးကန်နား မရောက်ခင် အချိန်မှာတော့ သူ၏အပျော်များ ရုတ်တရက်ပျောက်ဆုံးသွားခဲ့ရတော့၏။ ကုက္ကိုလ်ပင်အောက်တွင် လဲနေသောလူတစ်ယောက် ကို သူမလှမ်းမကမ်းက လှမ်းတွေ့လိုက်လေတော့၏။
''ဟာ ……… ဦးကုလားကြီးကတော့ ……… မူးပြီးမှောက်နေပြီ …… ထင်တယ် …………မသောက်တတ်ဘဲ …………သောက်တာကိုး ……သူမူးရင်တော့ ……… တော်တော် ရီရမှာ ……လောလောဆယ်တော့ ……… ပိုးလိုးပက်လက်လန်နေတာ ကြည့်မကောင်းဘူး ……… ငါသွားနှိုးအုံးမှပါလေ''
ဟူ၍ တစ်ကိုယ်တည်းပြောရင်း ကုလားကြီးလဲနေရာသို့ တဖြေးဖြေးချဉ်းကပ်လာခဲ့တော့၏။
''ဗျို့ ……… ဦးကုလားကြီး ……… ထထ ………လူမြင်မကောင်းပါဘူးဗျာ''
သို့သော် လဲကျနေသောကုလားကြီးကား ထမလာရှာတော့ပေ။ ဂျပုလည်း တဖြေးဖြေးနီးနီးသွားကာ ကပ်ကြည့်လိုက်တော့
''ဟာ ……… ပါးစပ်ကလဲသွေးတွေနဲ့ …… ဟာ ဦးးကုလားကြီး''
ဂျပုလှုပ်လှုပ်၍ နှိုးသည့်တိုင် ကုလားကြီးကားထမလာနိုင်တော့ပေ။ ထိုစဉ် ၄င်းနှင့် မလှမ်းမကမ်းမှ ပုလင်းငယ်လေးကို အမှတ်မထင်တွေ့သွားလေတော့၏။
''ဟာ ……… အဆိပ် ……… အဆိပ်ပုလင်းပါလား ……… မဖြစ်ဘူး ……… ရွာ ……… ရွာလူကြီးခေါ်မှဖြစ်မယ်''
ဂျပု လည်း ထိုသို့တွေးရင်း ၄င်း၏ ရေစည်လှည်းပင် မယူနိုင်တော့ဘဲ ရွာထဲ ဒုန်းဆိုင်း
ပြေးဝင်သွားလိုက်တော့၏။ မကြာမီမှာပင်ရွာလူကြီးနှင့် ကာလသားအချို့နှင့် အတူတူ
ပြန်ရောက်လာခဲ့တော့သည်။
''ဟာ ……… ဒီကောင် ……… အဖန်ငါးရာ ငါးကမ္ဘာ ခံရတော့မှာဘဲ ……… ''
''ဘာလို့ ……… ကိုယ့်ကိုကိုယ်သတ်သေသွားတာလဲကွာ ''
''ဒီကောင်က ………လူကောင်းလေးပါ''
ရွာသူရွာသားများ၏ တစ်ယောက်တစ်ပေါက်ပြောဆိုသံများက ကုက္ကိုလ်ပင်ကြီးအောက်တွင် ညံညံစီသွားလေတော့၏။ သို့သော် သေ
သွားတော့ ကုလားကြီးမှာတော့ ပြန်ထမလာတော့ပေ။နောက်နေ့မှာတော့ '' ရွာပြင်
ကုက္ကိုလ်ပင်ကြီးမှာ ကုလားကြီးအဆိပ်သောက်သေလို့တဲ့ဟေ့ '' ဟူသော သတင်းကား ချက်ချည်းဆိုသလို ပျံ့နှံ့သွားခဲ့လေပါတော့သတည်း ………………………… ။ ။
''ဟဲ့ ……… ကုလားကြီးက……… အစိမ်းသေဆိုတော့ ကျွတ်မှကျွတ်ပါ့မလားဟင်''
''အိုအေ ……… အစိမ်းသေဆိုတော့ ……… သရဲဖြစ်နေလောက်ပြီအေ့''
''ဟုတ်တယ် ……… ဟုတ်တယ် ……… သူက ရွာပြင်က ……… ကုက္ကိုလ်ပင်ကြီးကို စွဲပြီး ကျွတ်ချင်မှကျွတ်မှာအေ့''
''အေ ……… ညည်းကလည်းပေါက်ပေါက်ရှာရှာ………… ဘာတွေပြောနေတာလဲ ……… ကျုပ်တို့က ……… ညည အဲ့ကန်ကြီးမှာ ရေသွားခပ်နေကျ ……… ညည်းပြောတာနဲ့ ကျုပ်တောင်ကြက်သီးထလာပြီ''
''အို …… ဘာဖြစ်လဲအေ……… ကုလာကြီးက လူပျိုကြီးပါဟဲ့ ………… ''
''ဟဲ့ ကောင်မတွေ ……… ဘာတွေပြောနေတာလဲ နင့်လင်က ……… အစိမ်းသေနော်……… ''
''အမယ်ကြည့်ပါအုံး………အပျိုကြီးက ရှက်သတဲ့ ……… ခစ်ခစ်''
ရွာထဲက အပျိုချောတို့ အုပ်စု စုမိ၍ ရောက်တတ်ရာရာစကားများကိုပေါက်ပေါက်ရှာရှာ ပြောဆိုနေကြခြင်းဖြစ်လေ၏။အမှန်ပင် သူတို့ပြောသလို ကုလားကြီးကား မကျွတ်မလွတ်ဘဲ ရွာပြင်ကုက္ကိုလ်ပင်ကြီးတွင် ရှိနေမည်ဆိုပါက။
ပတ်ဝန်းကျင်အား အမှောင်ထုက ကြီးစိုးထားတုန်းပင်။ အလင်းရောင်က မရေမရာ ဝိုးတဝါး။အချိန်အားဖြင့်တော့ မနက်လေးနာရီဝန်းကျင် ပင်ဖြစ်လေ၏။ ထိုအချိန်၌ အမှောင်ရိပ်ထဲမှလူတစ်ယောက်က တရွေ့ရွေ့နှင့် လျှောက်လာ
နေချေပြီ။ ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရသည့် အလျောက်ကတော့ မိန်းမတစ်ယောက်ပင်ဖြစ်ပေလိမ့်မည်။ ခေါင်းပေါ်တွင်လည်းဒန်အိုး ခပ်ကြီးကြီးကို ရွက်ထားရင်းပင်။ ထိုမိန်းမကား မနက်အစောကြီးဖြစ်လင့်ကစား မကြောက်မလန့်ပင် လမ်းကို ဖြေးဖြေးမှန်မှန်လျှောက်လာရင်းမှ မကြာမီတွင် ကုလားကြီးသေထားတော့ ကုက္ကိုလ်ပင်ကြီးဆီသို့ရောက်လာပေတော့မည်။ သို့သော် ထိုမိန်းမ၏ ပုံစံကားကြောက်လန့်ပုံမပေါ်ပေ။ အသက်အရွယ်အားဖြင့် တော့ လေးဆယ်ကျော်ဝန်းကျင်လောက် ရှိပေလိမ့်မည်။
ထိုမိန်းမကြီး အတန်ကြာအောင် လမ်းလျှောက်လာခဲ့ရသည် ထင်၏။ ကုက္ကိုလ်ပင်နှင့် ခုနစ်လှမ်းအကွာလောက်အရောက်မှာတော့ သူ့ခေါင်း ပေါ်က အိုးကြီးကို ချကာ ခတ္တအနားယူနေလေ၏။
''ဟူး ……… အမလေး နွေရယ် ……… ခုလိုမနက်ခင်းကြီးတောင် ပူလောင်နေရသလား''
တစ်ကိုယ်တည်း ညည်းတွားရင်း ခေါင်းခုစုတ်လုပ်လာသည့် ပုဆိုးစုတ်ကို ယပ်ခတ်ရင်းအမောဖြေနေလေသည်။ မလှမ်းမကမ်းရှိ ကုက္ကိုလ်ပင်
ကြီးမှာတော့ အမှောင်ထဲကတစ္ဆေကောင်ကြီးလို ခြောက်ချားဖွယ်ကောင်းလှပေ၏။ သို့သော်ထိုမိန်းမကြီးမမှုပါ သူသည် ထိုရွာလေးက ဖြစ်ဟန်လည်းမတူ။ အတန်ကြာအောင် အမောဖြေပြီးတော့ သူချထားသော အိုးကြီးကို ရွက်ရန်ခေါင်းပေါ်သို့ပင့်လေတော့၏။ သို့သော် အိုးကြီးမှာလေးသဖြင့် တစ်ယောက်တည်းမပင့်နိုင်
သေးပေ။
'' ……''
ထိုစဉ် မထင်မှတ်ဘဲ ကုက္ကိုလ်ပင်ကြီးနားကခြေသံ တစ်ချွတ်ချွတ်ကို ကြားလိုက်ရလေ
တော့၏။
''ဟေ့ ……… ဘယ်သူလဲ''
ပြန်ဖြေသံမကြားရပေ။ ထိငအချိန်မှာပင် အရိပ်တစ်ခုက လှစ်ခနဲ ကုက္ကိုလ်ပင်ကြီးအောက်တွင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရလေတော့၏။
လူကိုတော့သဲကွဲစွာ မမြင်ရသေးပေ။
''ဟေ့ ……… ဟိုရှေ့က ……… ဘယ်သူလဲ ………
လူဆိုရင် ………… ကျုပ်ကိုနွားနို့အိုးလေး ခေါင်းပေါ်ပင့်ပေးပါအုံး''
ဟူ၍ လှမ်းအသံပြုလိုက်တော့မှ ကုက္ကိုလ်ပင်ကြီးအောက်က လူတစ်ယောက် တဖြေးဖြေး
ရုပ်လုံးပေါ်လာလေတော့၏။ ထိုသူကား အသားမဲမဲ နှင့်ကုလားနှင့် တူလှပေသည်။
''လာပါအုံးအေ ……… အဒေါ့်ကို ဒါလေးလာပင့်ပေးချေအုံး''
မိန်းမကြီးလည်း ထိုသို့ပြောလိုက်လျှင်ပဲကုက္ကိုလ်ပင်အောက်မှ လူလည်း တဖြေးဖြေးလျှောက်လာကာ ထိုမိန်းမကြီး၏ နွားနို့အိုးကို ပင့်ပေးလိုက်တော့၏။
''ကျေးဇူးတင်ပါတယ် ……… ငါ့တူရယ် ………ကျေးဇူးပါပဲကွယ်''
ထိုမိန်းမကြီးလည်းကျေးဇူးတင်ကြောင်း
တစ်ဖွဖွပြောရင်း ရွာထဲသို့လာခဲ့လိုက်တော့၏။သူအနောက်ကို လှည့်ကြည့်လိုက်တော့ စောစောက လူမှာ ကုက္ကိုလ်ပင်ကြီးအောက်မှ ဘယ်ကိုမှ
မသွားသေးသည်ကို ထူးဆန်းဖွယ်တွေ့လိုက်ရလေတော့၏။ မိန်းမကြီးလည်း ခြေလှမ်း
များကို နည်းနည်းအရှိန်တင်ကာ ရွာထဲသို့ဝင်သွားခဲ့လိုက်တော့၏။
ထိုမိန်းမကြီးကား စျေးထဲတွင် နွားနို့ရောင်းသော အရီးတင် ပင်ဖြစ်လေ၏။ သူစျေးထဲရောက်တော့ လူများပင်တော်တော်စည်နေချေပြီ။ အရီးတင်ကား ထိုရွာက မဟုတ်ပေ။ ထိုကြောင့်လည်း ကုက္ကိုလ်ပင်ကြီးအောက်တွင်
ကုလားကြီးအဆိပ်သောက်ကာ သတ်သေသွားဘသည်ကို မသိရှာသေးပေ။
''အရီးတင် ……… နောက်ကျလှချည်လားတော့''
ငါးသည် မိဂျမ်းခင် ကလှမ်းနှုတ်ဆက်လေ၏။
''အမလေးဟယ် ………ညည်းတို့ရွာထိပ်ကကုက္ကိုလ်ပင်နား မောလို့ တထောက်နားနေတာ''
''ရှင် ……… ဘယ်လို''
''အေးဟယ် ……… ဒီကနေ့ နွားနို့ကများတော့ငါ့မှာ နားပြီးတော့ …… နွားနို့အိုးကို ပြန်မရွက်နိုင်လို့ကြာနေတာ''
အရီးတင်က ပြောရင်း ခနနားလေ၏။ မိဂျမ်းခင် မှာတော့ မျက်လုံးအဝိုင်းသားဖြင့် အရီးတင်အားကြည့်နေလေ၏။
''တော်သေးတာပေါ့အေ ……… လူတစ်ယောက်
နဲ့တွေ့လို့ ……… ငါ့မှာ''
''ရှင် ……… ဘယ်သူလဲ……… အရီးတင်''
''ဘယ်သိမလဲဟဲ့ ………အသားမဲမဲ အရပ်ရှည်ရှည်နဲ့ ……… ''
အရီးတင်ပြောသည်ကိုနားထောင်ရင်း မိဂျမ်းခင် ကြက်သီးထနေလေ၏။ ပြီးမှ
''ဒါဆို ……… ဧကန္တ အရီးတင် ကုလားကြီးနဲ့တွေ့လာပြီထင်တယ် ''
''ဟဲ့ ……… ဘယ်ကကုလားကြီးလဲ''
အရီးတင်လဲ နားမလည်သည့် အမူအရာဖြင့်
''တလောကလေ ……… အရီးတင် မကြားမိဘူးလား ……… အဲ့အပင်ကြီးအောက်မှာ ကိုယ့်ဘာသာ အဆိပ်သောက်သေသွားတဲ့ ကုလားကြီး ကို ပြောတာပေါ့တော့ ''
''ဟေ ……………''
အရီးတင် တစ်ယောက် ''ဟေ '' တစ်လုံးသာပြန်ပြောနိုင်လေတော့၏။ ထို့နေ့ပြီး နောက်
တစ်ပတ်လောက်ထိ အရီးတင်စျေးမလာနိုင်တော့ပေ။ တစ္ဆေခြောက်ခံရပြီး အဖျားကြီးသွား
သည်ဟုသာ ကြားလိုက်ရလေ၏။ ထိုနည်းအတူပင် ကုလားကြီးတစ်ယောက် မကျွတ်ဘဲကုက္ကိုလ်ပင်ကြီးအောက်တွင် ခြောက်လှန့်နေ
သည်ဟုသော သတင်းလည်း ကြီးသထက်ကြီးလာလေတော့၏။ နေကောင်းပျောက်တော့အရီးတင် တစ်ယောက် အလင်းရောင်ထွက်မှသာ စျေးလာရောင်းတော့၏။ ကုလားကြီးခြောက်လိုက်တော့ အရီးတင်ကား မနက်စောစော စျေးလာရောင်းသည့် အကျင့်ပျောက်သွားခဲ့ပါလေတော့၏။
''ရွာထိပ် ……ကုက္ကိုလ်ပင်ကြီးမှာ ……… ကုလားကြီးရှိတယ် ''
ဟူသော သတင်းကလည်း အလွယ်တကူပင်မီးခိုးကြွက်လျှောက် တစ်ရွာလုံးတစ်မဟုတ်ချင်းပျံ့နှံ့သွားခဲ့တော့သည်။
----------------------
''ကုလားကြီးက ………မကျွတ်ဘူးတဲ့''
''ဟုတ်တယ် ………အစိမ်းသေဆိုတော့ ………ဘယ်ကျွတ်မလဲ ……… ''
''တစ်နေ့ကပဲ ……… စျေးထဲက နွားနို့ရောင်းတဲ့ အဘွားကြီးကို ခြောက်လိုက်တာ''
''အို ……… သာလှတို့လည်း ည အဲ့က ဖြတ်ပြန်လာတော့ ……… လက်ယှပ်ခေါ်နေတာတွေ့ရတယ်တဲ့''
''ဟုတ်တယ်ဟေ့ ……… ညဆို ……… ကုက္ကိုလ်ပင်ကြီးအောက်မှာ တစ်ယောက်တည်း လျှောက်သွားနေတာ ''
''ရက်လည် ပြီးပြီ မဟုတ်လား …… သူကဘာလို့ မကျွတ်ရတာတုန်း''
''အိုအေ ……… သူက လူ့ဘဝတည်းက ………လအ ကိုး သေတော့ ဘုန်းကြီးစာတွေ နားမလည်လို့နေမှာပေါ့ ''
အစရှိသဖြင့် တစ်ယောက် တစ်ပေါက်အကောင်း တစ်လှည့် မကောင်းတဖန်ပေါက်ကရပြောဆိုကြလေ၏။ အမှန်တကယ်လည်း ကုလားကြီးကားထို ကုက္ကိုလ်ပင်ကြီးအောက်တွင် မကျွတ်လွတ် ဘဲ ခြောက်လှန့်နေခြင်းကား အစစ်အမှန်ပင်ဖြစ်နေလေတော့၏။
( ကုလားကြီးသေပြီး တစ်လ အကြာ တစ်ခု
သော လပြည့်ည )
ကုလားကြီး မသေခင်နေထိုင်ခဲ့သောနေရာကားရွာလေးတစ်ရွာဖြစ်လေ၏။ ရွာတစ်ရွာဟုပြောလိုက်သည်နှင့် အိမ်ခြေအနည်းငယ်သာရှိသောတည်နေရာလေးတစ်ခုကို စာဖတ်သူတို့ ပြေးမြင်ကြပေလိမ့်မည်။ ဟုတ်ပေသည် အိမ်ခြေနှစ်ရာသုံးရာ သာရှိသော ထိုရွာလေးထဲတွင် လူပေါင်းလေးငါးရာရှိပေလိမ့်မည်။ ထိုလူပေါင်းလေးငါးရာထဲတွင် ကလေး လူကြီး လူငယ် သက်ကြီးရွယ်အို မိန်းမ ယောကျာ်း အစရှိသဖြင့် လူပေါင်းစုံရှိနေပေလိမ့်မည်။ ထိုလူများထဲမှ ကြောက်စ ရာ အကောင်းဆုံးကား လူငယ်များပင်ဖြစ်လေ၏။ လူငယ်ဟူသည်ကား အရာရာကို စူးစမ်းလိုသော ဆန္ဒရှိသူများဖြစ်သလို ထိုသို့ စူးစမ်း
ရန် အတွက် လုံးလောက်သော အတွေ့အကြုံသဘာဝါ နုနယ်သော သူများလည်းဖြစ်လေ၏။
တစ်ည တစ်၌ ရွာလည်က ကိုဝန အရက်ဆိုင်တွင် ရွာထဲက ကာလသားလူငယ်များစုကား
အရက်ဝိုင်းဖွဲ့နေကြလေ၏။ အရည်လေးများအနည်းငယ် ဝင်လာသည်နှင့် အတူ စကားများလည်းလေးတွဲ့ကာ ဝဲတဲတဲဖြစ်လာကြချေပြီ။
''ဟေ့ကောင်တွေ ……… ရွာထိပ်မှာ ဦးကုလားကြီးခြောက်တာ ……… အသေကြမ်းတယ်ဆိုပဲဂေ့''
''ဟုတ်……… ဟုတ်တယ် ……… တို့ရွာထဲကသတ္တိခဲတွေတောင် ………… ညဘက်အက်ရှေ့ဖြတ်မလျောက်ရဲဘူးကွ ……… အွတ်''
''ချချ ……ယောက်ဖ''
''အောင်မြင်ပါစေ ……… ''
''အားပါးပါး ……… ပူဆင်းသွားတာပဲ''
''အေ့ ……… ဖွီး''
''ဟေ့ ……… ဖိုးထောင်……… ငြိမ်လှချည်လား……… ''
ဖိုးထောင် ဆိုသော လူငယ်က ဘာမှဝင်မပြောပေ။ ဂွတိုပြောသည်ကိုသာ အသာနားထောင်ရင်းမဲ့ပြုံးပြုံးလိုက်လေ၏။ သူတို့အားလုံးအရက်ရှိန်တွေနှင့် ကောင်းနေလေ၏။
''ဟ ……… မင်းက ……… ပြုံးတယ် ဆိုတော့ငါတို့ပြောတာ ……… ဟာသထင်နာလားဟမ်ဟျောင့်''
''ဂွတို ……… မင်းမူးရင် အေးဆေးနေကွာ ………မင်းတို့ ပြောတဲ့ ……… သရဲ တစ္ဆေတွေကယုတ္တိမှ မရှိတာ''
ဖိုးထောင်က ထိုသို့သာအသာအယာချေပလိုက် လေတော့၏။
''ဟာ …… ဟျောင့် ……… မင်းအဲ့လိုပြောမျဝူးလေ ……… တူများတေတောင် ခြောက်ခံရလို့ ……… ပြောနေကြတယ်ကွ ……… အေ့''
ဂွတိုကလည်းလျှာလေးအာလေးကြီးဖြင့်ထို
သို့ပြန်ပြောလေ၏။
''အေ့ကွာ ……… ဘယ်သူခြောက်ခြောက် ………ငါမကြောက်ဘူး …… ဟုတ်ပလား ……… ယုံလဲမယုံဘူးကွာ ……… ဂေ့ဖွီး''
''ဒါတော့ ……… နဲနဲများသွားပြီ ဖိုးထောင်ယောင့် …… မင်းမကြောက်ရင် ……… ဒီည
သန်းခေါင် မင်းသွားပလား …… ပြီးရင် ဓားရာသုံးချက်ပေးခဲ့ ……လုပ် ရဲလား……… နော်ဟျောင့်တေ''
''ဟုတယ်ဟေ့ ……… ထောက်ခံတယ် ………''
ကျန်အပေါင်းအပါများကလည်း ဂွတိုပြောသည် ကို ထောက်ခံကြလေ၏။
''ဟျောင့် ……… ဖိုးထောင် ……… မင်းကြားတယ်နော် ……… အေ့ ……… မင်းဒီည သန်းခေါင် အဲ့အပင်အောက် သွားရဲ့လ''
ဖိုးထောင် တဒင်္ဂ ငြိမ်သက်သွားလေ၏။ ဂွတိုက ဖိုးထောင် ငြိမ်သက်သွားသည်ကို ကြည့်ကာတဟားဟားရယ်မောလိုက်တော့၏။
''ဟား ……… ဟား ……… ဟား ……… မင်းမသွားရဲပါဘူး …… ဖိုးထောင်ရာ ……… ယော့မင်းသွားမယ်ဆို ………… ငါ့လက်စွပ် ………
အပိုင်သာ ယူလိုက် ''
'' ……… ''
ပြီးနောက် ၎င်း၏ ငါးမူးသားခန့် ရှိသော ရွှေလက်စွပ်မောင်းကွင်းကို အရက်စားပွဲပေါ် ချွင်ကနဲနေအောင် ပစ်တင်လိုက်တော့သည်။
''မင်းကြောက်ပြီး ………ပြေးရင်တော့ ……နောက်လကုန်အထိ ……… ငါတို့ကို အရက်တိုက်ရမယ် ……… ဟမ်ဟျောင့် ……… ဘလိုလဲ့''
ပြီးနောက် ဖိုးထောင်အား တစ်ချက်စောင်းကြည့်ကာ
''စိန်ခေါ်ရဲလား ……… ဟျောင့် ……… အေ့ ခုမှကိုးနာရီပဲ ရှိသေးတယ် ……… ဟုတ်ပလားအော့''
ဖိုးထောင်လည်း ဂွတိုအား တစ်ဖန် ခပ်စိမ်းစိမ်းကြည့်ရင်း ပြတ်သားသော အဖြေတစ်ခုကို ပေးလိုက်တော့သည်။
''ငါ စိန်ခေါ်တယ်……… ဂွတို''
ဖိုးထောင်က ထိုသို့ပြောရင်း ဂွတို၏ လက်စွပ်ကို ကောက်ယူလိုက်လေတော့၏။ ပြီးနောက်
အရက်သောက်နေရာမှ ထရပ်လိုက်တော့သည်။
''ဒီည ……… ဆယ့်နှစ်နာရီ ……… ကုက္ကိုလ်ပင်အောက်ကို ……… ငါသွားမယ်''
ဟုပြောရင်း လှည့်ထွက်သွားလိုက်တော့၏။
''ကြိုက်ပီ ……… ကြိုက်ပီ ……… ဂွတိုကွ ………ဒါမျိုးမှ ကြိုက်တာ ……… ဂေ့ ''
''ဖြောင်း ……… ဖြောင်း ……… ဖြောင်း''
အရက်နံ့ တွေ တထောင်းထောင်းထနေလေပြီ။
ဆိုင်ထဲတွင် ထိုင်လျက်သား ကျန်ခဲ့သော ဂွတိုမှာလည်း ဖိုးထောင်အား လှောင်ပြောင်သရော်သလို လက်ခုပ်တီးကာ နေခဲ့လိုက်တော့၏။ထိုနေ့ည ညသန်းခေါင် အချိန် လူငယ်နှစ်ယောက်၏ စိန်ခေါ်ပွဲကား ကြောက်စရာကောင်းလှပေ၏။ တစ္ဆေအခြောက်ကြမ်းသော ရွာပြင်ကုက္ကိုလ်ပင်ကြီး ဆီသို့ ဖိုးထောင် ဒီည သန်းခေါင်တွင် သွားတော့မည်။ ဂွတိုမှာတော့ ဆိုင်ထဲတွင် မဲ့ပြုံးပြုံးရင်းသား။ နာရီများက တစ်ရွေ့ရွေ့လှည့်ပတ်နေချေပြီ။
''တုန် ……… တုန် ……… တုန် ……… တုန်''
ညသန်းခေါင်အချိန် သို့ရောက်ပြီဖြစ်ကြောင်းကို ဘုန်းကြီးကျောင်းမှအုန်းမောင်း တတောင်တောင် ခေါက်ကာ အချက်ပေးနေချေပြီ။ ပတ်ဝန်းကျင် မှာတော့ အရာရာအလျဉ်း တိတ် ဆိတ်လျက်။ အပ်ကျသံပင်ကြားရလောက်အောင် သဘာဝတရားကြီးက ငြိမ်ချက်သားကောင်းနေလေ၏။ ထိုအချိန်တွင်အဝေးတစ်နေရာမှ ဖြေးဖြေးမှန်မှန် နှင့် တရွေ့ရွေ့လျောက်
လာသော လူတစ်ယောက်။ ထိုလူကား ရွာပြင်ကုက္ကိုလ်ပင်ကြီးဆီသို့သွားနေဟန်တူပေ သည်။
လက်နှစ်ဖက်စလုံးတွင်လည်း ဌက်ကြီးတောင်ဓားရှည်များကို ပုဆိုးစုတ်ဖြင့် ကျစ်နေအောင်
ချည်ထားရင်း ဘယ်ညာလှမ်းကာ လျှောက်နေ၏။ ထိုလူကား ဂွတို နှင့်အလောင်းအစားလုပ်ထားသော ဖိုးထောင်ပင်။ ဖိုးထောင်၏ မျက်နှာကား ခက်ထန်နေလေသည်။ ယခုသူရင်ဆိုင်ရမည့် အရာကား လူစင်စစ်တစ်ယောက်မဟုတ်
သည်ကိုလည်း သူသိနှင့်ပြီးသားဖြစ်၏။ ညကြီးသန်းခေါင် ကျော် မည်သူဆို မည်သူမျှမလာရဲသော ထိုကုက္ကိုလ်ပင်ကြီးဆီသို့ အရောက်လာနေသော ဖိုးထောင်၏ သတ္တိကား ချီးကျူးစရာကောင်းလှပေ၏။ ဓာတ်မီးများ Flash မီးများ
မရှိသေးသော ကာလ မို့လည်း ဖိုးထောင်တစ်ယောက် လရောင် ကို အားကိုးကာ ရဲတင်းစွာလာနေလေ၏။
အကယ်၍ ကုလားကြီးနှင့် နဖူးတွေ့ဒူးတွေ့ကြုံလာပါက အသေပိုင်းခုတ်ပစ်ရန် ဌက်ကြီးတောင်ဓားနှစ်လက်လဲ သူ့ထံတွင် ပါလာသည်မဟုတ်ပါ
လား။ ထိုမျှပင် မလုံလောက်သေး ဓားကိုလွင့်စင် ပြုတ်မကျသွားစေရန် လည်း ပုဆိုးစုတ်ဖြင့်တင်းနေအောင်ချည်လာသော ဖိုးထောင်အား ကြည့်လျှင် တကယ့် သရဲသဘက်စီးနေသလို။ည၏ အမှောင်ကား တစ်စ တစ်စ နက်နဲလာချေပြီ။ ဖိုးထောင်လည်း ကုက္ကိုလ်ပင်ကြီးနားပင်ရောက်လာခဲ့ပြီ။ အဝေးမှ မြင်ရသော ကုက္ကိုလ်ပင်ကြီးကား သူ့အား ရန်မူတော့မည့် မိစ္ဆာကြီး တစ်ကောင် ငုတ်တုတ်ထိုင်နေသည့်နှယ်။ တိတ်ဆိတ်ခြင်းများနှင့် အတူ ကြောက်စိတ်စိုးရိမ်စိတ်
များသည် လည်း လေနှင့်အတူပါလာလေသည်။လပြည့်ည၏ တိတ်ဆိတ်သော အချိန် တွင်
သရဲခြောက်သော ကုက္ကိုလ်ပင်ကြီး ရှေ့မှ ဖိုးထောင် မကြောက်သော်လည်း စိုးရိမ်စိတ်တော့ အနည်းငယ်ရှိနေသည်။ ပူအိုက်သော ရာသီဖြစ်သော်လည်း ဇောချွေးအချို့က သူ့နဖူးတစ်ဝိုက် ဝဲခိုနေလေ၏။ လရောင်ဖြင့် မြင်နေရသော ဓားနှစ်လက်၏ အလင်းရောင်ကားတစ်စုံတစ်ရာကို ဓားတော့ဝါးတော့မလို။
''ဦးကုလားကြီး ……… ခင်များရှိရင် ……… ထွက်ခဲ့လိုက်စမ်းပါ''
ဖိုးထောင်၏ အသံကားအနည်းငယ် ဟာတာတာဖြစ်နေချေသည်။ သူကြောက်နေကြောင်းအသံက သက်သေပြနေ၏။ သို့သော် ဘာမှထူး
ထူးခြားခြား ဖြစ်မလာသည်မို့ ကတိ အတိုင်းဓားရာ သုံးချက်ပေးရန်အတွက် ဖိုးထောင်
အပင်ကြီးအောက်သို့ ဝင်လိုက်လေတော့၏။၀င်လိုက်လျှင် ၀င်လိုက်ချင်း အရိပ်လည်း ချက်ချင်းကျသွားသလို အေးစိမ့်စိမ့် အငွေ့အသက်ကို သူခံစားလိုက်ရတော့သည်။ လေမတိုက်ဘဲ တစ်ချက် တစ်ချက် ယိမ်းထိုးသွားသော အပင်ကြီးကား ကြောက်စရာကောင်းလှပေ၏။ ဖိုးထောင်လည်း လက်ထဲကဓားဖြင့် ထိုအပင်ကြီး၏ ပင်စည်ကို စတင်ခုတ် ထစ်၍ အရာပေးလေတော့၏။
''ဒုတ် ……''
''ဝှီး ………………''
ကျောအနောက်ဖက်မှ လေစိမ်းတစ်ချက်က ဝဲကနဲဖြတ်တိုက်သွားသဖြင့် ဖိုးထောင်ခေါင်းမွေးများထောင်တက်သွားတော့၏။ ပထမတစ်
ချက် သူအရာပေးလိုက်ပြီ။နောက်ဒုတိယတစ်ချက်။
''ဒုတ် ………… ''
''ဝေါ ………… ''
လေမှာ အနည်းငယ် ပြင်းထန်လာလေ၏။နောက်ဆုံးတစ်ချက်သာ ကျန်တော့ချေပြိ။
ဖိုးထောင် အကျီနောက်ကျောတွင် ချွေးများလည်းရွှဲနစ်လို့။ နောက်ဆုံးတစ်တတိယ တစ်
ချက်အတွက် သူလက်ထဲက ဓားကို ရွယ်လိုက်စဉ်မှာပဲ
''ဝုန်း ……… ''
''ဟာ ……''
ကုက္ကိုလ်ပင်ကြီး အပေါ်မှ အဖြူရောင်ကြီးက ဇောက်ထိုးဆင်းလာသည်ကိုကြောက်မက်ဖွယ်တွေ့လိုက်ရလေတော့၏။ ဖိုးထောင်လည်းချက်ချင်းလွတ်သွားသော သတိကို ပြန်ထိမ်းကာ
''ကိုင်းကွာ ……… ခြောက်ချင်အုံး''
''ဇုတ် ………… ''
လည်တိုင်လောက်ကို မှန်းကာ အားနှင့် တိကနဲလွဲခုတ်ချလိုက်တော့၏။ ချက်ချင်းဆိုသလိုသွေးများ ဖြာကနဲထွက်လာကာ ခေါင်းပြတ်ကြီး မှာ မြေကြီးပေါ်လိမ့်သွားလေတော့၏။
''ဟာ ……… ဖိုးထောင်……… ''
''သေပြီထင်တယ် ………… ''
''ဟေ့ရောင် ……… နေနေ အုံး''
''ဟာ ……… ဂွတို သေပြီထင်တယ်''
ကုက္ကိုလ်ပင်ကြီးပေါ်မှ နေလင်း တို့ လူလှတို့ ထိုအခါမှ ခုန်ဆင်းလာလေတော့၏။ ဂွတိုမှာတော့ အဝတ်ဖြူကြီးပတ်လျက်သားခေါင်းမရှိတော့။
''ဟာ ……… ခေါင်းပြတ်သွားပြီ''
''ဖိုးထောင် ……… မင်း……… မင်း ဂွတို ကိုသတ်
သတ်လိုက်တာ''
''ငါ ……… ငါမသိဘူး……… ငါမလုပျဘူး ''
ဖိုးထောင်လည်း ထိုသို့ပြောရင်း သွေးရူးသွေးတန်းအော်ဟစ်ကာ ထိုအပင်ကြီးအောက်မှပြေးထွက်သွားလေတော့၏။ ဂွတို၏ ဦးခေါင်းမဲ့
ခန္ဓာကိုယ်ကြီးမှာတော့ သွေးအိုင်ထဲတွင် မလှုပ်မယှက်။ လပြည့်ည တစ်ည တွင် ဖြစ်သွားခဲ့သော လူငယ်နှစ်ယောက်၏ စိန်ခေါ်ပွဲကားရုပ်ပျက်ဆင်းပျက်ဇာတ်သိမ်းသွားခဲ့ချေပြီ။
ဂွတိုမှာ တော့ ဖိုးထောင်၏ ဓားချက်ဖြင့် နေရာတွင်ပင် ဇတ်ပြတ်ကာ ပွဲချင်းပြီးသေလေတော့၏။ တစ္ဆေအခြောက်ကြမ်းသည်ဆိုသော ထိုရွာကလေး၏ ကုက္ကိုလ်ပင်ကြီးတွင် ယခုတစ်ဖန် အစိမ်းသေ တစ်ယောက် တိုးလာပြန်တော့၏။ ထိုရွာကလေး ကပ်ဆိုက်လာလေသလော လူငယ်များ၏ မဆင်ခြင်မှုကြောင့်လောကိုတော့ ရေရာသော အဖြေကို မပေးနိုင်ပါတော့ချေ။ ကုလားကြီးသေဆုံးပြီးတည်းက ကြောက်လန့်ကြရသော ကုက္ကိုလ်ပင်ကြီးကား ရာဇဝင်တစ်ခု ထပ်မံ တိုးလာပြန်လေတော့၏။
( လွန်ခဲ့သော သုံးနာရီခန့်က )
''ဟျောင့် ……… ဂွတို ……… မင်းရှုံးရင် ………လက်စွပ်က''
''ဟုတ်တယ် ……… ဟေ့ကောင် ……… ဖိုးထောင်
က ……… ဘာမှကြောက်တဲ့ကောင်မဟုတ်ဘူး ……. မင်းလက်စွပ်က တစ်ရာလောက်တန်တာ''
''ငါမှာ ……… အကြံရှိပါတယ် ……… နေလင်းနဲ့
လူလှရာ ……… ဟားဟားဟား''
ဂွတို တစ်ယောက် ထိုသို့ပြောရင်း လေးတွဲ့တွဲ့အသံကြီးဖြင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေတော့သတည်း
''ဟျောင့် ……… ဂွတို ………မင်းရှုံးရင် ………လက်စွပ်က''
''ဟုတ်တယ် ……… ဟေ့ကောင် ……… ဖိုးထောင် က ……… ဘာမှကြောက်တဲ့ကောင်မဟုတ်ဘူး ……. မင်းလက်စွပ်က ကာလပေါက်စျေးတော်တော်တန်တာ''
''ငါမှာ ……… အကြံရှိပါတယ် ……… နေလင်းနဲ့လူလှရာ ……… ဟားဟားဟား''
ဂွတို တစ်ယောက် ထိုသို့ပြောရင်း လေးတွဲ့တွဲ့အသံကြီးဖြင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်လေတော့သည်။
''မင်းဘာရီတာလဲ ……… ဂွတို''
''မင်း တို့ပြောတာကို ……သဘောကျလို့ပါကွ …… အေ့ ''
'' ငါတို့ …… နောက်နေတာ …… မဟုတ်ဘူးမင်း ……လက်စွပ်ရှုံးသွားမှာဆိုးလို့''
ဂွတို ၏ စိန်ခေါ်မှု ကို အချိန်မီ ပြန်ဖျက်နိုင်ရန်အတွက် နေလင်း နှင့် လူလှက ဝိုင်းဝန်းဖြောင်းဖျပေးကြသည်။သို့သော် ဂွတိုက လက်မခံ ။
''အို …… ရှုံးရှုံးကွာ ……… ဒီကောင်ဘယ်လောက်သတ္တိကောင်းနိုင်မှာလဲ ……… ပေးစမ်းတခွက်''
ဂွတိုက ပြောပြောဆိုဆို နှင့် လူလှကမ်းပေးသောအရက်ခွက်ကို အားပါပါမော့ချလိုက်တော့သည်။
''ဖြီး ………''
''ဒါနဲ့ ……… မင်းပြောတဲ့အကြံက ဘာလဲဂွတို''
''အေ့ ……… ဒါက ဒီလိုရှိတယ်ကွ ……… ခုမှ ကိုးနာရီခွဲတာ ……… မဟုတ်လား ''
''အေ့လေ ……''
''ငါပြောပြမယ် ……… မင်းတို့သေချာနားထောင် ……… ဆယ့်တစ်နာရီခွဲတာနဲ့……… ငါတို့သုံးယောက် ……… ဒီကောင့်ကို အဲ့အပင်ကြီးပေါ်ကသွားစောင့်မယ်''
''ဟေ ……… ''
''ဟာ …… ဖြစ်ပါ့မလား''
ဂွတို ထံမှ မထင်မှတ်သော စကားကြောင့် နေလင်းရော လူလှပါ ဟာခနဲဟင်ခနဲဖြစ်သွားကြတော့သည်။
''ဘာလဲ …… မင်းတို့ကကြောက်တာလား …… ဖိုးထောင်လောက်တောင် သွေးမရဲတဲ့ကောင်တွေ ……… နောက်ပြီး ငါတို့ကသုံးကောင် သွားစောင့်မှာ ……… ဒီကောင်က တစ်ယောက်တည်းလာမှာ …… ဆိုတော့ကာ ဒီကောင် အပင်အောက်ရောက်တာနဲ့……… မင်းတို့ နှစ်ကောင်က ငါ့ကို အပင်ပေါ်
ကနေ ဇောက်ထိုးဆွဲချပေး……… ဒါဆိုဒီကောင် နေရာမှာပဲ ကြောက်ချေးပန်းသွားမှာမြင်ယောင်သေးတယ်ကွာ ……… ဟားဟားဟား''
ဂွတို မှာတော့ သူ့အကြံနှင့် သူသဘောကျကာအားရပါးရရယ်မောလိုက်တော့၏။ အရက်ရှိန်ကလည်း ကောင်းသည်ထက် ကောင်းနေသည် မို့ သူ့အတွက် စူးစမ်းဆင်ခြင်နိုင်စွမ်းလည်းမရှိတော့သလို အလားတူ မူးနေကြသောသူငယ်ချင်းများကလည်း ၄င်း၏ အကြံကို ပါရမီဖြည့်ပေးရန် သဘောတူလိုက်ကြတော့၏။
----------------------
သို့သော် အမှန်တကယ်ဖြစ်လာသော အဖြစ်အပျက်ကား သူတို့ သုံးယောက် ထင်ထားသလို
မဟုတ်ခဲ့ပေ။ သူတို့ အသိနောက်ကျသွားခဲ့ချေပြီ။ ဖိုးထောင် ကြောက်ခဲ့သည် မှန်သော်လည်းကြောက်လန့်တကြားခုတ်ပိုင်းလိုက်သည့် သူ၏ဓားချက်က ဂွတို ဇက်ကို ဖြတ်သွားခဲ့လေပြီ မဟုတ်ပါလား။ နောက်တစ်နေ့မှာတော့ ကုလားကြီး သေတဲ့ အပင်အောက်မှာ ဖိုးထောင်တို့ အုပ်စု လူသတ်မှုဖြစ်သွားကြသည်ဟူသော သတင်းဆိုးကြီးကတစ်ရွာလုံးကို ခြောက်ခြားသွားစေတော့၏။
ဂွတိုမှာတော့ ငယ်ငယ်ရွယ်ရွယ်နှင့် မစူးစမ်းမဆင်ခြင်လုပ်မိသည့်အတွက် သေတွင်းသို့ဆင်းသွားခဲ့ရှာလေပြီ။ အလားတူ ဖိုးထောင်မှာလည်းသူ့လက်နှင့် လူတစ်ယောက်ကို သတ်မိသည်ကိုကြောက်လန့်ကာ စိတ်ဖောက်ပြန်သွားခဲ့လေ၏။ သက်ဆိုင်ရာမှလည်း ဖိုးထောင်အား ခေါ်ဆောင် သွားခဲ့ချေပြီ။ ဂွတိုသည် ရွာပြင် တွင် သေဆုံးသောကြောင့် ၄င်းတို့၏ ရွာ ဓလေ့အရ အလောင်းကို ရွာထဲတော့ အဝင်မခံပေ။ ထို့ကြောင့် ဖိုးထောင် ၏ အလောင်းကို ရွာပြင်သချိင်္ုင်း တွင်သာထားလိုက်ကြလေ၏။ ရွာပြင် သချိင်္ုင်းကား ၄င်းတို့ရွာလေး၏ အရှေ့မြောက်အရပ်မလှမ်းမကမ်းနေရာတွင် ရှိလေသည်။
ဂွတိုမှာတော့ ဖိုးထောင်၏ လက်ချက်ဖြင့် လည်ပင်းပြတ်ကာ အမှန်တကယ်သေသွားသော်လည်းရွာသူရွာသားများ အထင်ကတော့ ကုလားကြီးကအဖော်မရှိလို့ ခေါ်သွားတာပဲဟူ၍ တစ်ဖန်ဖြစ်လာပြန်တော့၏။
''ဟုတ်တယ်ဟဲ့ ……… ဂွတိုက ဦးကုလားကြီးရဲ့ …… တူ နှစ်ဝမ်းခွဲတော်တယ်ဆိုပဲ''
''အဲ့ဒါကြောင့်မို့လို့လဲ ……အဖော်ခေါ်တာပေါ့အေ''
''ဖိုးထောင်လေးကတော့ ……… လူအေးပါအေ ……… အဲ့လိုလုပ်တယ်ဆို တာလည်းဦးကုလားကြီးက …… သူ့ကိုဝင်ပူးပြီးခုတ်ပစ်လိုက်တာနေမယ်''
''ဟုတ်လောက်တယ် ……… ဖိုးထောင်ကိုမေးတော့ ……… သူဘာမှမသိဘူးကြီးပဲဖြေ တာ''
''သေချာနေပါပြီအေ ……… ကုလားကြီးအဲ့အပင်မှာ ခုထိ မကျွတ်သေးတာပဲနေမယ်''
အစရှိသဖြင့်တစ်ယောက်တစ်ပေါက် ထင်ရာထင်ကြေးတွေ ပိုက်ဆံမပေးရတိုင်း လွတ်ပြောသည် ကား လူ့သဘာဝလိုပင်။ ဂွတို အလောင်းအားရွာပြင် သချိင်္ုင်းက ဇရပ်အနားတွင် မဏ္ဌပ်ထိုးကာထားလိုက်ကြသည်။ အလောင်းအား ညအချိန် တွင် ခွေးများဆွဲမသွားရန် အတွက် သတ္တိကောင်းသော လူငယ်ကာလသားလေးများက ဖဲကစားရင်းစောင့်ပေးကြရ၏။ ဂွတိုအား ယခုလို ဥပစ္စေတကကံနှင့် သေဆုံးရသည့်အတွက် ၄င်း၏ မိဘများက
ရွာထဲက နာရေးကူညီသည့် အဖွဲ့များဆီသို့မသာအခေါင်းအသစ်တစ်ခု နှင့်ကုတင် အသစ်တစ်လုံးကို ဂွတို အတွက် လှူဒါန်းပေးလေ၏။အခေါင်းအသစ်ကြီးနှင့် ကုတင်အသစ်ကြီး ရောက်တဲ့နေ့က စ၍ ၄င်းတို့ရွာလေးတွင် ထူးခြားသောအဖြစ်အပျက်များ ဖြစ်ပေါ်လာတော့မည်ကိုတော့မည်သူမဆိုထားနှင့် ရွာဦးကျောင်းဆရာတော်ပင် သိလိုက်မည်တော့မဟုတ်ပေ။
အလောင်းစောင့်သည့် လူငယ်ကာလသားလေးများမှာတော့ သချိင်္ုင်းဇရပ်ကြီးပေါ်တွင် သောက်လိုက် ဖဲရိုက်လိုက်နှင့် ပျော်ရွှင်နေကြလေ၏။ ထို
အရာသည်ကား သူတို့အတွက် ပျော်စရာကောင်းသည်မဟုတ်ပါလား။ သချိင်္ုင်းထဲဟုသာပြောရမည်။ မသာ ထားရာ မဏ္ဌပ်ပေါ်တွင်သာမက ဇရပ်ကြီးပေါ်မှာပါ မီးများလင်းထိန်လို့ပင်နေသေး၏။ ၄င်းတို့ ဇရပ်နှင့် သိပ်မလှမ်းမကမ်းတွင်တော့ရွာလူကြီးထံမှ ဌားရမ်းလာသည့် မီးစက်ကြီးက
တဂျိန်းဂျိန်းခုတ်မောင်းနေသောကြောင့်ပင်။ထို့ကြောင့် ၄င်းတို့ ကြောက်ဖို့နေနေသာသာလာခြောက်မည့် သရဲပင် မီးများလင်းထိန်နေသည်မို့ ကြောက်နေမည်မှာ အမှန်ပင်။
''ကောင်းမြတ်ရေ ……… ညီလေး ……စားသာတော့ စားပေါ့ကွာ ……… သောက်လည်းသောက်အုံး ……… မင်းဟာကအမြည်းချည်းလွတ်စားနေတာ ''
''ဟဲဟဲ …… ကိုရီးကလည်း ……… ညီကသောက်ရင် ……… အမြည်းလွတ်သောက်မှာပါ''
''မင်းက …… အမြည်းလွတ်သောက်မှာဟိုမှာ အမြည်းနဲ့ တွဲသောက်တဲ့ ……… ဦးကေက မင်းကိုဗျင်းတော့မှာ''
အစရှိသဖြင့် လူငယ်ကာလသားများ တစ်ယောက်
တစ်မျိုးစကားများပြောဆိုရင်းရှိနေသည်ကားသဘာဝကျလှပေ၏။ နောက်နေ့များမှာတော့
ဂွတို အတွက် ရက်လည်ဆွမ်းဘာညာကျွေးကာ အလောင်းကို မြေမြုပ်လိုက်ကြတော့သည်။အလောင်းအားလည်း မြုပ်ပြီးပြီဖြစ်သည်မို့
မသာထားသည့် မဏ္ဌပ်အား ဖျက်ကာ အားလုံးအိမ်ပြန်ကြပေတော့မည်။ ကောင်းမြတ်တို့
ဦးကေ တို့ လူငယ်အုပ်စုတွေ မဏ္ဌပ်အားဖျက်မည် ပြင်ရုံပင်ရှိပေအုံးမည်။
''ဝေ့ ……… ဝေ့ ……… ဒီကညီလေးတို့ နေကြပါအုံး''
''ဗျာ …… ဘာဖြစ်လို့လဲ …… ''
''မင်းတို့ ……… မဖျက်တာကောင်းမယ် ……ခုလေးတင်ဘဲ ……… ကိုတင်ဖေ မိန်းမ ……မရင်အေး ……… လယ်ထဲမှာ မြွေပွေးကိုက်ပြီးသေလို့''
''ဗျာ ……… ခုလေးတင်လား ''
''ဟုတ်တယ် …… ငါ့ညီတို့ရေ ……… အာ့မို့ဖျက်မနေနဲ့တော့ …… အဲ့အလောင်းကိုလဲ ဒီမှာဘဲ ဆက်ထားကြတာပေါ့''
''ဟုတ် …… ဟုတ် ''
ထို့ကြောင့် ကောင်းမြတ် တို့ ဦးကေ တို့လည်းမဏ္ဌပ်အား မဖျက်ကြတော့ပေ။ သိပ်မကြာခင်မှာဘဲ ဂွတို မိဘတွေ လှူထားသော အခေါင်းအသစ်ကြီးနဲ့အတူ မရင်အေး၏ အလောင်းကြီးအားသချိင်္ုင်းသို့ ယူဆောင်လာကြလေတော့၏။အလားတူပင် ထိုည လည်း ကောင်းမြတ်တို့ အဖွဲ့သာ စောင့်အိပ်ကြရပေတော့မည်။ ထုံးစံအတွင်းပင် ညရောက်တော့ သူတို့ အဖွဲ့တွေ
သောက်ဖြစ်ကြ၏။ ရွာလူကြီးဆီက ဌားရမ်းထားသော မီးစက်ကြီးကတော့ တဂျိန်းဂျိန်း မြည်လို့။ဇရပ်ထဲကပင် တော်တော် ဆူဆူကြားနေကြရ၏။
အရက်ကလေးကလည်းသောက်ကောင်းကောင်းနှင့် သောက်နေကြသည်မို့ သူတို့အဖွဲ့တွေ အတော်ပင် ရီဝေဝေဖြစ်နေကြချေပြီ။ သူတို့အဖွဲ့
စုစုပေါင်းခြောက်ယောက်ခန့်ရှိပေလိမ့်မည်။အတူတူဝိုင်းဖွဲ့သောက်ကြရင်းမှ တောင်စဉ်ရေမရ စကားများပြောလာကြတော့၏။ သောက်လိုက်ဖဲလေးရိုက် စကားလေးပြောရင်းနှင့် သူတို့တွေ အတော်ပင် အဆင်ပြေနေကြလေ၏။
''ဦးကေ ……… ''
ကောင်းမြတ်က စကားစလေ၏။
''ဟေ ……… ဘာလဲဟ''
''မရင်အေး ……… အပျိုတုန်းက …… ခင်များ ကိုကြိုက်တာ မို့လား''
''ဟ …… အက်ဒါ …… အပျိုတုန်းကလေ …… ငိုးမကလေး …… ခုသူကလင်ရလို့သေးတောင်သေပြီ''
''အက်ဒါပြောတာ ……… ဦးကေရ ……သေသွားတော့ ……… သူလုပ်ချင်တာ လုပ်ရပြီလေ ……… ခင်များကို သရဲဘဝနဲ့လာဖမ်းသွားရင် ……ဘယ်နှယ့်လုပ်မတုန်း''
ကောင်းမြတ်၏ စကားကြောင့် ဦးကေ တစ်ယောက်အနည်းငယ် ဖိန်းတိန်းတိန်းဖြစ်သွားသလို အရှေ့အနောက်တောင်မြောက် ပတ်လည်ကို ဝေ့ကြည့်လိုက်တော့၏။
''ဖွီး …… ဖွီး …… လွဲပါစေ …… ဖယ်ပါစေ ……… သောက်ကလေး ……… ငါ့ကို
ဘာတွေလာပြောနေတာလဲ''
''ကဲ ……… မရင်အေးရေ…… ဦးကေ ကို မစလိုက်ပါအုံးဗျို့ ……… ဟားဟားဟား''
ကောင်းမြတ်၏ မနားတမ်းစနောက်မှုကြောင့်ဦးကေ တစ်ယောက် ထိုင်ရမလို ထပြေးရမလိုနှင့်ကို့ရို့ကားယားဖြစ်သွားလေတော့၏။ညဉ့်အတော် နက်သည်အထိ သူတို့တွေဖဲကစားကြသည်။သန်းခေါင်ကျော်လောက်မှ အရက်ရှိန်လေးကကောင်းသည် တစ်ကြောင်းတစ်နေကုန်ပင်ပန်းသောကြောင့် မျက်စိစပ်သည်က တစ်ကြောင်းမို့ဇရပ်ပေါ် အသင့်ခင်းထားသည့် ဖျာကြမ်းများပေါ်တွင် စုကာ အိပ်လိုက်ကြတော့သည်။ ဇရပ်ကြီးမှာ အတော်ပင်ကျယ်လေ၏။ ဟိုဘက်ထိပ် နှင့် ဒီဘက်ထိပ်ကို နှစ်ဆယ့်ငါးပေ နီးပါးလောက်ကျယ်လေသည်။
သို့သော် သူတို့ ခြောက်ယောက်မှာတော့ အလည်လောက်တွင်သာ စု၍ အိပ်ကြလေသည်။ အကြောင်းမှာ အရေးကြုံလာပါကတစ်ခါတည်း လှုပ်နှိုးနိုင်ရန်အတွက်ပင်ဖြစ်လေ၏။ တစ်နာရီခန့်ကြာတော့ အားလုံးအိပ်မောကျသွားကြချေပြီ။ကောင်းမြတ်မှာတော့ သိပ်မသောက်လိုက်ရသောကြောင့် အိပ်လို့မပျော်ပေ။ ဟိုလူးဒီလူးနှင့် ရာသီဥတုကလည်း ပူသည်မို့ အိပ်ပျော်ရန်အတော်ပင်ကြိုးစားနေရလေတော့၏။ မအိပ်ခင်ပင် ဦးကေအား မရင်အေး နှင့်ခြောက်လှန့်ထားသောလည်း ဦးကေကတော့ ယခု အိပ်မောကျနေရှာပြီ။ မရင်အေး အပျိုတုန်းက ဦးကေ နှင့် အောင်သွယ်ကိုသူပဲ လုပ်ပေးခဲ့သည်မဟုတိပါလား။ ထို့ကြောင့်ယခု ဦးကေ အိပ်နေတော့ သူ့ဆီများလာလေ မလားဟူသော အတွေးနှင့်အတူ အိပ်မပျော်ဘဲဇောချွေးတွေပျံနေလေတော့၏။ သို့သော်
ကြောက်လန့်စိတ်ကအနည်းငယ်ကြီးစိုးနေသည် မို့သူအိပ်မပျော်သော်လည်းမျက်လုံးကို မဖွင့်ရဲပေ။ထိုစဉ်
''ဂျိန်း ……… ''
''အောင်မလေး ……… ဗုဒ္ဒမြတ်စွာဘုရား''
တဂျိန်းဂျိန်း ခုတ်မောင်းနေ သော မီးစက်သံကြီးက ဂျိန်းခနဲ မြည်ပြီးရပ်သွားသလို မီးများလည်းတစ်လုံးမကျန်ပိတ်သွားလေတော့၏။ ၄င်း၏ ဘေးတွင် အိပ်နေသော သူ၏ အကိုအားနှိုးရန် အတွက် လက်ကို တစ်ပြန်စွာ လွဲလိုက်လေတော့၏။ သို့သော် လူကိုမထိဘဲ ဖျာကြမ်းကြီးကိုသာ ပုတ်မိလေ၏။ ထို့ကြောင့်အလျော့မပေးဘဲ မျက်လုံးကိုအားကုန် မှိတ်ထားရင်းမှတခြားတစ်ဖက်ကိုလက်ဖြင့် လှမ်းပုတ်ပြန်လေ၏။အလားတူပင်မည် သူမျှရှိမနေပေ။
''ဘုရား ……… ဘုရား……… ငါ့ကိုတစ်ယောက်တည်း ထားသွားကြပြီလား''
ဟူ၍ တွေးမိလိုက်ပြန်၏။ ပြီးမှ ၄င်း၏ ခန္ဓာကိုယ်ကြီးအား တစ်စုံတစ်ယောက်နှင့် ထိလိုထိငြားလေးငြားဆယ်ပတ်ခန့်လှိမ့်သွားလိုက်တော့၏။ ထိုသို့လှိမ့်သွားလိုက်မှ ခန္ဓာကိုယ်ကြီးတစ်ခုအားထိမိလိုက်တော့၏။
''ဘုရား …… ဘုရား ……… မသာကြီးလား မသိဘူး''
သို့သော် သူထိထားသော ခန္ဓာကိုယ်ကြီးကားအေးစက်မနေပေ။ ထို့ကြောင့်ကောင်းမြတ်လည်း
အရဲစွန့်ကာ
''အကိုကြီး …… မင်းလား''
ထို့သို့မေးလိုက်မှ
''အေ …… ညီလေး …… မင်းလား''
''ဟုတ်တယ်''
ထိုအခါမှ နှစ်ယောက်သားမျက်လုံးဖွင့်ကာကြည့် လိုက်ကြတော့၏။ လခြမ်းပဲ့လေး၏ အလင်းရောင်သေးသေးလေးကတော့ ဇရပ်ထဲကို ဖြာကျလို့။
''ကိုကြီး ……… မင်းကြားလိုက်လား''
''အေ ……… ငါကြားတယ်''
သူတို့တွေ ထိုမျှ ပြောရင်းဇရပ်၏ အခြားတစ်ဖက်
ကိုကြည့်လိုက်ကြလေ တော့၏။ လရောင်ဖြင့်ရေးတေးတေးမြင်နေရသောအရာကြောင့် သူတို့ နှစ်ယောက် ခေါင်းမွေးများထောင်တက်သွားကြတော့၏။
''ဟာ …… အလောင်းတွေ……… ကိုကြီး''
''ငါတို့ကို ……… ခြောက်နေပြီထင်တယ်''
ထိုအခါမှ အခြားအဖက်ကအသံထွက်လာလေ တော့၏။
''ဟေ့ကောင်တွေ ………ကောင်းမြတ် မင်းတို့လား''
''ဟင် ……… ဦးကေ တို့လား''
''အေ ……… ဟုတ်တယ်''
''ဘာလို့ ……… အဲ့ဖက်ဒေါင့်ရောက်သွားကြတာလဲ ''
''ဟာ ……… ငါတို့လဲ မသိဘူး ……… မီးပျက်သွားတာတော့ သိတယ် ……… ကြောက်လို့ မထတာ ……… မီးထွန်းမီးထွန်း''
သူတို့လည်း လက်နိပ်ဓာတ်မီးများထွန်းကာခြောက်ယောက်သား လူပြန်စုလိုက်ကြတော့၏။
''မီးစက်ဆီကုန်တာလား……… ဒါမှမဟုတ်
မင်းတို့ထဲက …… တစ်ကောင်ကောင်သွားပိတ်လိုက်တာလား''
''အာ ……… ကြံကြီးစည်ရာဗျာ ………ကိုယ့် ဘာသာတောင် သေးပေါက်မသွားရဲဘူး ''
''အေ …… ဒါဆို …… မီးစက်သွားကြည့်ရအောင် ……… ''
တကယ်တော့ မီးစက်ကား ဆီကုန်မနေပါ။သူတို့အားလုံးရောက်သွားတော့ မီးစက်မှာ ငြိမ်သက်လို့နေချေပြီ။
''ဟာ ……… ''
မီးစက်၏ POWER ခလုတ်ကို တစ်စုံတစ်ယောက်က Off သွားသည်ကို ခြောက်ယောက်လုံး အံ့အားသင့်ဖွယ်တွေ့လိုက်ကြရတော့၏။ ဒီသချိင်္ုင်းထဲတွင် သူတို့ ခြောက်ယောက်မှ အပတစ်ခြား တစ်စုံတစ်ယောက်များရှိနေမလားဟူသော အတွေးများဖြင့် ညအိပ်မပျော်ကြတော့ပေ။
အရက်များကို သာမကုန်မချင်းသောက်ကြရင်း
မနက်မိုးလင်းရန်အတွက် ထိုင်စောင့်လိုက်ကြတော့၏။ မီးစက်အား သူတို့ မပိတ်ဘဲ ထူးဆန်းစွာ ခလုတ်နိပ်ကာ ပိတ်မိသွားသည်ကား အဘယ်ကြောင့်နည်း။ တစ္ဆေသရဲလော သို့မဟုတ်တိရစ္ဆာန် တစ်ကောင်ကောင်ကြောင့်လောဟူ
၍တော့ ပြောပြနိုင်ရန် အဖြေရှာမရသေးတော့ပေ
'' ဗျို့ ……… ကျင်းတူးတဲ့ဆရာရေ …… ခင်များတော့ …… ပင်ပန်းအုံးတော့မယ် ………ခုလေးတင်ပဲ ……… မခင်တင့်သား အငယ်ကောင် ……… အဖျားကြီးပြီး သေလို့တဲ့''
''ဗျာ ……… ခုလေးတင်ဟုတ်လား''
''ဟုတ်တယ်ဗျို့ ………… ခုလေးတင်ပဲ''
''မရင်အေး ………
အလောင်းတောင် မြေမချ ရသေးဘူးလေ''
''အေးဗျာ ……… အဲ့ဒါတော့ …… ကျုပ်မသိဘူး …… ခုလေးတင်ပဲ ……… ရွာထဲကကျုပ်တူလာပြောလို့''
ဟူ၍ပင် ထိုလူကပြောလေ၏။ ကျင်းတူးနေသည့်လူရော အနားက နားထောင်နေသည့် ဦးကေ တို့ကောင်းမြတ်တို့ပါ မျက်လုံးပြူးသွားကြလေတော့
၏။ လူဆိုတာ သေမျိုးချည်းပဲ ကလေးဆိုတော့သွေးသားနုလို့သေတာပဲလေ ဟူ၍ သာသဘောထားလိုက်ကြတော့၏။ သို့သော် သူတို့ထင်သလိုတော့ မဟုတ်ပေ။ နောက်နေ့များမှာလည်း တစ်လောင်းပင် မြေမချရသေး နောက်တစ်လောင်းက အကြောင်းတစ်မျိုးဖြင့်သေပြန်လေ၏။အစပိုင်းတွင် တစ်ရက်နှစ်ရက်ခြားသော်လည်း
တစ်ပတ်ခန့်ကြာလာတော့ ရက်ပင်မခြားတော့တစ်ရက်တစ်ယောက်ကိုပင် ပုံမှန်လိုသေလေတော့၏။ တစ်ခါတစ်ရံ တစ်နေ့ထဲပင် နှစ်ယောက်သေသည် အထိပင်ဖြစ်လာသည်ကို ထိတ်လန့်ဖွယ်တွေ့လာရတော့၏။
''ဘုရား ……… ဘုရား …… ဟုတ်ကောဟုတ်သေးရဲ့လား''
''အေးဗျာ ……… ပျင်းတိုင်းသေ သလိုကိုဖြစ်နေပြီဗျို့''
''ဒါသွေးရိုးသားရိုးတော့ …… မဖြစ်နိုင်လောက်ဘူး ……… ''
''ကျုပ်လဲ ……… အဲ့လိုထင်တာပဲ …… ရွာဦးကျောင်းက ……… ဘုန်းကြီးကိုသွား ပင့်မှ ထင်တယ်''
''ဟို …… ဂွတိုရဲ့ ……… အခေါင်းအသစ်နဲ့ကုတင် ရောက်ကတည်းက သေလိုက်တဲ့ဖြစ်ခြင်း''
''ဟုတ်တယ်ဗျ ……… ကျုပ်လည်း သတိထားမိတယ် ……… ခုသေ တာဘယ်လောက်ရှိသွားပြီလဲ''
''ဒီအလောင်းနဲ့ …… ဆို သုံးဆယ့်တစ်လောင်းရှိနေပြီ ……… ဂွတိုသေတဲ့နေ့ကဆို နောက်နှစ်ရက်တောင် လိုသေးတယ် တစ်လ ပြည့်ဖို့''
''ဘုရား ……… ဘုရား ……တစ်လတောင်မပြည့်သေးဘူး ……… သုံးဆယ့်တစ်ယောက်တောင်သေနေပြီ''
''အေ ……… မင်းပြောသလိုပဲ …… ဆရာတော်ကို ………အကျိုးအကြောင်းလျှောက် ကြတာပေါ့''
ရွာသူ ရွာသား အချို့လည်း အနည်းငယ်သင်္ကာမကင်းဖြစ်လာသည်နှင့်အတူ ရွာဦးကျော်ဆရာတော် အား လျှောက်ထားတိုင်ပင်ရန် စီစဉ်လိုက်ကြတော့၏။ တစ်လတွင်ကို လူသုံးဆယ်ကျော် သေနေသည့် ထိုရွာကလေးကား '' လူသေရွာ ''ဟုပင် သမုတ်ရတော့မလိုပင်ဖြစ်လာတော့သည်။ရွာသူရွာသားများလည်း ဆရာတော်ကြီးအား ပင့်ကာ တစ်ခုခု ထူးခြားရန်အတွက်လျှောက်ထား ကြလေတော့၏။ ဆရာတော်ကြီးလည်း ရွာထဲတွင်ဖြစ်ပျက်နေသော ကိစ္စဖြစ်သည်မို့ လိုက်လံကာကြည့်ရှုစစ်ဆေးပေးလေ၏။ ရွာသူရွာသားများကတော့ ဂွတို၏ ကုတင်နှင့် အခေါင်းကြောင့်ဟုထင်မှတ်ထားသော်လည်း အမှန်တကယ်တော့ထိုအရာများကြောင့်မဟုတ်ပေ။ ထို့ကြောင့်လည်းဆရာတောင်ကြီးနှင့်အတူ သချိင်္ုင်းထဲကို ရွာသူရွာ
သားအချို့ တစ်ဖန်စစ်ဆေးကြပြန်လေ၏။သို့သော် အရာရာကား ပကတိအတိုင်းပင် ။ ထူးထူးခြားခြားတစ်စုံတစ်ရာ မတွေ့ကြရ။ သို့သော် သူတို့ သချိင်္ုင်းထဲ ရောက်ပြီး ခနအကြာ
မှာတော့ လူငယ်တစ်ယောက်က ဆရာတော်ကြီးအား လာရောက်လျှောက်လေတော့၏။
''ဆရာတော် ဘုရား ……… ………တပည့်တော် ……… မြေပုံ တစ်ခု မောက်နေ တာ တွေ့တယ် ဘုရား''
''ဟေ ……… ဒကာကြီး လိုက်ပြစမ်း''
ဆရာတော်ကြီးနှင့် ရွာသား အချို့လည်း ထိုလူငယ် ခေါ်သည့်ဆီကို လိုက်သွားလိုက်ကြတော့၏။ အမှန်တကယ်ပင် ထိုလူငယ်ညွန်ပြသောမသာမြေပုံကား အနည်းငယ် မို့မောက်မောက်ဖြစ်နေလေ၏။ ထို့ကြောင့် ဆရာတော်ကြီးကလည်းမသင်္ကာသည်မို့။
''ဒကာ ……… မောင်ကေ တို့တူးစမ်းကွဲ့ …… အဲ့ဒါ ………ဘယ်သူ့မြေပုံလဲ''
''ဦး ……ဦးကုလားကြီးမြေပုံပါ ……… ဘုရား''
''ဟေ …… ဒါဆို …… အခေါင်းပေါ်တဲ့အထိ တူးကြစမ်းကွဲ့ …… ''
ဆရာတော်ကြီး မိန့်လိုက်သည်နှင့် တစ်ပြိုင်နက်ဦးကေ တို့အဖွဲ့လည်း ထိုမြေပုံအားတူးဆွကြလေတော့၏။ အတန်ကြာအောင်တူးပြီးနောက် ပျဉ်အခေါင်းပေါ်လာတော့သည်။ ၄င်းပျဉ်အခေါင်းအား ရိုက်ထားသည့် သံများကို ချွတ်ကာ
အဖုံးကို လှပ်လိုက်ကြတော့သည်။ တစ်လကျော်
ကြာနေသော ဦးကုလားကြီး၏ အလောင်းကို တွေ့လိုက်ရသည်နှင့် ဆရာတော်ကြီးပါမက ဦးကေ တို့ အဖွဲ့ပါ မျက်စိမျက်နှာပျက်ကာ မျက်လုံး များပြူးသွားကြလေတော့၏။
အလောင်းကြီးမှာ တစ်လကျော်အကြာ မြေကြီးထဲ မြုပ်ထားသော်လည်း ပုပ်ပွဖောင်းကားမသွားပေ။ ပုပ်ပွ ဖောင်းမကားသွားသည်သာမကသေး၄င်း၏ လက်သည်းများ ဆံပင်များ အစွယ်များပင်
ရှည်လျားလို့နေသည်ကို ထိတ်လန့်ဖွယ်တွေ့လိုက်ကြရတော့၏။ ပုံမှန် သက်ရှိလူတစ်ယောက်ပင်တစ်လနှင့် ဆံပင်တအားမရှည်နိုင်သော်လည်းကုလားကြီး၏ အလောင်းမှာတော့ ဆံပင်မှာရင်ခေါင်းထိအောင်ရှည်လျားနေချေပြီ။လက်သည်းများမှာလည်း ခြောက်လက်မ ကျော်ကျော်
ပင်ရှိတော့မည်။
အလားတူ အစွယ်ကြီးနှစ်ခုမှာ
အပေါ်နှုတ်ခမ်းကိုပင် ဖောက်ထွက်ကာနေသည် ကား ကြောက်စရာကောင်းလှပေ၏။
''ဒါ ……… ဒါကြီးက ……… ဘယ်လိုဖြစ်တာလဲ''
''ဟုတ်တယ် ……… ဦးကေ ……… ဖုတ်ဝင်တာလား …… မသိဘူး''
ဆရာတော်ကြီးကတော့ ဘာမှမပြောဘဲ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်နေလေ၏။ ပြီးမှ
''ဒကာကြီး ……… မောင်မြတ်ကောင်းရေ မင့်အတိတ်က ……… နာကျည်းစရာတွေကိုမေ့လိုက်ပါတော့ ……… ကောင်းရာမွန်ရာဘဝကိုသွားပါ ……… သံသရာမှာ မမိုက်ချင်စမ်းပါနဲ့ ……… ဒကာကြီးရယ် ''
ဟူ၍သာ ခပ်တိုးတိုးပြောလိုက်တော့၏။ ပြီးမှ ဦးကေ တို့ဘက်လှည့်ကာ
''ကဲ ……… ဒကာ မောင်ကေ တို့ရေ …… ဒီအလောင်းကို ……… သုံးပိုင်းပိုင်းပြီးမီးရှို့
လိုက်ကြတော့ ……… ဒါမှ ရွာထဲက ဖြစ်နေတဲ့ ပြဿနာတွေ ရှင်းလိမ့်မယ်ကွယ့်''
''တင်ပါ့ဘုရား ……… ''
ဆရာတော် မည်သည်ကို ဆိုလိုမှန်းမသိပေမယ့်လည်း ဦးကေ တို့ စောဒက မတက်ဘဲ မိန့်ကြားသည့် အတိုင်းသာ ဆောင်ရွက်ရန် စီစဉ်ကြတော့သည်။
''ဒကာကြီးတို့ …… အသိမြန်ပေလို့ပေါ့ကွယ်မဟုတ်လို့ကတော့ …… တစ်ရွာလုံးသေတဲ့အထိ ကိုခိုက်တော့မှာ …… ကံကောင်းပေ လို့ပေါ့ ဒကာကြီးတို့ရေ''
''ဒါနဲ့ ……အရှင်ဘုရား ……… ဒီမသာက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာလဲဘုရား''
''အလောင်းပြင်တဲ့သူရဲ့ …… အမှားလို့ ဆိုရမယ် …… ဒကာကြီးတို့ …… အလောင်းကိုကြည့်စမ်း ……… ဘာထူးခြား
လဲ''
ဦးကေ တို့လည်း ဆရာတော်ကြီးပြောသလိုအလောင်းအား ပြိုင်တူကြည့်လိုက်ကြလေတော့၏။ သို့သော် ထူးထူးခြားခြားဘာမှမတွေ့ကြရပေ။ ထို့ကြောင့်လည်း
''ဘာမှတော့ ……… ထူးထူးခြားခြားမတွေ့ ဘူးဘုရား''
''အိမ်း ……… ဒကာကြီးတို့ ……… တို့ဗမာထုံးတမ်းအရ ……… လူသေရင် ဘယ်အရပ်
ကို မျက်နှာမူပြီးမြုပ်ရလဲ ''
''မြောက်အရပ်ပါ ………ဘုရား ''
''ဒီအလောင်းကိုကြည့်စမ်း ……… ဒကာမောင်ကေ ……… အလောင်းက ဘယ်ဘက်ကို မူနေတာလဲ''
ထိုအခါမှ ဦးကေ လည်းပေါက်တူးကြီးကိုင်ရင်း သားမှ အလောင်းအား သေချာကြည့်လိုက်လေတော့၏။
''အလောင်းက ………မြောက်ဘက်တော့မူထားတယ် ……… ဒါပေမယ့် နဲနဲငေါ့နေတော့ ………အရှေ့မြောက်ဘက်ကို မူနေသလိုဖြစ်နေတယ် …… ဘုရား ……… ''
''အိမ်း ……… အဲ့ဒါပေါ့ …… ဒကာကြီးရေ …… တို့ရွာက ……… သချိင်္ုင်းကနေဆိုဘယ်အရပ်မှာလဲ''
''အရှေ့မြောက်အရပ်ပါ …… ဘုရား''
''အဲဒါပေါ့ ……… အလောင်းက ………ရွာဘက်ကို မျက်နှာငေါ့နေသော …… ရွာက လူတွေကို မျှော်နေသလို …… ဖြစ်မနေပေ ဘူးလား ……… အဲ့ဒါကြောင့်မို့လို့လည်း ရွာထဲကလူတွေ ………ခုလို တစ်ယောက်ပြီးတစ်ယောက် အကြောင်းအမျိုးမျိုးနဲ့ သေရတာပဲ ……… ဒကာမောင်ကေရေ''
''တင်ပါ့ဘုရား''
''အဲ့တော့ ……… ငါပြောသလိုပဲ ……… မင်းတို့တွေ ……… အလောင်းကို သုံးပိုင်း
ပိုင်းပြီးမီးရှို့လိုက်ကြတော့ ……… ကြာကြာထားရင် ……… မကောင်းရှိရော့မယ်''
''တင်ပါ့ ……… တင်ပါ့''
ဦးကေ တို့အဖွဲ့လည်းဆရာတော်ကြီး ညွန်ကြား
သည့် အတိုင်း ကုလားကြီး၏ အလောင်းအား အခေါင်းထဲမှ မ တင်ကာ သုံးပိုင်းပိုင်းပြီးမီးရှို့လိုက်ကြတော့၏။ တိုက်ဆိုင်ခြင်းပေလား ဘာကြောင့်လည်းတော့မသိ သချိုင်းညောင်အိုပင်ကြီးပေါ် မှ ကျီးကန်းများ၏ ''တအာအာ '' အော်သံကိုမီးရှို့လိုက်သည်နှင့် ကြက်သီးထဖွယ်ကြားလိုက်ကြရတော့၏။ ချက်ချင်းဆို သလို ဖြိုးဖြိုးဖြောက်ဖြောက် ကျဆင်းလာသော မိုးရေများက ဦးကေ တို့တစ်တွေကို စိုစွတ်သွားစေကာ အသည်းထဲထိ တစ်စိမ့်စိမ့်အေးသွားရတော့သည်။ ကုလားကြီး ၏အလောင်းအား မီးရှို့ပြီးနောက် ၄င်း၏ ပြာများကို အိုးငယ်တစ်ခုတည်းကျုံးထည့်ကာ ရွာတောင်ပိုင်းက ချောင်းကြီးထဲသို့ သွားမျောခဲ့စေ၏။
နောက်နေ့များမှာတော့ ကုလားကြီး၏ ကျန်ရစ်သူ ဆွေမျိုးသားချင်းများဖြစ်သော ၄င်း၏ အမ နှင့် ယောက်ဖ တူမ တို့အား အကျိုးအကြောင်းပြောကာ ကုသိုလ်ပြု အမျှ အတန်းဝေပေးခဲ့ကြ၏။
''ကွယ်လွန်သူ ……… ကုလားကြီးခေါ် မောင်မြတ်ကောင်းနှင့်တကွ ……… သုံးဆယ့် တစ်ဘုံမှာ ကျင်လည်နေကြကုန်သော……… ဝေနေယျာသတ္တဝါအားလုံးတို့ အား ……… အမျှအတန်းပေးဝေပါကုန်၏။ အားလုံး ……… အမျှ ရကြ၍ သာဓု အနုမောသဒါခေါ်ဆို နိုင်ကြပါစေ ……အားလုံး ကြားကြားသမျှ ……… အမျှ ……… အမျှ……… အမျှ ယူတော်မူကြပါကုန်သော်ဝ် သာဓု …… သာဓု ……… သာဓု''
''သာဓု ……… သာဓု ……သာဓု''
''သာဓု ……… သာဓု ……သာဓု''
ရွာဦး ဘုန်းကြီးကျောင်းဆီ မှ အမျှဝေ သာဓုခေါ် သံကား သာယာစွာ ပျံ့လွင့်လိုနေချေ၏။ တိုက်ဆိုင်ခြင်းတော့ မဖြစ်နိုင် ထိုကိစ္စများအားလုံးပြီးစီးတော့ ရွာထဲမှ လူများ ဆက်မသေတော့ပေ။ အရင်လိုပင် အေးချမ်းသောအနေအထားလေး သို့ပြန်ရောက်သွားခဲ့လေတော့၏။ ကျွန်ုပ်စာရေးသူ ကိုယ်တိုင်လည်း တစ်ချိန်က ''လူသေရွာ'' ဖြစ်ခဲ့သော ထိုရွာကလေးမှ ဦးကုလားကြီး ကောင်း
ရာမွန်ရာ ဘုံဘဝ သို့ရောက်ပါစေလိုကြောင်းဆုတောင်း မေတ္တာ ပို့သရင်းဖြင့် ယခု ''လူသေရွာ'' အမည် ရ ဝတ္ထုလေးကို ဤ နေရာတွင်ပင် နိဂုံး
ချုပ် လိုက်ရပါလေတော့ သတည်း …………
…………………………………………………………………………………………………………
။ ----------------------- ။
( ပြီးပါပြီ )
အမှန် တကယ်ပင် ကျွန်ုပ် ယခုရေးသားဖော်ပြ ခဲ့သည့် ဆန်းကြယ် အကြောင်းအရာလေးကားမြန်မာ နိုင်ငံ လွတ်လပ်ရေးမရမီ အချိန်ဂျပန်နယ်ချဲ့တို့ အုပ်စိုးစဉ်က အစစ်အမှန်ဖြစ်ခဲ့သော ဖြစ်ရပ်မှန်အကြောင်းအရာလေး တစ်ခုဖြစ်လေ၏။ စာချစ်သူ ညီကိုမောင်နှမ မိဘပြည်သူများ ဖတ်ရှုအစဉ်ပြေစေရန် အလို့ဌာယခု ခေတ်လေးသကဲ့သို့ အလျဉ်းသင့်ရေးသား ဖော်ပြလိုက်ရပါ၏။ ဤအခြင်းအရာကား စိတ်ကူးယဉ် ရေးသားခြင်းမဟုတ်သလို ယခု အဖြစ်မှန် အကြောင်းလေးအား စိတ်ရှည်လက်ရှည် ပြောပြပေးသည့် ကျွန်ုပ်စာရေးသူ၏
ဆံပင်ညပ်ပညာသင်ကြားပေးနေသော ဆရာကိုကောင်းမြတ် ( စစ်ကိုင်းသား ) ဆံသဆရာ
အား ဤ ဝတ္ထုလေးနဲ့ကျေးဇူးတင်ကြောင်း ဂါရဝပြုလိုက်ပါသည် ။
စာဖတ်သူ တို့အား အစဉ်လေးစားလျက်
စာရေးသူ =သူရေးအားလေးစားလျက်
ခုနှစ် ၂၀၁၉ မှာရေးသားခဲ့သည့် ဇာတ်လမ်းလေး ဖြစ်သည့် အလျောက် ယခု လက်ရှိ မျက်မှောက်ကာ နဲ့ ကွဲလွဲသော စိတ်သဘောထားလေးများရှိခဲ့ပါက သည်းခံဖတ်ရှုပေးကြပါရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည် ။
Like&shareလေးနဲ့အားပေးကြပါအုံး