မေတ္တာခွဲတမ်း(စ/ဆုံး)
------------
``ဘုန်းဘုန်း...ခဏလေးစောင့်ပေးပါအုံး။တပည့်တော်ရဲ့သားမလာသေးလို့ပါ။နေခြည်...နင့်အစ်ကိုကိုဖုန်းဆက်စမ်း။လာနေပြီလားလို့ ´´
ဒီနေ့က ကိုထွန်းမြတ်တို့မိဘတွေ ဝါဆိုသင်္ကန်းကပ်မှာ မနက်၉နာရီမို့ အိမ်ကစောစောတော့ ထွက်တာပဲ။
လမ်းမှာ ဆိုင်ကယ်ဘီးပေါက်သွားတာမို့ ဘီးဖာဆိုင်လိုက်ရှာရတာနဲ့ နောက်ကျသွားတာ။ မသူဇာတို့ ဆိုင်ကယ် အိမ်အဝင်ဝရပ်လိုက်ချိန်မှာ ယောက္ခမရဲ့အသံကလွင့်လာတာပဲ။မကြာပါဘူး
``ဟော..တကာမကြီး မျှော်နေတဲ့ သား လာပါပြီဗျာ´´
ဘုန်းဘုန်းကြီးက ခပ်ပြုံးပြုံးမိန့်လိုက်တာမို့ ယောက္ခမရဲ့လည်ပြန်အကြည့်က တံခါးဘက်ကို လှည့်လာတယ်။မသူဇာတို့နဲ့အကြည့်ဆုံရုံလေးပဲချက်ချင်းကို ဦးခေါင်းပြန်လှည့်သွားကာ...
``တပည့်တော်ပြောတာ ကားနဲ့လာမဲ့ သားကိုပါဘုရား။
သားငယ်က မနေ့က ကားဝယ်လိုက်တာ ဘုရာ့။ ဒီမနက်စောစော သားငယ်က ဘိုးဘိုးကြီးနန်းသွားပြီး ကားဦးတိုက်သွားတာမို့ သူ့ကိုစောင့်နေတာပါ ဘုရား။
ဟဲ့...နေခြည် နင့်အစ်ကိုငယ်ဆီ မြန်မြန်ဖုန်းသွားဆက်စမ်းပါ။´´
ကိုထွန်းမြတ်ခြေလှမ်းတွေ စက္ကန့်ပိုင်းလောက်တန့်သွားတယ်လို့ မသူဇာထင်ပါတယ်။အိမ်အပြင်ထွက်လာတဲ့ယောင်းမလေးနဲ့အိမ်ထဲဝင်ဖို့ပြင်လိုက်တဲ့ မသူဇာတို့ နဲ့တိုက်လုလုဖြစ်သွားတယ်။ မသူဇာ ကိုယ်ကို တစ်ဖက်ကျုံ့ပြီး လမ်းဖယ်ပေးလိုက်ပါတယ်။ ကိုထွန်းမြတ်က အရှေ့ထိဆက်မသွားတော့ဘဲ ရောက်တဲ့နေရာမှာပဲထိုင်ဖို့ပြင်လိုက်တာမို့ မသူဇာပါရောယောင်ထိုင်လိုက်တယ်။
``သားကြီး အရှေ့လာလေကွာ၊ လာပါ၊ဒီမှာနေရာရှိတယ်´´
ကိုထွန်းမြတ်ရဲ့အဖေက လက်ယပ်လှမ်းခေါ်တယ်။
``အေးလေ...မင်းကလည်း ရှေ့လာခဲ့လေ´´
ကိုထွန်းမြတ်ရဲ့အမေကလည်း တစ်ခါတော့ ခေါ်တယ်။ဒါပေမဲ့ အမေ့ဘေးက နေရာလွတ်က ကိုထွန်းမြတ်အတွက်မဟုတ်မှန်း ကိုထွန်းမြတ်လည်းသိတယ်။မသူဇာလည်းသိပါတယ်။
``နေပါစေ အဖေနဲ့အမေ၊ ကျွန်တော် ဒီနားပဲ ထိုင်တော့မယ်။´´
အဲဒီနေ့က မသူဇာတို့ထက် ၁၅မိနစ်လောက်နောက်ကျမှ ကိုထွန်းမြတ်ရဲ့ ညီတို့ရောက်လာပါတယ်။ အိမ်စီးကား အဖြူလေးတစ်စီး ခြံဝကိုထိုးရပ်လိုက်တာနဲ့...
``လာပြီ ၊လာပြီ´´ဆိုတဲ့ ကိုထွန်းမြတ်အမေရဲ့ ဝမ်းသာအားရအော်သံကြောင့် တရားနာ ပရိသတ်တစ်ချို့တောင် လှမ်းကြည့်နေကြသေးတာ။ ကိုထွန်းမြတ်ညီက ကိုထွန်းမြတ်ဘေးကနေ ဘုန်းဘုန်းကြီးတို့တရားဟောနေရာနဲ့ နီးတဲ့ဆီ ဖြတ်လျှောက်သွားတာတောင် ကိုထွန်းမြတ်မှန်း
မသိခဲ့တာလား၊မသိချင်ယောင်ဆောင်သွားခဲ့တာလား။အေးလေ သူ့အတွင်းစိတ်ကို မသူဇာတို့ ဝင်ကြည့်လို့မှမရတာ။ ပြီးတော့ ညီမလုပ်တဲ့ နေခြည်နဲ့ ခယ်မဖြစ်သူတောင် ဒီအတိုင်းလေးပဲ ကိုထွန်းမြတ်ဘေးက ဖာသိဖာသာဖြတ်လျှောက်သွားတာပဲ။လက်အုပ်ချီပြီးတရားနာတယ်သာပြောတာ မသူဇာနားထဲ ဘုန်းဘုန်းဟောတဲ့တရား ဘာမှန်းမသိခဲ့။အမျှဝေလို့ လိုက်ဝေခဲ့ရတာပဲ။
တရားပွဲပြီးလို့ ဘုန်းဘုန်းတွေဆွမ်းကပ်တော့လည်း
မသူဇာတို့လင်မယားအတွက်နေရာမရှိခဲ့ပါဘူး။ ကိုထွန်းမြတ်တို့မိဘတွေရယ်၊ယောင်းမဖြစ်သူနဲ့ ကိုထွန်းမြတ်ညီတို့လင်မယားတောင် ခပ်ကြပ်ကြပ် ဆွမ်းပွဲကိုင်နေရတာ။
မသူဇာကတော့ တစ်ချို့ဧည့်သည်တွေနဲ့အတူ အိမ်ရှေ့ ထွက်လာခဲ့တယ်။ကိုထွန်းမြတ်ကတော့ ဆေးလိပ်သောက်ချင်လို့ဆိုပြီး ခြံထောင့်ဘက်ထွက်သွားတယ်။ဖြစ်နိုင်ရင်တော့ ဒီအဝန်းအဝိုင်းကနေ မသူဇာ အမြန်ပြန်ချင်ပါပြီ။
ဒီအိမ်မှာ ၆နှစ်ကျော်လောက် မသူဇာနေခဲ့ရတာ။ဒါပေမဲ့
မသူဇာအတွက် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကအတိုင်း မီးဖိုချောင်ကလွဲရင် ဒီအိမ်ရဲ့နေရာတိုင်းက အစိမ်းသက်သက်လို့ ခံစားနေရတုန်းပဲ။ မသူဇာတို့လင်မယားရဲ့မင်္ဂလာဦးအခန်းလေးက အထပ်သားကာပြီးအခန်းဖွဲ့ထားတဲ့ ဒီအိမ်ရဲ့ထောင့်အခန်းလေး။အခုတော့ အထပ်သားအကန့်တွေ ဖြုတ်ပြီး အဲဒီနေရာကို hallထားထားတာ။ပြီးတော့ ကွန်ပျူတာတင်စားပွဲခုံသုံးခုံကို နံရံကပ်ပြီး ဘေး
ချင်းယှဥ် စီထားတယ်။ ယောင်းမလေးက ကွန်ပျူတာသင်တန်းလေး ဖွင့်ထားတာတဲ့။ ဒီအိမ်မှာ အတိတ်က မသူဇာတို့ရဲ့အငွေ့အသက် ဘာတစ်ခုမှ မတွေ့ရတော့ဘူး။
ဒါပေမဲ့ မသူဇာရဲ့မှတ်ဉာဏ်ထဲမှာတော့ တစ်ကွက်ချင်းတစ်ကွက်ချင်း ပြတ်ပြတ်သားသားရှိသေးတယ်။မသူဇာ မှတ်မိနေပါသေးတယ်...
``မင်းလည်း မင်းအိမ်ထောင်နဲ့ဖြစ်ပြီဆိုတော့ ဒီလုပ်ငန်းကို မင်းညီပဲ ဦးစီးခိုင်းလိုက်တာ ပိုကောင်းမယ် ထင်တယ်။ မင်းတို့ကဒီအိမ်မှာနေတယ်ဆိုပြီး ဝိုင်းလုပ်ဝိုင်းစားလို့တော့ အမေမလုပ်ပါဘူး။မင်းကိုတော့ အမေက မောင်နိုင်တို့ကို ပေးသလို လစာပေးမယ်။ မင်း ဘယ်လိုသဘောရလဲ။´´
မောင်နိုင်ဆိုတာ ကိုထွန်းမြတ်ခန့်ထားတဲ့ အလုပ်သမားပါ။အဲဒီတုန်းကမောင်နိုင်တို့ကိုပေးသလို ဆိုတဲ့ကိုထွန်းမြတ်အမေရဲ့ ခပ်စိမ်းစိမ်းအသုံးကြောင့် ကိုထွန်းမြတ် မျက်နှာကွက်ခနဲပျက်သွားတာမသူဇာမြင်ခဲ့ရတယ်။ဒါပေမဲ့ ချက်ချင်းပြင်ပြီး မသူဇာတို့အိမ်ထောင်ဦးမှာပဲ ကိုထွန်းမြတ်ရဲ့အမေ စီစဉ်မှုအတိုင်း ကိုထွန်းမြတ် ခေါင်းညိတ်ခဲ့ပါတယ်။
ကိုထွန်းမြတ် လူပျိုဘဝကတည်းက ဒီအိမ်မှာ မိတ္တူဆိုင်အသေးလေးစဖွင့်ခဲ့တာ။တစ်ဖက်ကလည်း ကိုထွန်းမြတ်က ကွန်ပျူတာ စာစီစာရိုက်လည်းကျွမ်းကျင်တာမို့ တွဲပြီးလုပ်ငန်းချဲ့ခဲ့တယ်။ နောက်ပိုင်း ဗီနိုင်းထုတ်တာတို့၊လိပ်စာကတ်လုပ်တာတို့ အလှူ၊မင်္ဂလာဆောင် ဖိတ်စာရိုက်တဲ့အထိ လုပ်ငန်းကြီးလာခဲ့တယ်။ကိုထွန်းမြတ်က ဦးစီးဦးဆောင်လုပ်ရင်း ညီဖြစ်သူထွန်းသက်ကိုလက်တွဲခေါ်ခဲ့တယ်။ ထွန်းသက်က ကိုထွန်းမြတ်လောက် စေ့စပ်သေချာမှု၊ စိတ်ရှည်သည်းခံမှု မရှိဘူး။
တစ်ခါကလည်း ကိုထွန်းမြတ်မရှိတုန်း အလုပ်အပ်လက်ခံလိုက်တာ လွဲချော်မှုတစ်ခုဖြစ်သွားခဲ့တယ်။ ကိုယ့်ကြောင့်အမှားဖြစ်သွားပေမဲ့ ထွန်းသက်က မချေမငံပြောဆိုဆက်ဆံလိုက်တာမို့ နှစ်တိုင်းအလုပ်အပ်နေကျကျူရှင်ဆရာဖောက်သည်အရင်းနဲ့မိတ်ပျက်လုလုဖြစ်သွားတဲ့အခါ ကိုထွန်းမြတ်အမေက ကိုထွန်းမြတ်ကိုပဲရအောင်ရှင်းဆိုပြီး တာဝန်ပခုံးလွှဲချသွားခဲ့တယ်။
``မင်းညီလေးက ငယ်သေးတော့ ... သူ့စိတ်ကို မထိန်းချုပ်နိုင်ဘူး။ထစ်ခနဲဆို ဒေါသက အရင်။ငါ့သားကြီးရယ် မင်း ဖြေရှင်းလိုက်ပါ။အဲဒီကျူရှင်ဆရာက မင်းဆိုပြီးပါတယ်´´
တစ်ခုခုခေါင်းခံကြေးဆို ကိုထွန်းမြတ်ပဲ။အလုပ်အတွက်စရန်လက်ခံတာ၊ငွေရှင်းတာတို့ကျ ထွန်းသက်လက်ထဲမှာ။ထွန်းသက်မရှိတဲ့နေ့ကျ ကိုထွန်းမြတ်အမေကိုယ်တိုင် ကောင်တာထိုင်ရော။တစ်နေ့တော့ ကိုထွန်းမြတ်ရဲ့ ရင်ဖွင့်သံက ဒီအိမ်ကနေ ထွက်ခွါဖြစ်ဖို့ ခြေတစ်လှမ်းရွှေ့လိုက်ခဲ့တာပါပဲ။
``သူဇာ ကိုယ်တို့ အိမ်ခွဲနေရင်ကောင်းမလား။
သားလေးလည်းနောက်နှစ်လောက်ဆို ကျောင်းထားရတော့မှာ။ပြီးတော့ ထွန်းသက်ကလည်း ဒီဝါကျွတ်ရင်မိန်းမယူတော့မှာဆိုတော့...´´
မသူဇာ ပြောချင်တဲ့စကားလုံးတွေ ကိုထွန်းမြတ်ဆီက
ကြားရတော့ မသူဇာ ကြိတ်ပြီးပျော်မိခဲ့တယ်။ကိုထွန်းမြတ်မျက်နှာကြောင့် အတော်အသင့် မသူဇာ မပြောခဲ့တာ။တစ်အိမ်လုံးအတွက်အချက်အပြုတ်တာဝန်ခံ၊အလျှော်အဖွပ် ဒိုင်းခံ၊သန်ရှင်းရေး ပင်တိုင်လုပ်ရပေမဲ့ မသူဇာ ဘာတစ်ခွန်းမှ မပြောခဲ့ဘူး။ဒါပေမဲ့ မသူဇာရှေ့မှာ ယောက္ခမက တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုးနဲ့ ထွန်းသက်မင်္ဂလာဆောင်ပြီးရင် ဒီအိမ်မှာ ထားချင်တာ၊နေရာမရှိလို့ဆိုပြီး ယောင်းမနဲ့လည်းပြောကြတာ။အခြားအိမ်နီးချင်းတွေ အလည်လာရင်လည်း ပြောနေတာ။ ဒီစကားတွေ ကိုထွန်းမြတ်လည်း ကြားချင်ကြားခဲ့မှာပေါ့။ ကိုယ့်ကို အလိုမရှိသလို ခံစားလိုက်ရတဲ့အခါ နေရတာက မပျော်ချင်တော့ဘူးလေ။
ကိုထွန်းမြတ်လည်း မသူဇာခံစားရသလိုဖြစ်လာခဲ့တယ်ထင်ပါတယ်။ဆုံးဖြတ်ချက်တွေ မတွေဝေတော့ဘဲ နောက်ဆုံး အိမ်ခွဲဖို့ ဆုံးဖြတ်ခဲ့တယ်။ကိုထွန်းမြတ်အမေကတော့...
သားတို့သဘော တဲ့။
အဖြေက မသူဇာတို့မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ဟန်ဆောင်ပြီးတောင် တစ်ချက်မတားခဲ့ဘူး။မသူဇာတို့ စုဆောင်းထားတဲ့ငွေလေးနဲ့ အငှားအိမ်ခန်းလေးတစ်ခုရှာလိုက်ကြတယ်။ ရပြီဆိုတာနဲ့ အခန်းကိုတစ်ခြမ်းကန့်ပြီး မိတ္တူကူးစက်တစ်လုံး ၊ကွန်ပျူတာတစ်လုံးနဲ့ လုပ်ငန်းစလိုက်ကြတယ်။ အရင်မိတ်တွေထဲက တစ်ချို့က ကိုထွန်းမြတ်နောက် လိုက်လာကြလို့...
``ထွန်းမြတ်တို့များ ဖောက်သည်တောင်လုယူသွားတယ်။
မိဘတွေစားရမှာစိုးလို့လေ´´
တစ်ဆင့်အကြားနဲ့ အဲဒီစကားကြားစက ကိုထွန်းမြတ်ငိုခဲ့တယ်။ကိုထွန်းမြတ်က အလုပ်နဲ့ပတ်သက်ရင် ကတိတည်တယ်။တိတိကျကျလုပ်ဆောင်တယ်။ ကာစတမ်မာ စိိတ်တိုင်းကျ ဖြစ်စေတယ်။အဲ့ဒီအချက်တွေကြောင့် မိတ်ဟောင်းလည်းလာကြတယ်။မိတ်သစ်တွေလည်းရလာတယ်။အဲဒါတွေလည်းသိရဲ့သားနဲ့ ကိုထွန်းမြတ်ရဲ့အမေပြောထွက်ခဲ့လေခြင်းဆိုပြီး မသူဇာမှာ စိတ်တိုမိလို့။ကိုထွန်းမြတ်ကတော့ မိဘအိမ်ကိုအဝင်အထွက်မပြတ်ပေမဲ့ ယောက္ခမနဲ့ယောင်းမကတော့ သားငယ်လေးမွေးနေ့လုပ်ပေးတဲ့တစ်ရက်ပဲ အိမ်ရောက်လာခဲ့တာ။
``နောက်လကစပြီး...ကိုယ်တို့ အမေတို့ကို ငွေလေး နိုင်သလောက် ထောက်ရအောင်လား သူဇာ။ အငယ်ကောင်က လုပ်ငန်းကို သူဦးစီးလုပ်ရတာမို့ အမေတို့ကိုခွဲတမ်းသဘောလောက်ပဲ ပေးတော့တာတဲ့။ သူ့မိန်းမကလည်း
အိမ်ခွဲဖို့အိမ်ရှာနေတယ်ဆိုပဲ။´´
ကိုထွန်းမြတ်ရဲ့ အသိတစ်ယောက်ဆိုင်ကိုလာရင်းနဲ့ ပြောသွားတဲ့သတင်းကြောင့် ကိုထွန်းမြတ်ရဲ့ဆန္ဒတစ်ချို့ ပွင့်ဟလာခဲ့တယ်။ ကိုထွန်းမြတ်အမေတို့ကိုတွေးမိရင် မသူဇာအနေနဲ့ စိတ်ထဲကတော့ နာတာပဲ။မသူဇာတို့ကို မောင်းမထုတ်ရုံတမယ် ပြုမူခဲ့တာ။အငယ်ကောင်မိန်းမရရင် အိမ်မှာထားချင်တာ နေရာမရှိလို့ဆိုပြီး အမြဲတန်းလိုလိုပြောခဲ့တဲ့ကိုထွန်းမြတ်ရဲ့အမေ။ အငယ်ကောင်မင်္ဂလာဆောင်ပြီးတာနှစ်နှစ်တောင်မကျော်သေးဘူး။အိမ်ခွဲဖို့လုပ်နေပြီတဲ့။ လုပ်ငန်းကိုစတည်ကြိုးစားခဲ့တဲ့ ကိုထွန်းမြတ်ကျ မင်္ဂလာဆောင်သွားလို့ လခစားသဘောပြောင်းပေးခဲ့တာ။ ထွန်းသက်မင်္ဂလာလည်းဆောင်ပြီးရော ....ထွန်းသက်လုပ်တဲ့လုပ်ရပ်ကျ ဘာမှမပြောနိုင်တော့ဘူး ထင်ပါတယ်။စိတ်ထဲမှာအဆင်မပြေပေမဲ့ ကိုထွန်းမြတ်ကို စိတ်ချမ်းသာစေချင်လို့ မသူဇာ ခေါင်းပဲညိတ်ခဲ့တယ်။
``ကို့သဘောပါ ´´ဆိုပြီးလေ။
``သူဇာ အမေက ထမင်းစားရအောင်တဲ့´´
ပခုံးပေါ်ကျလာတဲ့ လက်တစ်ဖက်ကြောင့် မသူဇာဖျတ်ခနဲမော့ကြည့်လိုက်တယ်။ အတွေးတွေလည်း ဖျတ်ခနဲလွင့်သွားတယ်။ ကိုထွန်းမြတ်က မသူဇာထိုင်နေတဲ့ ထိုင်ခုံရှေ့ မတ်တပ်ရပ်အနေအထားနဲ့ လက်ထဲကဖုန်းလေးကို တစ်ချက်ခါရမ်းပြတယ်။ မကြာပါဘူး နေခြည်လည်း မသူဇာတို့အနားရောက်လာတယ်။
``အစ်ကိုကြီးနဲ့အစ်မ ထမင်းစားကြရအောင်လေ´´
နေခြည်ရဲ့ ဦးဆောင်ခေါ်မှုနဲ့ မသူဇာတို့ လင်မယား အိမ်ထဲက ထောင့်စားပွဲလေးမှာ ထိုင်လိုက်ကြတယ်။ခဏနေတော့ ထွန်းသက်တို့လင်မယားနဲ့ လူငယ်တစ်ယောက်လည်း မသူဇာတို့ စားပွဲဝိုင်းမှာပဲ လာထိုင်ကြတယ်။
``ထွန်းသက် မင်းကားက မိုက်လှချည်လား။ဘယ်လောက်ပေးရတာလဲ ဘောစိရဲ့´´
``ငါးရာကျော်ကွ၊ဝယ်ချင်တာကတော့ အာတီကာ ငါ့ကောင့်ရေ။ အဲလောက်ထိလည်း မတတ်နိုင်သေးဘူး။ဒါတောင် ငါ့ယောက္ခမက အမာခံစိုက်ထုတ်ပေးထားလို့။ငါ့အမေ့ဆီကလည်း နည်းနည်းဆွဲရသေးတာ။ ပြီးတော့ ဟိုကောင် ရဲဝင်းဆီကလည်း နှစ်ဆယ်လောက်ယူရသေးတယ်။အဲ့ကောင်ကတော့ ရှိတော့မှပြန်ဆပ်တဲ့။ ဒီမယ်ငါ့ကောင်ရ သူစိမ်းကောင်းရင် အမျိုးလိုက်မမီဘူးဆိုတာ တကယ်မှန်တယ်ကွာ...၊ဟုတ်တယ်နော် အမေ...ဟား..ဟား...ဟား..ဟား´´
အနားရောက်လာတဲ့ အမေဖြစ်သူကို ထွန်းသက်က ထောက်ခံခိုင်းသလိုပြောလိုက်တော့ ကိုထွန်းမြတ်အမေ အကြည့်က ကိုထွန်းမြတ်တို့ဘက်ရောက်လာပါတယ်။
အဲဒီအကြည့်တွေ မသူဇာ ..နားလည်တယ်။ကိုထွန်းမြတ်လည်းနားလည်တယ်။
``သားကြီးရယ်...အားလည်းနာပါတယ်။ သားငယ်က ကားဖိုးချေဖို့ငွေ သိန်းငါးဆယ်လိုနေလို့တဲ့။အမေ့ဆီကိုငွေလာချေးတာ ။ မရှိဘူးလို့ အမေငြင်းလိုက်ရင် သူတို့အိမ်ခွဲသွားတာ အမေက စိတ်ဆိုးလို့ မချေးတာလို့ထင်သွားအုံးမယ်။ အမေ့မှာ အဲ့လောက်လည်းတကယ်မရှိဘူး သားရယ်။ ဒါကြောင့် သားကြီးဆီက ခဏလောက် အမေလှည့်ချင်တာ။သားငယ်ပြန်ပေးရင် အမေသားကြီးကိုပြန်ပေးမယ်လေ။သူ့ယောက္ခမကလည်း ကားဝယ်ဖို့သိန်းလေးရာတောင် ထုတ်ပေးထားတာတဲ့။အမေတို့ဘက်က ဒီလောက်လေးမှ ချေးမပေးနိုင်ရင် အားမကိုးရဘူးလားဆိုပြီး သားညီလေးမျက်နှာငယ်မှာစိုးတယ် သားကြီးရယ်။´´
ကိုထွန်းမြတ်အမေ ရောက်လာခဲ့တဲ့အဲ့ဒီနေ့က မသူဇာတို့ရဲ့ စုဗူးလေးဖောက်လိုက်ရတယ်။ လက်ထဲ ပိုက်ဆံတွေကိုင်ပြီး...
``ဒီပိုက်ဆံတွေလာချေးတာ သားငယ်မသိစေချင်ဘူး သားကြီးရယ်´´
ကိုထွန်းမြတ်အမေက တတွတ်တွတ် နှုတ်ပိတ်သွားခဲ့တာမဟုတ်လား။ကိုထွန်းမြတ်ကတော့ ဘာမှမဖြစ်သလို ခေါင်းငုံကာ ထမင်းကိုပဲ အာရုံစိုက်စားနေခဲ့ပါတယ်။အတွေးတွေနဲ့ ထမင်းမြိုချ လိုက်တဲ့မသူဇာမှာ နင်သွားသလိုဖြစ်သွားတာမို့ ဟင်းရည်ခပ်သောက်ကာ လည်ချောင်းရှင်းလိုက်ရတယ်။ဝမ်းထဲကျသွားတာ ထမင်းတွေမဟုတ်ဘဲ ပြန်လည်တုံ့ပြန်ပြောချင်ခဲ့တဲ့ စကားလုံးတွေပဲလားလို့ မသူဇာ တွေးမိလိုက်သေးတယ်။
``ဒါနဲ့အစ်ကို...ခင်ဗျားလည်း ကားမဝယ်နိုင်တောင် ခင်ဗျားရဲ့ဆိုင်ကယ်တော့ လဲသင့်နေပြီ။ဘာလဲ ခင်ဗျားက လူဝိတ်တင်မကဘူး ငွေဝိတ်ပါလျှော့နေတာလား။ ချမ်းသာမဲ့ဇာတာပါရင် ချမ်းသာမှာပဲ။ လူဆိုတာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားဆိုတာ ရောက်လာနိုင်တယ်။ မသေခင် ကောင်းကောင်းနေ ကောင်းကောင်းစားဗျ။ဪ...ဟိုတစ်နေ့က ကိစ္စ စိတ်ထဲမထားနဲ့တော့ဗျ နော် အစ်ကို။ ရဲဝင်းကြောင့်ပြေလည်သွားပြီ။ဒီကောင်က တကယ့်သူငယ်ချင်းကောင်း´´
ကိုထွန်းမြတ်အမေငွေလာချေးပြီးနောက်တစ်နေ့ ညနေစောင်းမှာ ထွန်းသက်ရောက်လာခဲ့တယ်။ အမေက သိန်းငါးဆယ်ချေးပေးတယ်တဲ့။ဒါပေမဲ့ သိန်းနှစ်ဆယ်လောက်လိုနေသေးလို့ စုမိဆောင်းမိထားတာရှိရင် ခဏလောက်ချေးပေးပါလားတဲ့။လက်ထဲစုထားတဲ့ငွေ အမေ့ကိုချေးပေးလိုက်လို့ ထွန်းသက်ကို ခေါင်းခါလိုက်ရတယ်။ ဒါကိုထွန်းသက်မကျေမနပ်ဖြစ်နေမှန်း သိတာပေါ့။ ``အစ်ကိုကြီးဖြစ်ပြီး အားမကိုးရဘူး ထွီ´´ ဆိုပြီး မကြားတကြားပြောခဲ့သေးတာ မဟုတ်လား။အဲဒီအကြောင်း ကိုထွန်းမြတ်ရော မတွေးဘဲရှိနိုင်ပါ့မလား။မတွေးချင်ရင်တောင် ခဏဖြစ်ဖြစ် အတွေးထဲတော့ ဝင်လာတာပဲ။
ထွန်းသက်ရဲ့ခပ်ထေ့ထေ့အပြောကို ကိုထွန်းမြတ်ပြုံးပြီးငြိမ်နားထောင်နေခဲ့တယ်။ထမင်းပန်းကန်ဆီမှာပဲ ကိုထွန်းမြတ်က အကြည့်ကိုတူရူထားပြီး ထမင်းလုတ်တွေကိုသာ ဂရုတစိုက်ဝါးစားနေခဲ့ပါတယ်။မသူဇာအထင်တော့ တချို့စကားလုံးတွေထွက်ကျမလာအောင်လို့ များလားလို့....။တစ်ခါတစ်ရံ ဘာမှပြန်မပြောလိုက်ခြင်းကလည်း ...
ခင်ဦး