အဖေ(စ/ဆုံး)
———–
“အဖေ…..။ ဒီမှာ အမြည်းလေး
ဟိုဘက်အိမ်က ဦးတင်သောင်း ပေးလိုက်တာ..”
ကျွန်တော် လက်ထဲမှာကိုင်ထားတဲ့ပန်းကန်လေးကို
အဖေ့ ရှေ့တွင် ချပေး လိုက်သည်။
“ေဟ့ကောင်…မင်းဒီလောက်အားနေလား.။
ငါ အရက်သောက်တဲ့နေရာ ဘယ်တော့မှ မလာပါနဲ့လို့
ပြောထားတယ်မဟုတ်လား။
ွသွား..အိမ်ပေါ်…အလုပ်မရှိစာဖတ်နေ
နောက်တစ်ခါ လာရင် မင်းသေပြီသာမှတ်..”
အဖေ့ရဲ့ ငေါက်ဆတ်ဆတ် အော်သံကြောင့်
ကျွန်တော် အိမ်ပေါ်သို့လေးလံသောခြေလှမ်းတို့ဖြင့်တက်ခဲ့ရသည်။
တစ်ခါတလေ အဖေနဲ့နေရတာ တကယ် စိတ်ညစ်မိသည်။
ကိုယ်ကစားစေချင်လို့ အမြည်းလေးသွားပေးမိရင်
အဆူခံရသည်။
သူငယ်ချင်းတွေအိမ် အလည်သွားမယ်လို့ ပြောမိရင်လည်း အငေါက်ခံရသည်။
တစ်ခါတစ်ခါ ကြည့်ဖူးတဲ့ရုပ်ရှင်တွေထဲမှာ
ချမ်းသာတဲ့မိသားစုက ကလေးတွေ စာနဲ့နပန်းလုံးနေရတာမြင်ရင် စိတ်မကောင်းဖြစ်မိသည်။
ကျွန်တော်လည်း စာနဲ့ နပန်းလုံးနေရသောကြောင့်ပင်။ သို့သော် ကျွန်တော်တို့ သားအဖ မချမ်းသာပါ။
တောင်သူလယ်လုပ်သာဖြစ်သည်။ ကျွန်တော့်မှာ အမေမရှိတော့။
ကျွန်တော့်ကိုမွေးတဲ့ မီးတွင်းထဲမှာပဲ ဆုံးသွားသည်ဟု အဖေ့ ပြောစကားအရ သိရသည်။
ရွာမှာလည်း အမျိုးဟူ၍ မရှိ။
အဖေတစ်ခု သားတစ်ခု ဘဝမို့ အားငယ်မိသည်က အမှန်။
………………………………………………………………………….
“ေဟ့ကောင်….လာခဲ့စမ်း.”
အဖေရဲ့ ခေါ်သံကြောင့် ရေးလက်စ မြန်မာစာလေးကို
ထားခဲ့ပြီး အဖေ့နားသို့ ခပ်ကုပ်ကုပ်လေး လျှောက်ခဲ့ရသည်။
“ဒီမှာကြည့်စမ်း…..၊မင်းတွက်ထားတဲ့ ပုစ္စာက မှားနေတယ်ကွ.။.ရော့…… သေချာပြန်တွက်စမ်း.”
အဖေ့ရဲ့ တုန်ရီနေသော လက်တစ်ဘက်နဲ့ ကျွန်တော့်စာအုပ်လေးကို ပြန်ပေးသည်။
အဖေဟာ ညနေခင်းမှာ အရက်သောက်လေ့ရှိပေမယ့်
ညခင်းရောက်ရင်တော့ ကျွန်တော့်အတွက် special guide ပါပဲ။
ကျောင်းမှာ အရိုက်ကြမ်းဆုံးဆရာဟာ အဖေနဲ့
ယှဥ်ရင်တော့ သဘောအကောင်းဆုံး ဆရာတစ်ယောက်
လိုပင်။
ခုလည်းကြည့် ကျွန်တော်လက်နှစ်ဖက်ကို
တစ်ချက်စီ ချ ပြီးပြီ။
ကျွန်တော်လည်းတွက်ထားတဲ့ ပုစ္စာကို ပြန်စစ်ကြည်သည်။
လက်ရေးတို့က ရှုပ်ရှက်ခပ်လို့။ တစ်ခုကို စားကြည့်သည်။ မမှား ။မှန်သည်။
နောက်တစ်ခုကို အစားသွင်းကြည့်သည်။ မှန်ပြန်သည်။
“အဖြေက မှန်နေတာပဲ.။
ငါဘယ်နေရာ မှားနေပါလိမ့်.”
ကျွန်တော် နောက်တစ်ခေါက် ပြန်စစ်ကြည့်သည်။
အဖြေက ဒီအတိုင်း။
သုံးခေါက်မြှောက်ပြန်စစ်တော့
ဒီပုစ္စာကို အလွတ်တောင်မှတ်မိနေပါပြီ.။
အမှားက ရှာလို့ မတွေ့..။
“ဟာ… သေစမ်း.”
ကျွန်တော် အမှားကို တွေ့ပါပြီ။
တစ်ခြားမဟုတ် အဖြေမထုတ်ခြင်းပင်။
အဖေက အသေးစိတ်လွန်းသည်။
မြန်မာစာ စစ်လို့ ပုဒ်မ ချရမယ့် နေရာ မချရင်လည်း
အရိုက်ခံရသည်။
အဂ်လိပ်စာစစ်လို့ (,)comma ကျနေရစ်လည်း
ဆော်သည်။
နေ့တိုင်းလိုလို အရိုက်ခံ နေရတော့
ကျွန်တော့် လက်ကလေးတွေလည်း နီရဲလိ့ု။
အသားမာများပင် တည်နေပြီ.။
…………………………………………………………………..
ကျွန်တော် ဆယ်တန်းအောင်တော့ ဂုဏ်ထူးနှစ်ဘာသာ ပါသည်။
ဘယ်ကျူရှင်မှ မယူပါ။ ရွာကျောင်းမှာသာနေသည်။
ကျွန်တော် ရှစ်တန်းကတည်းက အဖေက ညဆို
၁၁ ထိုးမှ အိပ်ခိုင်းသည်။ မနက်လည်း ၄ နာရီဆို ထရပြီမို့ ဆယ်တန်းမှာ လည်း ဒီအတိုင်းပင်။သိပ်အခက်အခဲ မရှိလှ။
နားမလည်တဲ့ ပုစ္စာတွေဆို ဆရာ့ကို ချက်ချင်းသွားမေးရသည်။ မမေးလို့လည်း မရ။ မမေးရင် အဖေက ရိုက်သည်။ သူကိုယ်တိုင်လည်း လိုက်ပို့သည်။
ခုတော့ ကျွန်တော်ပင် မြန်မာစာ နောက်ဆုံးနှစ်ရောက်နေပြီ။
“ဂုဏ်ထူး နှစ်ခုပါတာတောင် သက်မွေးတက္ကသိုလ် မတက်ဘူးလား “ဟု တစ်ချို့က မေးကြသည်။
မတက်ပါ..။ ငယ်ကတည်းက စာအုပ်တွေဖတ်လာတော့ စာရေးဆရာတွေကို အားကျသည်။ ကိုယ်တိုင်လည်း သူတို့လိုစာတွေ ေရးချင်သည်။
“စာရေးဆရာ ဖြစ်ချင်ရင် မြန်မာစာနဲ့
စိတ်ပညာကို အဓိက ထားယူ “ဟု
စာပေဟောပြောပွဲတစ်ခုမှာ နားထောင်ဖူးသည်။
ထို့ကြောင့် မြန်မာစာ ယူခြင်းပင်။
……………………………………………………………………
. အဖေ နဲ့တွေ့ရတော့မည် မို့ ခြေလှမ်းတို့က သွက်နေသည်။
တက္ကသိုလ်တက်သည့် လေးနှစ်တာ ကာလအတွင်း
အဖေနဲ့ တစ်ခါမျှမတွေ့ရ။
သူကိုယ်တိုင် လာမတွေ့သလို ကျွန်တော့်ကိုလည်း
ရွာမပြန်ခိုင်း။ကျောင်းမတက်ရတဲ့ လတွေမှာပင် မြို့မှာသာ computerနှင့် english speaking သင်တန်းတက်ခိုင်းသည်။
ခုတော့ အဖေ့ အိမ်ရှေ့ရောက်ပါပြီ။
“အဖေ….အဖေ…”
အိမ်ရှေ့မှာ ေသာ့ခတ်ထားသည်မို့ ကျွန်တော် အော်ခေါ်လိုက်သည်။
အဖေက ထွက်မလာပါ။
“အဖေ.. ဘယ်များသွားနေပါလိမ့်
ခါတိုင်းဆို အဖေ ဒီနေရာမှ အရက်သောက်နေကျပါ”
ကျွန်တော် နောက်တစ်ခါ ထပ် အော်ခေါ်လိုက်သည်။
“အဖေရေ…..အဖေ.”
“လူလေး မင်းပြန်လာပြီလား”
နောက်ဘက်မှ ထွက်လာသော အသံကြောင့်
ကျွန်တော် လှည့်ကြည့်လိုက်သည်။
အဖေ မဟုတ် ။ ဦး တင်သောင်း။
“အဖေ.. ဘယ်သွားတာလဲ ကိုတင်သောင်း”
“လူလေး…… မင်းအဖေက…”
ကိုတင်သောင်း စကားကို ရှေ့မဆက်။
မျက်နှာလည်း ပျက်နေသည်။
“အဖေ.. နောက်မိန်းမ ယူသွားတာလား ကိုယ်တင်သောင်း.”
ကျွန်တော်က ဟာသအနေဖြင့် မေးသော်လည်း
ဦးတင်သောင်း မရယ်ပါ။
မျက်ရည်များပင် ကျလာသည်။
” ဟင်….ဦးတင်သောင်း
ငိုနေပါလား….ဘာဖြစ်လို့လဲ ။
အဖေ ဘာဖြစ်လို့လဲ ”
ကျွန်တော့် စိုးရိမ်စိတ်က
ဘာကြောင့်မှန်း မသိ အဖေ့ ဆီ ရောက်သွားသည်။
” လူလေး…..စိတ်ခိုင်ခိုင်ထားနော်..
မင်းအဖေ…..မင်းအဖေ ေလ
ပြီးခဲ့တဲ့လကပဲ ဆုံးသွားပြီကွ..”
“ဗျာ…..”
ကျွန်တော်ရင်ထဲ ဟာတာတာဖြစ်သွားသည်။
ခြေထောက်တွေကလည်း အလို ညွှတ်ကြသွားသည်။
” လူလေး….လူလေး..”
ကိုတင်သောင်းရဲ့ နောက်ဆက်တွဲ ခေါ်သံတော့ မကြားရတော့။
ကျွန်တော် မေ့လဲ သွားဟန်တူသည်။
နိုးလာတော့ အိမ်ပေါ်မှာ….။
“လူလေး…နိုးလာပြီလား..
ဒီမှာ မင်းအဖေက……လူလေးကို စာတစ်စောင်ပေးခဲ့တယ်..ကွ..
ရော့…..ရော့ ယူလိုက်.”
ကိုတင်သောင်းက ကျွန်တော်လက်ထဲကို စာတစ်ဆောင် ထည့်ပေးသည်။
ကျွန်တော်က စာကလေးကို အိပ်ကတ်ထဲ ထည့်ရင်း
“ဦးတင်သောင်း….
ဘာလို့ အဖေဆုံးတာ ကျွန်တော့်ကို အကြောင်းမကြားြကတာလဲ.”
“အကြောင်းကြားချင်တာပေါ့ လူလေးရယ်..
ဒါပေမယ့်..
မင်းအဖေက. လူလေးစာမေးပွဲအတွက် အာရုံမစိုက်နိုင်မှာစိုးလို့
မကြောင်းမကြားခိုင်းလို့ပါ.”
“ေဩာ်.. အဖေရယ်
ကျွန်တော့် ကို အဲ့လောက်တောင်ချစ်သလား..
အဖေ့ ရဲ့ နောက်ဆုံးအချိန်မှာတောင်…ကျွန်တော့် အတွက်ပဲ အလေးထားရသလား…
အဖေ့အတွက်လည်း ဂရုစိုက်သင့်တာပေါ့ အဖေရယ်.”
………………………………………………………………………..
” စာ ”
သို့/
လူလေး…..
လူလေး ဒီစာကို ဖတ်နေတဲ့ အချိန်မှာ အဖေဟာ လူ့လောကထဲ မှာ ရှိတော့မှာမဟုတ်ပါဘူး..။
ွအဖေကွယ်ဝှက်ထားတဲ့ အရာအားလုံးကိူ လူလေးကို ပြောပြချင်တယ် လူလေး….။
တကယ်တော့ လူလေးရဲ့ အမေဟာ
ဆုံးသွားတာမဟုတ်ပါဘူး..။
ရန်ကုန်မြို့ကြီးမှာ ရှိပါသေးတယ်။
ပညာဂုဏ်မက်တဲ့ သူ့ရဲ့ မိဘတွေက
ပညာမတတ်တဲ့ အဖေနဲ့သဘောမတူလို့
လူးလေးမွေးပြီးပြီးချင်းမှာပဲ မင်းအမေကိူ ခေါ်ပြီး
ယောကျ်ားပေးစားလိုက်ကြတာပါ။
အမှန်တော့ အဖေဟာ
ပညာမတတ်ပါဘူး။
လူလေးတွက်ထားတဲ့ ပုစ္စာတွေ…
လူလေး ရေးပေးတဲ့ ဖတ်စာတွေကို
အဖေတစ်ခုမှ နားမလည်ပါဘူး။
လက်ရေးရှုပ်ရှက်ခတ်နေရင်
မှားတဲ့နေရာတွေ ဖျက်ထားတာများရင် လူလေးကို ရိုက်လိုက်တာပါပဲ။
လူလေးကိုတောင်းပန်ပါတယ် လူလေးရယ်။
အဖေဟာ အရက်ကို မကောင်းမှန်းသိပေမယ့်
မင်းအမေကို သတိရတိုင်း သောက်မိနေတယ်လူလေး။
လူလေး မကြိုက်မှန်း လည်း သိပါတယ်။
တစ်ခါတစ်ခါ လူလေး အမြည်းတွေလာချပေးရင်
အဖေ ငေါက်ငေါက်လွှတ်တာ လူလေးမှတ်မိမှာပါ။
တကယ်တော့ အဖေ မစားချင်လို့ မဟုတ်ပါဘူး။
လူလေးကို အဖေ့လို ဘဝမျိုးမဖြစ်စေချင်လို့ပါ။
အဖေ့ကို ခွင့်လွှတ်ပါလူလေးရယ်…
လူလေးရဲ့ အဖေ….
သာထွန်း.
✍အဖေ့ရဲ့ မေတ္တာကြောင့်လားမသိ
အဖေမှားတယ်ဆိုပြီး ရိုက်ခဲ့တဲ့ ပုစ္စာတိုင်း
စာတိုင်းမှာ အမှားတစ်ခုတော့ပါစမြဲ✍
#ဇမ္ဗူမင်းဆက်
#စာချစ်သူများကိုတန်ဖိုးထားလျှက်