"ဒဏ်ရာမကင်းတဲ့ အိမ်ထောင်ရေး"


အခန်း (၁) 

ကျွန်မ အသက် (၂၀) အပျိုဖျန်းဘဝမှာ မန္တလေးမြို့က "ကိုသူရ" နဲ့ နှစ်ဖက်မိဘ အသိအမှတ်ပြု ရပ်ကွက်စာချုပ်နဲ့ မင်္ဂလာယူခဲ့ပါတယ်။ အိမ်ထောင်ကျပြီး မကြာမီမှာပဲ သူရရဲ့ ဖခင်ဖြစ်သူဟာ အရက်မူးလွန်ပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ ခဏခဏလုပ်တတ်တာကို သိလိုက်ရပါတယ်။ အစပိုင်းမှာတော့ သူရက ဒါကို ဖုံးကွယ်ထားခဲ့ပြီး မင်္ဂလာဆောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ ယောက္ခမအမေဖြစ်သူ မျက်နှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆေးရုံတက်ရတော့မှ ကျွန်မ အမှန်တရားကို သိခဲ့ရတာပါ။ သူရက အိမ်ရဲ့ တစ်ဦးတည်းသောသားမို့ ယောက္ခမအမေကို ကျွန်မတို့အိမ် ခေါ်ထားခဲ့ပေမဲ့ မကြာခင်မှာပဲ သူတို့မိဘနှစ်ပါးက ပြန်ပေါင်းထုတ်ကြပြန်ပါတယ်။ အကြိမ်ကြိမ်အခါခါ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကြားမှာ ကျွန်မလည်း တတ်နိုင်သလောက် ယောက္ခမတွေကို ပြုစုစောင့်ရှောက်ရင်း သည်းခံပေါင်းသင်းခဲ့ပါတယ်။

အခန်း (၂) 

ကျွန်မ ဗိုက်ထဲမှာ သမီးလေး (၂) လကျော် ကိုယ်ဝန်လွယ်ထားရချိန်မှာတော့ ဘဝရဲ့ အကြီးမားဆုံး ရိုက်ခတ်မှုနဲ့ ကြုံခဲ့ရပါတယ်။ သူရဟာ မူးယစ်ဆေးဝါး ကိစ္စနဲ့ ရဲဖမ်းခံရပြီး ထောင်ဒဏ် (၁၀) နှစ် ကျသွားခဲ့ပါတယ်။ နောက်ပိုင်းမှ အမှန်တရားကို သိလိုက်ရတာကတော့ သူရဟာ အသက် (၄၀) ကျော် မမတစ်ယောက်ရဲ့ မူးယစ်ဆေးဝါးတွေကို အစားထိုး တာဝန်ယူပေးရင်း ဖမ်းခံလိုက်ရတာပါ။ အရင်ကတည်းက အဲ့ဒီမိန်းမကြောင့် ကျွန်မတို့ လင်မယားကြား ပြဿနာဖြစ်ဖူးလို့ သူရက မဆက်သွယ်တော့ပါဘူးလို့ ကတိပေးခဲ့ဖူးပေမဲ့ ကွယ်ရာမှာ ခိုးဆက်သွယ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘေ ထောင်ထဲရောက်နေတာတောင် အဲ့ဒီမိန်းမဆီက စာတွေ ထောင်စာအဖြစ် ဝင်နေတာကို ကြားလူတစ်ယောက်ရဲ့ သနားစိတ်ကြောင့် ကျွန်မ ကိုယ်တိုင် မြင်တွေ့လိုက်ရချိန်မှာတော့ စိတ်ဓာတ်တွေ အပြီးတိုင် ပြိုလဲခဲ့ရပါတယ်။

အခန်း (၃) 

ကလေး (၈) လအရွယ်ရောက်တော့ ကလေးနို့ပြတ်ကာစမှာ အဖေဖြစ်သူဆီ ကလေးခေါ်သွားပြရင်း ယောက္ခမတွေရဲ့ အိမ်မှာ ခဏသွားနေခဲ့ပါတယ်။ အဲ့ဒီမှာတင် ညနက်သန်းခေါင် (၁၂) နာရီကျော်မှာ ယောက္ခမအဖေက အရက်မူးပြီး အော်ဟစ်ဆဲဆိုရာမှ ကလေးလေး လန့်နိုးပြီး တငိုငိုတရိုရို ဖြစ်ခဲ့ရပါတယ်။ ကလေးအတွက် စိတ်မထိန်းနိုင်တော့တဲ့ ကျွန်မက "မအိပ်ကြသေးဘူးလား၊ အဆင်မပြေရင် သမီး ရွာပြန်ပါရစေ" လို့ ပြောလိုက်တာကို ယောက္ခမအဖေက "ကျွန်မ ကို"  ရိုင်းစိုင်းစွာ ဆဲဆိုခဲ့ပါတယ်။ ဒီလို သိက္ခာချတဲ့ စကားကို ကြားလိုက်ရတဲ့နောက်မှာတော့ ကျွန်မ ယောက္ခမအိမ်ကနေ သမီးလေးကို ပွေ့ပြီး ကိုယ့်မိဘအိမ်ကို အပြီးတိုင် ပြန်လာခဲ့တော့တာပါပဲ။

အခန်း (၄)

လွန်ခဲ့တဲ့ (၂) နှစ်တာကာလပတ်လုံး အထီးကျန်မှု၊ သိမ်ငယ်မှုနဲ့ မရေရာတဲ့ အနာဂတ်တွေကို ရင်ဆိုင်ရင်း ကျွန်မ အတော်လေး နာကျင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မဘဝရဲ့ အမှောင်ထုထဲကို "ကိုလင်း" ဆိုတဲ့ အမျိုးသားတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ ကိုလင်းကို ကျွန်မရဲ့ အတိတ်ကြောင်းတွေ၊ ထောင်ကျနေတဲ့ လင်ပါကြောင်းနဲ့ ကလေးရှိကြောင်း အကုန်အစင် ပွင့်လင်းစွာ ပြောပြခဲ့ပါတယ်။ ကိုလင်းနဲ့ သူ့မိဘတွေက ကျွန်မနဲ့ သမီးလေးကို အစစအရာရာ နားလည်ပေးပြီး သနားဂရုစိုက်မှု၊ အလေးထားမှုတွေကို အပြည့်အဝ ပေးခဲ့ကြပါတယ်။

အခန်း (၅) 

အခုအချိန်မှာတော့ အတိတ်က တရားမဝင်ခဲ့တဲ့ အိမ်ထောင်ရေးထက် သမီးလေးနဲ့ ကျွန်မရဲ့ လုံခြုံရေး၊ အနာဂတ်အတွက် ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်နေမိပါတယ်။ အတိတ်က အမျိုးသားဟာ ထောင်ကထွက်လာရင် လူသစ်စိတ်သစ်နဲ့ ပြန်စမယ်လို့ ပြောပေမဲ့ သူ့ရဲ့ သစ္စာဖောက်မှုနဲ့ မိသားစုရဲ့ ရိုင်းစိုင်းမှုတွေကြောင့် ကျွန်မမှာ ယုံကြည်မှု လုံးဝမရှိတော့ပါ။ ကိုလင်းဆီကနေ ရရှိတဲ့ ဂရုစိုက်မှုတွေအတွက် အပြစ်လုပ်မိသလို ခံစားရပေမဲ့ ထောင်ထွက်အမျိုးသားရဲ့ ရန်ကို ကြောက်ရွံ့နေတဲ့ စိတ်လည်း ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မဟာ နောက်အိမ်ထောင်ပြုချင်လို့ မဟုတ်ဘဲ သမီးလေးအတွက် သန့်ရှင်းပြီး အေးချမ်းတဲ့ ဘဝတစ်ခုကိုပဲ လိုချင်တာပါ။