"ပြစ်မှားမိလေသောကံ"(စ-ဆုံး)

အခန်း (၁) 

,,,,, ဝုတ်... ဝုတ်... ဝုတ်... ,,,,,

ညသန်းခေါင်ယံအချိန် ဖြစ်သည်။ ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်လွန်းလှသဖြင့် အရွက်ကြွေသံပင် ကြားရလောက်သည်။ ထိုစဉ် လပြည့်နေ့ည၏ ဆိတ်ငြိမ်မှုကို ဖြိုခွဲလိုက်သည်က ဘုန်းကြီးကျောင်းဝန်းကြီးတစ်ခုလုံးကို ဆူညံစွာ လွှမ်းခြုံသွားသည့် အဆက်မပြတ် ခွေးဟောင်သံများပင် ဖြစ်၏။

ကျောင်းဝန်းထဲမှ ဗိုလ်ကျား၏ စူးစူးဝါးဝါး အဆက်မပြတ် ဟောင်သံကြောင့် ကျောင်းကပ္ပိယကြီး ဦးဖိုးထောင်တစ်ယောက် အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။ သူသည် မျက်စိကို ပွတ်သပ်ရင်း ဘေးနားရှိ ရေနံဆီမီးအိမ်လေးကို အသာအယာ ထွန်းညှိလိုက်၏။ ရေနံဆီမီးအိမ်မှ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်လေးသည် ကပ္ပိယကြီး၏ စိုးရိမ်စိတ်ဝင်နေသော မျက်နှာကို ထင်ဟပ်စေသည်။

"ဒီအချိန်ကြီး ဗိုလ်ကျား ဘာတွေ ထဟောင်နေတာလဲမသိဘူး။ သူခိုး ဓားပြတွေများ ကျောင်းဝန်းထဲ ကပ်နေလို့လား"

ဦးဖိုးထောင်တစ်ယောက် အိပ်ရာမှ ကုန်းရုန်းထထိုင်လိုက်ပြီး စိတ်ထဲတွင် ကျောင်းဝန်းထဲ သမားသမတ်များ ဝင်နေသည်ဟု ထင်မှတ်ကာ ဇဝေဇဝါ ဖြစ်နေသည်။ အသက်ခြောက်ဆယ်ကျော် ကပ္ပိယကြီးသည် တုတ်တစ်ချောင်းကို ဆွဲကာ ရေနံဆီမီးအိမ်လေးဖြင့် ကျောင်းဝန်းထဲသို့ တစ်ယောက်တည်း တုန်တုန်ချည့်ချည့် ဆင်းလာခဲ့တော့သည်။

လပြည့်နေ့ညမို့ ကောင်းကင်ယံတွင် လမင်းကြီးက ဝင်းဝင်းပပ သာနေဆဲပင်။ လရောင်အောက်တွင် ကျောင်းဝန်းကြီးတစ်ခုလုံး ဖြူဆွတ်သော အလင်းရောင် လွှမ်းနေသော်လည်း တစ်ဖက်တွင်မူ အမှောင်ရိပ်များက ကြီးစိုးနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သော်လည်း ကျောင်းစောင့်ခွေး ဗိုလ်ကျားမှလွဲ၍ အခြားမည်သည့် အရိပ်အယောင်မျှ မတွေ့ရပေ။

ဦးဖိုးထောင်သည် သတ္တိမွေးကာ ဗိုလ်ကျားရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။

"ဟဲ့... ဗိုလ်ကျား... ဗိုလ်ကျား... ဘာဖြစ်လို့လဲကွ။ ဘာတွေ့လို့လဲ"

ဦးဖိုးထောင်၏ ခေါ်သံကို ဗိုလ်ကျားက အရေးမလုပ်။ ၎င်း၏ နားရွက်နှစ်ဖက်ကို ထောင်လျက် ခြံတံခါးဝ အမှောင်ရိပ်ဘက်သို့သာ ဦးခေါင်းကို ထိုးကာ သည်းကြီးမဲကြီး ဟောင်နေတော့သည်။ ခြံတံခါးဝတွင်မူ မည်သူမျှ မရှိ၊ အမှောင်ထုသက်သက်သာ ရှိနေ၏။

ခဏအကြာတွင် ဆန်းကြယ်စွာဖြင့် ဗိုလ်ကျားသည် အဟောင်ရပ်သွားသည်။ ထို့နောက် တစ်ကိုယ်လုံး တုန်ရင်လျက် လည်ချောင်းထဲမှ "တအီးအီး" ဟူသော ညည်းတွားသံကြီးဖြင့် ကျောင်းဆောင်အောက်ခြေ အမှောင်ထုထဲသို့ ကြောက်လန့်တကြား တိုးဝှေ့ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ဗိုလ်ကျား၏ ပုံမှန်မဟုတ်သော အပြုအမူကိုကြည့်ပြီး ဦးဖိုးထောင်လည်း ရင်ထဲ တုန်လှုပ်သွားကာ ဘာကြောင့်မှန်း နားမလည်နိုင် ဖြစ်မိသည်။

"ဒီကောင် ဘာလို့ ရုတ်တရက်ကြီး အဟောင်ရပ်ပြီး ကြောက်ပြေးပြေးရတာလဲ။ ပြီးတော့ ဘာကိုမြင်လို့ အဲဒီလောက်အထိ သည်းကြီးမဲကြီး ထိုးဟောင်နေတာလဲ"

ဦးဖိုးထောင် စဉ်းစား၍မရခင်မှာပင် သူ့အရှေ့ အမှောင်ရိပ်ထဲမှ "ရိပ်ခနဲ" ဖြတ်ပြေးသွားသော အရာတစ်ခုကြောင့် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ဖျင်းခနဲ ထောင်တက်သွားရသည်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး လက်ထဲက မီးအိမ်ကို မြှောက်ကာ ထိုအရာအား အသည်းအသန် လိုက်လံရှာဖွေကြည့်မိသည်။

"ဟေ့... ဘယ်သူလဲကွ။ လူရှိရင် ထွက်ခဲ့"

သူသည် ကြောက်စိတ်ကို ဖုံးကွယ်ကာ အသံမာမာဖြင့် အော်မေးလိုက်မိသည်။ ထိုအခိုက်တွင်ပင် ထူးဆန်းသော အအေးဓာတ်တစ်ခုက အနောက်မှ လွှမ်းခြုံလာပြီး အရိပ်မဲကြီးတစ်ခု သူ့အနောက်တည့်တည့်တွင် ရပ်နေသည်ကို လက်ထဲမှ မီးအိမ်အလင်းရောင် အောက်ခြေ အမှောင်ရိပ် ပြတ်တောက်မှုကြောင့် ရိပ်ခနဲ မြင်တွေ့လိုက်ရသည်။

"ဟင်..."

ဦးဖိုးထောင်၏ ရင်ဘတ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားရသည်။ ခြေဖျားလက်ဖျားများ အေးစက်ကာ တစ်ကိုယ်လုံး လှုပ်ရှား၍မရတော့ဘဲ ကျောက်ရုပ်ပမာ ဖြစ်သွားရ၏။

"ဘုရား... ဘုရား... ငါ့အနောက်က ဘယ်သူပါလိမ့်"

နှုတ်မှ ဘုရားတနေစဉ်မှာပင် အမှောင်ထုထဲမှ ကွဲအက်လျက် အက်ရှရှရှိလှသော၊ ကြားရသူကို သွေးပျက်စေမည့် အသံနက်ကြီး ထွက်ပေါ်လာသည်။

"က... ပ္ပိ... ယ... ကြီး..."

ထိုအက်ကွဲကွဲ အသံကြီးကြောင့် ဦးဖိုးထောင် ပါးစပ်အဟောင်းသား ဖြစ်သွားရကာ သွေးပျက်မတတ် ကြောက်လန့်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသံသည် သူအလွန်ရင်းနှီးခဲ့သော အသံဖြစ်နေသောကြောင့်တည်း။

"ဘုရား... ဘုရား... ဒါ... ဒါ... လွန်ခဲ့တဲ့ လပိုင်းကမှ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဆရာတော် ဘုန်းဘုန်းဦးဥတ္တရရဲ့ အသံပါလား။ မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး..."

ကြောက်စိတ်က အထွတ်အထိပ်သို့ ရောက်နေသော်လည်း သိချင်စိတ်က တွန်းပို့နေသဖြင့် ခြေလှမ်းများကို နောက်သို့ ဆုတ်ကာ မဝံ့မရဲဖြင့် အနောက်သို့ လှည့်ကြည့်မိလိုက်သောအခါ...။

"အမလေးဗျာ..."

တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဦးဖိုးထောင်သည် ငယ်သံပါအောင် အော်ဟစ်ကာ အနောက်သို့ ဖင်ထိုင်လျက် လဲကျသွားရတော့သည်။

ထိုအရာသည် ပိန်ပိန်ရှည်ရှည် အကောင်ကြီးဖြစ်ပြီး၊ တစ်ကိုယ်လုံးတွင် ထူထပ်ပုပ်ပွနေသော အမွေးအမျှင် အမည်းကြီးများက အဝတ်အစားဗလာဖြစ်နေသည့် ခန္ဓာကိုယ်ကြီးကို ဖုံးကွယ်ထားသည်။ ထိုမျှမက ကြီးမားနက်မှောင်လှသော မျက်လုံးကြီးနှစ်ဖက်က ရှေ့သို့ တစ်လက်မခန့် ဆူထွက်နေပြီး ဦးဖိုးထောင်အား စိုက်ကြည့်နေလေသည်။

ထိုသရဲတစ်စ္ဆေ မြင်ကွင်းကြောင့် ကပ္ပိယကြီး ဦးဖိုးထောင်လည်း သတိလွတ်မတတ် ဖြစ်ကာ တုန်ရင်ရင်း အော်ဟစ်ပါတော့သည်။

"သရဲ... သရဲ... ကယ်ကြပါဦးဗျို့..."


အခန်း (၂) 

လွန်ခဲ့သော သုံးလခန့်က...။

ညနေစောင်းအချိန် သာစည်ကုန်းရွာကလေး၏ ရေတွင်းနားတွင် ရွာသူအချို့ ရေခပ်ရင်း အတင်းအဖျင်း ပြောနေကြသည်။

"အဲ့... ကိုယ်တော်ဆီမှာ မယားနဲ့ သားသမီးတွေ ရှိတယ်တဲ့အေ"

"အလိုတော်... မပြစ်မှားစမ်းပါနဲ့ ခင်ခင်ရဲ့။ မဆိုကောင်း မပြောကောင်း။ ညည်းက ဘယ်က ကြားလာတာတုန်း"

မိရွှေစာက ရင်ဘတ်လေးကို ဖိရင်း ထိတ်လန့်တကြား ပြန်ပြောလိုက်သည်။ သို့သော် ခင်ခင်က နှာခေါင်းတစ်ချက်ရှုံ့ကာ လေသံကို လျှော့ပြီး အနားသို့ တိုးကပ်ကာ ပြောလိုက်ပြန်သည်။

"ဟဲ့... ဘယ်က ကြားရမှာလဲ။ အခု ငါတို့ဆွမ်းလောင်းနေတဲ့ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကိုယ်တိုင် မိန့်တာတော်။ မိရွှေစာရဲ့"

"ဘုရား... ဘုရား..."

မိရွှေစာတစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် ဘုရားတမိသွားသည်။ ထိုအရှင်သောဇောတကိုယ်တော်သည် သူမတို့ရွာကို ကြွလာကတည်းက အလွန်ကြည်ညိုလေးစားရသည့် ရဟန်းတစ်ပါး ဖြစ်သောကြောင့် မိမိနားကိုပင် မယုံသင်္ကာ ဖြစ်မိလိုက်သည်။

"ညည်းပဲ စဉ်းစားကြည့်လေ။ ဥပဓိရုပ်ကလည်း ချောချော၊ အသက်ကလည်း ငယ်ငယ်ဆိုတော့ ဘုန်းကြီးဝတ်ပြီး ဒကာမတွေကို အယုံသွင်းတာနေမှာပေါ့။ ဒီသတင်းက သေချာသလောက် ရှိတယ်"

"ခင်ခင်ပြောသလို ဒီသတင်းသာ အမှန်ဆိုရင်တော့ ဒီကိုယ်တော်ကို ဆွမ်းမလောင်းကြဖို့ တစ်ရွာလုံးကို လိုက်ပြောရမယ်။ သာသနာညစ်နွမ်းတယ်"

"ညည်းမပြောလည်း တစ်ရွာလုံး သိနေကြပြီအေ"

ထိုအချိန်တွင် အရှင်သောဇောတသည် ရွာထဲသို့ အိန္ဒြေရရဖြင့် ဆွမ်းခံကြွလာနေသည်။ မိမိ၏ အကြောင်းကို ဒကာမနှစ်ဦး တိုးတိုးဖော်ဖော်ဖြင့် အတင်းပြောဆို စွပ်စွဲနေသံများကို ရဟန်းတစ်ပါး၏ အဘိညာဉ်ဖြင့်မဟုတ်ဘဲ လေယူရာအရပ်မို့ ရှင်းလင်းစွာ ကြားလိုက်ရသည်။ သို့သော် အရှင်သောဇောတ၏ ခြေလှမ်းများကတော့ ရပ်တန့်မသွားခဲ့ပါ။

သူသည် အမုန်းတရား ကင်းစင်သော မျက်နှာဖြင့် တလှမ်းချင်း ဆက်လက်ကြွချီလာခဲ့သည်။ စောစောက အတင်းပြောဆိုနေသော အမျိုးသမီးနှစ်ယောက်အနား ရောက်သောအခါ အရှင်သောဇောတသည် မျက်လွှာလေးချ၊ သပိတ်လေးပိုက်ကာ အေးချမ်းစွာဖြင့် ဆွမ်းခံရပ်မိလိုက်သည်။

မိရွှေစာနှင့် ခင်ခင်တို့ အမျိုးသမီးနှစ်ယောက်သည် ဆရာတော်အား မြင်သည်နှင့် ရိုသေမှု ကင်းမဲ့စွာဖြင့် နှာခေါင်းရှုံ့လိုက်ကြပြီး မသင်္ကာစိတ်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ ဆွမ်းလောင်းရန် ပြင်ဆင်မထားသည့်အပြင် ရိုသေမှုမရှိဘဲ နှင်လွှတ်သည့်လေသံဖြင့် ပြောလိုက်လေသည်။

"ကန်တော့ဆွမ်းပါ ကိုယ်တော်... ကန်တော့ဆွမ်းပါ။ နောက်လည်း ဒီအိမ်ရှေ့ကို ရပ်တော်မမူပါနဲ့တော့။ ဆွမ်းလည်း မလောင်းလှူနိုင်ပါဘူး"

အရှင်သောဇောတသည် စိတ်ဆိုးခြင်း၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်သာ တုံ့ပြန်မိန့်ကြားလိုက်သည်။

"သာဓု... သာဓု... သာဓု..."

ဆရာတော်သည် ထိုအမျိုးသမီးများ၏ ငြင်းပယ်မှုကို အပြစ်မမြင်ဘဲ အခြားအိမ်များသို့ ဆက်လက်၍ ဆွမ်းခံကြွခဲ့သည်။ သို့သော် ကျောင်းထိုင်ဆရာတော် ဖြန့်ထားသော မဟုတ်မမှန်သည့် သတင်းဆိုးက ရွာထဲတွင် တောမီးပမာ ပျံ့နှံ့နေပြီဖြစ်သဖြင့် မည်သည့်အိမ်ကမျှ ဆွမ်းလောင်းလှူခြင်း မရှိကြတော့ပေ။

အာရုံဆွမ်းလည်း ခုချိန်ထိ မဖုန်းပေးရသေးသဖြင့် ဗိုက်ထဲမှ ဆာလောင်လှသောကြောင့် အသံမျိုးစုံ မြည်းတီးနေလေတော့သည်။ အရှင်သောဇောတသည် လောကဓံကို အပြုံးဖြင့်ရင်ဆိုင်ရင်း စာလောင်နေသော ဗိုက်ကို ဖြည့်ရန်အတွက် လမ်းဘေး ဇရပ်အနီးရှိ ရေအိုးစင်လေးနားသို့ တရွေ့ရွေ့ ကြွလှမ်းလာခဲ့သည်။

သူသည် ရေအိုးထဲမှ ရေအေးအေးလေးကို ခွက်ဖြင့်ခပ်ကာ အာရုံဆွမ်းနှင့် နေ့ဆွမ်းအဖြစ် သဘောထားကာ အားရပါးရ တစ်ခါတည်း ဖုန်းပေးလိုက်လေသည်။ ထို့နောက် အတန်ကြာအောင် အပင်ရိပ်တွင် နားခိုပြီး မိမိသီတင်းသုံးရာ ကျောင်းကြီးဆီသို့ ပြန်လည်ကြွမြန်းလာခဲ့တော့သည်။

ကျောင်းပေါက်ဝသို့ ရောက်သောအခါ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက ခါးထောက်လျက် မနှစ်မြို့သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

"ကဲ... ကိုယ်တော်ရေ၊ ငါလည်း စိတ်တော့မကောင်းပါဘူး။ ကိုယ်တော့်ရဲ့ သတင်းအစုတ်အလုပ်တွေက တစ်ရွာလုံး ပျံ့နှံ့နေပြီဆိုတော့ သာသနာ့ကျောင်းတော်ရဲ့ သိက္ခာကို ငဲ့ရမယ်။ ဒီကျောင်းမှာ ဆက်ထားဖို့ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ကြွလာတဲ့ အရပ်ကိုပဲ ပြန်လည်ကြွတော်မူပါ"

မိမိအပေါ် မတရားစွပ်စွဲ ပြောဆိုနေသော ကျောင်းထိုင်ဆရာတော်အပေါ် အရှင်သောဇောတသည် အာဃာတမထားဘဲ၊ အပြစ်မယူဘဲ အတိတ်က ပြုခဲ့ဖူးသော မိမိ၏ ကံအကြောင်းတရားကိုသာ ရင်ထဲနှလုံးသွင်းကာ တည်ငြိမ်စွာဖြင့်ပင် ထွက်ခွာရန် ပြင်ဆင်လေတော့သည်။

ကျောင်းဝန်းကြီးအတွင်းမှ တစ်ရွေ့ရွေ့ ဖယ်ခွာသွားသော အရှင်သောဇောတ၏ နောက်ကျောပြင်ကို ကြည့်ပြီး ကျောင်းထိုင်ဆရာတော် ဦးဥတ္တရကတော့ အောင်နိုင်သူတစ်ယောက်ပမာ သရော်ပြုံး ပြုံးလျက် ကျန်ရစ်ခဲ့ပါတော့သည်။


အခန်း (၃)

ထိုဖြစ်ရပ်များ မတိုင်မီ သုံးလအလို... ဝါဆိုလဆန်းပိုင်းတွင် ဖြစ်သည်။

"ဘယ်လို... ကပ္ပိယကြီး။ ရဟန်းတစ်ပါးက ငါ့ကို တွေ့ချင်လို့ ရောက်နေတယ် ဟုတ်လား"

ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက မေးလိုက်သည်။

"တင်ပါဘုရား... ကျောင်းဝန်းထဲမှာ စောင့်နေပါတယ်ဘုရား"

"အိမ်း... အဲဒါဆိုရင် ငါ့ဆီ လွှတ်လိုက်ကွာ"

ဦးဥတ္တရ၏ အမိန့်အရ ကပ္ပိယကြီး ဦးဖိုးထောင်သည် အပြေးအလွှား သွားရောက်ကာ ထိုရဟန်းအား ပင့်ဆောင်လာခဲ့သည်။ ထိုရဟန်းသည် အသက်သုံးဆယ်ကျော်ခန့်သာ ရှိဦးမည့် ရဟန်းပျိုတစ်ပါး ဖြစ်ဟန်တူသည်။ ဝါဝင်းနုနယ်လှသော အသားအရေ၊ တည်ငြိမ်အေးချမ်းလှသော မျက်နှာတော်နှင့်အတူ လွန်စွာ ကျက်သရေရှိလှပေသည်။

ဦးဥတ္တရသည် ထိုရဟန်းပျိုအား အကဲခက်သော မျက်လုံးများဖြင့် စူးစိုက်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"ကိုယ်တော်က ဘယ်အရပ်ဒေသက ကြွချီလာတာလဲ ဘုရား"

"တင်ပါဘုရား... တပည့်တော် သာစည်ကုန်းကျေးရွာလေးဆီက ကြွချီလာတာပါ။ ယခုကျောင်းတော်ကြီးမှာပဲ ဒီဝါတွင်းသုံးလပတ်လုံး သီတင်းသုံး နေထိုင်ခွင့်ပြုဖို့ လျှောက်ထားချင်ပါတယ် ဘုရား"

ဦးဥတ္တရသည် စိတ်ထဲမှ တွေးတောလိုက်သည်။ 'ဒီကိုယ်တော် ကြည့်ရတာ ရိုးရိုးအေးအေးလေးပါပဲ။ သုံးလထက်လည်း ပိုနေမယ့်ပုံမပေါ်ဘူး။ ခွင့်ပြုလိုက်တာက ငါ့အတွက် အရှည်ကို ကြည့်ရင် ရက်ရောတဲ့ ကျောင်းထိုင်ဘုန်းကြီးအဖြစ် နာမည်ရတာပေါ့'။ သူသည် ဟန်မပျက် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ခွင့်မပြုစရာ ဘာအကြောင်းမှ မရှိပါဘူးကွယ်။ ခွင့်ပြုပါတယ်... ခွင့်ပြုပါတယ်။ ဒါနဲ့ ကိုယ်တော့်ဘွဲ့နာမည်က ဘယ်လိုခေါ်သလဲ။ တပည့်တော် ဘွဲ့ကတော့ ဦးဥတ္တရပါ"

"တင်ပါဘုရား... တပည့်တော်ရဲ့ ဘွဲ့နာမည်ကတော့ အရှင်သောဇောတပါ ဘုရား"

"အိမ်းကွယ်... မှတ်သားထားပါတယ်။ ကဲ... ကပ္ပိယကြီးရေ၊ ဒီကိုယ်တော်လေးအတွက် သီတင်းသုံးဖို့ နေရာထိုင်ခင်းလေး အမြန်ပြင်ဆင်ပေးလိုက်စမ်းပါဦး"

"တင်ပါဘုရား... တင်ပါ့ဘုရား"

ဦးဖိုးထောင်သည် ရိုသေစွာ လျှောက်ထားပြီးနောက် အရှင်သောဇောတအတွက် ကျောင်းဆောင်ငယ်လေးတစ်ခုတွင် နေရာချထားပေးရန် ထွက်သွားတော့သည်။

ရက်အနည်းငယ် ကြာလာသောအခါ... ရွာထဲမှ ဒကာ၊ ဒကာမများ ကျောင်းသို့ လာကြရာတွင် အရှင်သောဇောတကို မြင်ပြီး တအံ့တဩ ချီးမွမ်းကြလေတော့သည်။

"ကြည့်စမ်းပါဦးတော်... ကြည့်စမ်းပါဦး။ အဲဒီ ကိုယ်တော်လေး ကြည့်ရတာ အရမ်းကို ကြည်ညိုဖို့ကောင်းတာပဲ။ ဘယ်အချိန်ကြည့်ကြည့် တရားဓမ္မပဲ ပွားများအားထုတ်နေတာ"

"အေးပါဟယ်... မျက်နှာတော်ကလည်း လောဘ၊ ဒေါသ၊ မောဟ အပူတွေ ကင်းစင်ပြီး အရမ်းအေးချမ်းတာပဲ။ အဲဒီကိုယ်တော်လေးကို ကြည့်မိရင် ရင်ထဲ အေးခနဲ ဖြစ်သွားတာပဲအေ"

တစ်နေ့ထက်တစ်နေ့ မရိုးနိုင်အောင် ထွက်ပေါ်လာသည့် ချီးကျူးသံများသည် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ၏ နားထဲတွင်မူ လွန်စွာ ခါးသီးလှသော အဆိပ်အတောက်များ ဖြစ်လာခဲ့သည်။

'ကြည့်စမ်း... ကြည့်စမ်း... ဘယ်လို ဒကာ၊ ဒကာမတွေလဲ။ ငါက ဒီကျောင်းရဲ့ ကျောင်းထိုင် ဆရာတော်တစ်ပါးလုံး ရှိနေတာတောင် ငါ့ကို သတိမထားမိကြဘဲ ဟိုကောင်ပြာကောင်ကိုမှ မြှောက်နေကြတယ်။ ငါ့သိက္ခာ ဘယ်နား သွားထားရမလဲ'

ဦးဥတ္တရ၏ ရင်ထဲတွင် မနာလိုဝန်တိုမှု အပူမီးတောက်ကြီးက ငြိမ်းသတ်၍မရဘဲ တစ်နေ့ထက်တစ်နေ့ ပိုမိုတောက်လောင်လာနေခြင်း ဖြစ်သည်။


အခန်း (၄) 

မနာလိုစိတ် ပြင်းပြလာသော ဦးဥတ္တရသည် သွေးပူလာခဲ့သည်။

နောက်တစ်နေ့ နံနက်ခင်းအစောကြီးတွင် ဦးဥတ္တရသည် အရှင်သောဇောတကိုယ်တော်အား နှိုးခြင်း၊ စောင့်ခြင်းမပြုတော့ဘဲ တစ်ပါးတည်း ရွာထဲသို့ ဆွမ်းခံကြွလာခဲ့တော့သည်။ သူသည် အရှင်သောဇောတ ဆွမ်းမဖုန်းပေးရစေရန် တမင်သက်သက် လက်ဦးမှုယူခြင်း ဖြစ်သည်။ ရွာထဲသို့ ရောက်သောအခါ အရပ်သူ၊ အရပ်သားများသည် ကျောင်းထိုင်ဆရာတော် တစ်ပါးတည်း ကြွလာပြီး နေ့စဉ်မြင်တွေ့နေရကျ ကိုယ်တော်လေး ပါမလာသဖြင့် စိုးရိမ်တကြီး မေးမြန်းကြလေသည်။

"အရှင်ဘုရား... ဟို... ကိုယ်တော်လေး ကြွမလာဘူးလား ဘုရား။ နေများမကောင်းလို့လား"

ဒကာမတစ်ဦး၏ မေးခွန်းကြောင့် ဦးဥတ္တရ ရင်ထဲတွင် လှံဖြင့် အထိုးခံရသလို ခံရခက်သွားသည်။ 'ငါ့ကိုကျတော့ ဆွမ်းလောင်းဖို့ သတိမရဘူး။ ဟိုကိုယ်တော်ကိုကျတော့ တမ်းတနေကြတယ်' ဟု တွေးကာ ဒေါသထွက်သွားသော်လည်း သင်္ကန်းဝတ်ထားသဖြင့် အရာရာကို ဟန်ဆောင်ထိန်းချုပ်ကာ ပလီဆယ်ပြီး မဟုတ်မမှန် ပြောလိုက်လေသည်။

"ဘယ်လိုက်လာပါ့မလဲ ဒကာမကြီးရဲ့။ အပျင်းက ထူနေတာလေ။ အခုချိန်ထိ အိပ်ရာက မထသေးဘူး။ သူ့ကိုယ်သူ ကျောင်းပိုင်ဘုန်းကြီးကျနေတာပဲ။ အခွင့်အရေး တော်တော်ယူတဲ့ ကိုယ်တော်ပါ"

သူ၏ စကားကြောင့် ဒကာမကြီးက မယုံကြည်နိုင်သလိုဖြင့် ပြန်လည်လျှောက်ထားသည်။

"သြော်... အရှင်ဘုရားကလည်း။ အဲဒီကိုယ်တော်လေးက နေ့ရောညပါ မပျက် တရားဓမ္မ အားထုတ်နေတော့ ပင်ပန်းရှာလို့ ဖြစ်မှာပါ ဘုရား"

'အလိုလေး... နော်။ ငါက ဒီလောက် မကောင်းပြောနေတာတောင် ဒီဒကာမတွေက အဖြစ်သည်းနေလိုက်တာ ကြည့်စမ်းဦး' ဟု စိတ်ထဲတွင် မချိမရိ ခံစားရကာ ဦးဥတ္တရ ပို၍ မကျေမနပ် ဖြစ်လာသည်။

ထိုစဉ် အခြားဒကာမတစ်ဦးက ဆွမ်းချိုင့်လေးကို ကိုင်ကာ ရှေ့သို့ တိုးလာခဲ့သည်။

"အရှင်ဘုရား... အဲဒီကိုယ်တော်လေးအတွက် ဒီဆွမ်းချိုင့်လေး လောင်းလှူပါရစေ ဘုရား။ တပည့်တော်မကိုယ်စား ယူသွားပေးပါဦး ဘုရား"

ဦးဥတ္တရ စိတ်ထဲတွင် 'ရာရာစစ... ငါ့ကိုများ သူ့ရဲ့ အခိုင်းအစေမှတ်နေသလား။ ငါက သူ့အတွက် ဆွမ်းချိုင့် သယ်ပေးရမှာလား' ဟု ဒေါသပုန်ထသွားသည်။ သို့သော် မယူဘဲ ငြင်းပယ်လိုက်ပါကလည်း ရွာထဲတွင် ကျောင်းထိုင်ဘုန်းကြီးက စိတ်ပုပ်တယ်ဟု ကဲ့ရဲ့ကြမည်ကို ကြောက်သဖြင့် နောက်ဆုံးတွင် မထူးသည့်အဆုံး ဆွမ်းချိုင့်ကို ဆွဲယူခဲ့ရသည်။

သူသည် ရွာထဲမှ ထွက်လာပြီး လူသူကင်းဝေးသော လမ်းဆုံလမ်းခွ အမှောင်ရိပ် သစ်ပင်ကြီးတစ်ပင်အောက် ရောက်သောအခါ ဘေးဘီကို ကြည့်လိုက်သည်။ မည်သူမျှ မရှိသည်ကို သေချာသောအခါ ထိုကြည်ညိုဖွယ် ဆွမ်းချိုင့်ကို လမ်းမပေါ်သို့ ဒေါသတကြီးဖြင့် သွန်မှောက်ကာ စွန့်ပစ်လိုက်လေတော့သည်။

"ရော့... စားဦးမလား တရားဓမ္မကိုယ်တော်။ ငါ့ကို ကျော်ပြီး ဘုန်းကြီးလုပ်ချင်တဲ့ကောင်"

ဒီလိုအဖြစ်မျိုးတွေနှင့် နေ့စဉ်ကြုံတွေ့ရတိုင်း ညစဉ်ညတိုင်း ဦးဥတ္တရ လုံးဝအိပ်၍ မပျော်တော့ချေ။

'ဒီပုံစံအတိုင်းသာ ဆက်သွားရင် ဒကာ၊ ဒကာမတွေက ငါ့ကို အရေးမလုပ်တော့ဘဲ သူ့ကိုပဲ ကိုးကွယ်ကြတော့မယ်။ နောက်ဆုံး ငါ့ကျောင်းကြီးကိုပါ သူလုသွားလိမ့်မယ်။ မဖြစ်ဘူး... မဖြစ်ဘူး။ ငါ တစ်ခုခုကို ယုတ်မာမှ ဖြစ်တော့မယ်'

သူသည် အရှင်သောဇောတအား ကျောင်းမှ နှင်ထုတ်ရန် အစီအစဉ်ဆိုးကြီးကို စတင်ကြံစည်လေတော့သည်။


အခန်း (၅) 

နောက်ရက်အနည်းငယ် ကြာသောအခါ... ဦးဥတ္တရသည် ခါတိုင်းလိုပင် တစ်ပါးတည်း ဆွမ်းခံကြွလာခဲ့ပြန်သည်။ ထုံးစံအတိုင်း လိုက်ပါမလာသော ကိုယ်တော်လေးအကြောင်းကို ဒကာ၊ ဒကာမများက စိတ်ပူတကြီး မေးမြန်းကြပြန်သည်။ ယခုမူ ဦးဥတ္တရအတွက် အကွက်ဆိုက်သွားပြီ ဖြစ်သည်။ သူသည် ကြိုတင်ကြံစည်ထားသည့်အတိုင်း မျက်နှာကို လေသံအေးအေးဖြင့် လျှို့ဝှက်စွာ ပြောလိုက်လေသည်။

"ဒကာ၊ ဒကာမကြီးတို့... ဒီသတင်းကို မကြားမိသေးဘူး ထင်တယ်နော်"

ကျောင်းထိုင်ဆရာတော်၏ ထူးထူးခြားခြား စကားကြောင့် အရပ်သူ၊ အရပ်သားအချို့သည် စိတ်ဝင်တစားဖြင့် အနားသို့ တိုးလာကြသည်။

"ဘာသတင်းလဲ ဘုရား... လျှောက်ပါဦး"

"ဘာသတင်းဖြစ်ရမှာလဲ ဒကာမကြီးတို့ရဲ့။ အဲဒီကိုယ်တော်လေးက ရဟန်းအတုတဲ့ဟဲ့။ သူ့မှာ မြို့ပေါ်မှာ မယားနဲ့ သားသမီးတွေ အထုပ်လိုက် ရှိတယ်လို့ ငါ အတိအကျ သတင်းရထားတယ်။ အခုလည်း ဒီရွာက ကျောင်းကြီးကို အပိုင်စီးဖို့ ဒကာ၊ ဒကာမကြီးတို့ကို ဟန်ဆောင်ကြည်ညိုအောင် အယုံသွင်းနေတာ"

"ဘုရား... ဘုရား... တပည့်တော်တို့ဖြင့် မယုံနိုင်စရာပဲ။ ဒီသတင်းက ဟုတ်ရော ဟုတ်ပါ့မလား ဘုရား"

ဒကာမအချို့က ဇဝေဇဝါဖြင့် မေးမြန်းရာ ဦးဥတ္တရက မျက်နှာကို တည်ကာ ငေါက်သံဖြင့် ပြောလိုက်သည်။

"ဟဲ့... ငါက ကျောင်းထိုင်ဘုန်းကြီးပါဟ။ လိမ်ညာပြီး ပြောစရာလား။ ဒီသတင်းက ငါ့ဆီကို ခိုင်ခိုင်မာမာ ရောက်လာလို့ သာသနာညစ်နွမ်းမှာစိုးလို့ သတိပေးရတာ"

ကျောင်းထိုင်ဆရာတော်ကိုယ်တိုင် အတည်ပြုပြောဆိုသဖြင့် ရွာသားများအားလုံး ကျောင်းထိုင်ဆရာတော်၏ စကားကို အတည်တကျ ယုံကြည်သွားကြလေတော့သည်။ ထိုနေ့မှစ၍ အရှင်သောဇောတအပေါ် ရွာသားများ၏ အကြည့်များ ပြောင်းလဲသွားကာ ဆွမ်းမလောင်းလှူကြတော့ဘဲ နှင်လွှတ်ခဲ့ကြခြင်း ဖြစ်သည်။

အရှင်သောဇောတ ကျောင်းမှ ထွက်ခွာသွားပြီးနောက် ဦးဥတ္တရသည် ကျောင်းပေါ်တွင် တစ်ပါးတည်း ကျန်ရစ်ကာ အောင်နိုင်သူအဖြစ် ကျိတ်၍ ပြုံးပျော်နေခဲ့သည်။

"အခုတော့ ဘာတတ်နိုင်သေးလဲ အရှင်သောဇောတရယ်။ ဒီပွဲမှာ မင်းရှုံးသွားပြီ။ အခုတော့ သွားရှာလေော့... ဟား... ဟား..."

သူသည် စိတ်ထဲမှ ကျေနပ်စွာ ရယ်မောလိုက်သော်လည်း ထိုပျော်ရွှင်မှုက ကြာကြာမခံခဲ့ပါ။ ထိုနေ့ ညနေစောင်းအချိန်တွင်ပင်...

"အမလေး... အား... ကျွတ်... ကျွတ်... နာလိုက်တာ။ သေပါပြီဗျာ..."

အစားမှားလေခြင်းကြောင့်လား၊ အကုသိုလ်ကံကြောင့်လားမသိ။ သိသိသာသာ ထိုး၍ အောင့်တက်လာသော ဝမ်းဗိုက်ဒဏ်ကြောင့် ဦးဥတ္တရ ကျောင်းပေါ်တွင် တစ်ကိုယ်တည်း အလူးအလဲ ခံနေရလေသည်။ ဗိုက်ထဲမှ အလုံးကြီးတစ်လုံးက ရစ်ပတ်ထိုးဆွဲနေသကဲ့သို့ ခံစားရသည်။

"မဖြစ်ဘူး... မဖြစ်ဘူး။ ငါ သေလို့မဖြစ်သေးဘူး။ ကပ္ပိယကြီး... ကပ္ပိယကြီးရေ... ကယ်ပါဦး..."

သေမတတ် ခံစားနေရသည့်ကြားမှ ဦးဥတ္တရသည် ကုန်းရုန်းထကာ ကျောင်းအောက်ခြေရှိ ကပ္ပိယကြီး ဦးဖိုးထောင်၏ အိပ်ဆောင်ဆီသို့ သွားရန် ကြိုးစားသော်လည်း ပြင်းထန်လှသော လေရောဂါကြောင့် စိတ်သွားတိုင်း ကိုယ်မပါတော့ချေ။ အသံကလည်း လည်ချောင်းထဲတွင် ပိတ်ဆို့နေသဖြင့် အပြင်သို့ ကျယ်ကျယ်လောင်လောင် မထွက်နိုင်ဘဲ ဖြစ်နေသည်။

"ဒါ... ဒါ ငါ့ရဲ့ မိုက်ပြစ်တွေလား။ ဒီလောက် ခမ်းနားတဲ့ ကျောင်းဆောင်ကြီး ရှိနေတာတောင်၊ လိမ္မာရေးခြားရှိတဲ့ ကပ္ပိယကြီးကိုတောင် ငါက မနာလိုစိတ်နဲ့ ကျောင်းပေါ်မှာ အတူခေါ်မသိပ်ခဲ့မိဘူး။ အခုတော့ ငါတစ်ပါးတည်း ဒုက္ခအကြီးကြီး တွေ့နေရပြီ"

သူသည် နောင်တရသလို ရှိသော်လည်း အချိန်နှောင်းသွားခဲ့ပါပြီ။

"အမလေး... သေရတော့မယ် ထင်ပါရဲ့... ကျွတ်... ကျွတ်..."

လေရောဂါက မသက်သာသည့်အပြင် ပိုမိုဆိုးဝါးလာပြီး ဝမ်းဗိုက်ကြီးက ဖောင်းကားလာသည်။ အတန်ကြာအောင် တစ်ပါးတည်း ကူညီမည့်သူမရှိဘဲ ညည်းညူရင်းဖြင့် ကျောင်းထိုင်ဆရာတော် ဦးဥတ္တရ၏ အသက်ရှူသံများသည် တိတ်ဆိတ်ငြိမ်သက်သွားကာ ပျံလွန်တော်မူသွားခဲ့ရတော့သည်။


အခန်း (၆) 

"ဟင်... ငါ... ငါ ဘယ်နေရာကို ရောက်နေတာလဲ"

ဦးဥတ္တရ နိုးလာသောအခါ ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့ဩသွားသည်။ သူသည် မိမိ၏ ကျောင်းပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ခြင်း မဟုတ်ပါလား။ ယခုမူ အဘယ်ကြောင့် လမ်းဘေး မြက်တောကြီးထဲ ရောက်နေရသနည်း။ ပတ်ဝန်းကျင်ကို အကဲခက်ကြည့်လိုက်တော့ အရာအားလုံးက မည်းမှောင် ခြောက်ခြားဖွယ် ဖြစ်နေသည်။ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုသို့ ရောက်နေသည်မှာ သေချာလှသည်။

"အလို... ငါ့အသံကြီးကလည်း ဘာလို့ ဒီလောက် အောတောတောကြီး ဖြစ်နေရတာလဲ"

သူသည် မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်မိရာတွင် ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် အော်ဟစ်မိတော့သည်။

"အမလေး... ငါ့... ငါ့ခန္ဓာကိုယ်ပေါ်မှာ ဘာတွေ ပေါက်နေတာလဲ"

မြင်တွေ့နေရသည့် တစ်ကိုယ်လုံးမှ ထူထပ်ပုပ်ပွနေသော အမွေးအမျှင် အမည်းကြီးများကြောင့် ဦးဥတ္တရ လွန်စွာ ထိတ်လန့်သွားရသည်။ သူ၏ ဝမ်းဗိုက်ကြီးက စည်ပိုင်းကြီးတစ်ခုပမာ ဖောင်းကားနေပြီး လက်မောင်းနှင့် ခြေထောက်များကမူ ညောင်နာနာ ပိန်လှီလွန်းလှသဖြင့် ခန္ဓာကိုယ်နှင့် လုံးဝ မလိုက်ဖက်ပေ။

မျက်နှာကို လက်ဖြင့် သေချာစမ်းကြည့်မိသောအခါ မျက်လုံးနှစ်ဖက်က လက်သီးဆုပ်ခန့်ကြီးမားကာ ရှေ့သို့ ဆူထွက်နေပြီး ပါးစပ်ပေါက်ကြီးကလည်း နားရွက်နားအထိ ပြဲအက်နေကာ အလွန် အကျည်းတန်ရုပ်ဆိုးလှပေသည်။

"ဘုရား... ဘုရား... ငါ့ခန္ဓာကိုယ်ကြီးက ဘာဖြစ်လို့ ဒီလို တိရစ္ဆာန်လို အကောင်ကြီး ဖြစ်သွားရတာလဲ"

ထိုစဉ် သူ၏ ခေါင်းပေါ်မှ "တဘုတ်ဘုတ်" ဟု ကျလာသောအရာများကြောင့် ဦးဥတ္တရ မျက်လုံးပြူးသွားပြီး လက်ဖြင့် ဦးခေါင်းကို အသာစမ်းကြည့်လိုက်ရာ...။

"အမလေး... လောက်ကောင်တွေ... လောက်ကောင်တွေ... အများကြီးပဲ"

လက်ထဲတွင် ကပ်ပါလာသော အကောင်ဗွက်လောက်ကောင်များကြောင့် ထိတ်လန့်တကြား အော်ဟစ်ကာ လက်ကို ခါထုတ်လိုက်ရသည်။ သူ၏ ခေါင်းပေါ်ရှိ အနာစိမ်းကြီးများထဲမှ လောက်ကောင်များက တဖွားဖွား ကျနေခြင်း ဖြစ်သည်။

"ငါ... ငါ သေသွားတာတော့ သေချာပြီ။ အခု ရောက်နေတဲ့ဘုံက ငါကျမ်းစာတွေထဲမှာ ဖတ်ဖူး၊ ကြားဖူးတဲ့ ပြိတ္တာဘုံပဲ။ ဘုရား... ဘုရား... ငါ့အဖြစ်ကတော့ တကယ်ပဲ ဆိုးလှချေလား... အီးဟီး... ဟီး..."

မိမိဘဝ၏ ဖြစ်ပျက်သမျှကို သဘောပေါက်သွားသောအခါ ဦးဥတ္တရသည် အားရပါးရ ငိုကြွေးချမိတော့သည်။ ထိုစဉ် အနားရှိ သစ်ပင်ကြီးပေါ်မှ စူးရှလှသော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ဟဲ့... သေနာကောင်။ ဒီအနားမှာ လာမငိုနဲ့။ ဝေးဝေးသွားငိုစမ်း။ နားငြီးတယ်၊ ကျက်သရေယုတ်တယ်"

သစ်ပင်ပေါ်မှ ရုပ်ဆိုးဆိုး မိန်းမပြိတ္တာကြီးက စိမ်းကားစွာ အော်ငေါက်လိုက်သဖြင့် ဦးဥတ္တရလည်း အငိုရပ်ကာ ကြောက်လန့်တကြားဖြင့် ထိုနေရာမှ အမြန်ဆုံး ထွက်ပြေးခဲ့ရတော့သည်။


အခန်း (၇)

,,,,, ခွီး... ခွီး... ,,,,,

အတန်ကြာအောင် လမ်းလျှောက်လာပြီးနောက် ဗိုက်က သိသိသာသာ ဆာလောင်လာခဲ့သည်။ ဝမ်းဗိုက်ကြီးထဲမှ လေများက အသံမျိုးစုံဖြင့် မြည်းတီးနေသော်လည်း စားစရာ ဘာမျှမရှိပေ။ သူသည် ဝမ်းစာဖြည့်ရန် အစားအစာများကို ကန္တာရတောကြီးထဲတွင် အသည်းအသန် လိုက်လံရှာဖွေရပြန်သည်။

လမ်းတွင် သူ့လို ဘဝတူ ပြိတ္တာအများအပြားကိုလည်း တွေ့ရသည်။ အချို့ပြိတ္တာဆိုလျှင် လူများစွန့်ပစ်ထားသည့် အညစ်အကြေး၊ မစင်များကို အလုအယက် စားသောက်နေကြသည်ကို မြင်ရသဖြင့် ကျောင်းထိုင်ဘုန်းကြီးဘဝက သန့်သန့်ပြန့်ပြန့် နေခဲ့သော ဦးဥတ္တရတစ်ယောက် နှာခေါင်းရှုံ့မိသည်။

"ထွီ... ရွံစရာကောင်းလိုက်တာ။ ဒါမျိုးတွေကိုတော့ ငါ ဘယ်လိုမှ မစားနိုင်ပါဘူး"

ထိုအညစ်အကြေးများကို မြင်ရုံမျှဖြင့် ဦးဥတ္တရ အော့အန်ချင်သလို ဖြစ်သွားသည်။ ကျောင်းထိုင်ဘုန်းကြီး ဘဝတုန်းက ဒကာမတွေ လှူသည့်ဟင်းကို သန့်လှချေရဲ့၊ အသားမပါလို့၊ အရသာမရှိလို့ဆိုပြီး ပြစ်တင်ဝေဖန် ဟင်းကြီးများခဲ့သော ဦးဥတ္တရသည် ယခု ပြိတ္တာဘုံရောက်မှ နှာခေါင်းရှုံ့နေရသော်လည်း ဗိုက်ကမူ သေလုမတတ် ဆာလောင်နေပြီ ဖြစ်သည်။

ထိုစဉ် လမ်းဘေးတစ်နေရာတွင်...

"ဟာ... ဟိုမှာ ငါ့ရဲ့ ဒကာမကြီး ခင်ခင်ပါလား။ သူက လူ့ပြည်မှာ ရှိနေသေးတာပဲ။ ငါ သူ့ကို ခေါ်ပြီး အကူအညီတောင်းကြည့်ဦးမှပဲ"

ဦးဥတ္တရသည် ဝမ်းသာအားရဖြင့် ပြေးသွားကာ အော်ခေါ်လိုက်သည်။

"ဒကာမကြီး ခင်ခင်... ဒကာမကြီး ခင်ခင်... ငါ့ကို ကယ်ပါဦး"

သို့သော် ပြိတ္တာဘဝမို့ ဦးဥတ္တရ၏ အော်သံကို ဒကာမကြီး ခင်ခင်က လုံးဝမကြားနိုင်ပေ။ ထိုအချိန်တွင် ခင်ခင်သည် လမ်းဘေးတွင် ဆော့ကစားနေသော သူမ၏ သားငယ်လေးရှိရာသို့ ရောက်လာပြီး ကလေးကို ပွေ့ချီရန် ဟန်ပြင်လိုက်ရင်း ညည်းတွားပြောဆိုလိုက်သည်။

"အမလေး... နော်။ ဒီလောက် ညစ်ပတ်အောင် ဆော့ရသလား ကလေးရယ်။ နှာချီးက တွဲလောင်းနဲ့။ လူမြင်လို့တောင် မကောင်းဘူး၊ ကတည်းပဲ"

ခင်ခင်သည် ပြောပြောဆိုဆိုဖြင့် ကလေး၏ နှာခေါင်းမှ နှာချီးခဲကြီးကို လက်ဖြင့် ညှစ်ယူကာ ဘေးနားရှိ မြေကြီးပေါ်သို့ "ပက်ခနဲ" ပစ်ချလိုက်လေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဦးဥတ္တရသည် ဆာလောင်လွန်းလှသဖြင့် ဘာအရှက်မှ မရှိတော့ဘဲ စောစောက ရွံရှာခဲ့သည့် စိတ်များ ပျောက်ကွယ်သွားကာ ထိုနှာချီးဖတ်ကို ကောက်ယူစားရန် အသည်းအသန် ဟန်ပြင်လိုက်သည်။ သို့သော် ဘယ်အချိန်ကတည်းက ချောင်းနေသည်မသိသော အခြားပြိတ္တာအကောင်ကြီးတစ်ကောင်က ရုတ်တရက် ရောက်လာပြီး...။

သူ့ထက်ဦးအောင် ရှည်လျားလှသော လျှာကြီးကို ထုတ်ကာ ထိုနှာချီးဖတ်ကို သပ်ခနဲ လျက်ယူစားပစ်လိုက်လေတော့သည်။ ထိုအကောင်ကြီးက ပါးစပ်ကို သုတ်ရင်း ညည်းလိုက်သည်။

"အုန်း... ကောင်းလိုက်တဲ့ အရသာ"

မိမိစားမည့် အစားအစာကို လုစားသွားသည်ကို မြင်လိုက်ရသောကြောင့် ဦးဥတ္တရ လွန်စွာ ဒေါသထွက်သွားမိသည်။

"တောက်... ဒီဒကာမက ငါ့ဒကာမကွ။ ငါ့ကို ကျွေးတာကို မင်းက ဘာလို့ လုစားတာလဲ။ ကဲကွာ... သေစမ်း"

သူသည် ဒေါသအလျောက် မိမိ၏ ပိန်လှီသော လက်သီးဖြင့် ထိုပြိတ္တာကြီး၏ မျက်နှာကို "ခွပ်... ခွပ်" ဟု နှစ်ချက်ဆင့်ကာ အလျင်အမြန် ပစ်ထိုးလိုက်လေတော့သည်။


အခန်း (၈) 

"အံမယ်... မင်းကများ ငါ့အသားကို ထိရဲတယ်ပေါ့ ဟုတ်လား။ ငါ ဘာကောင်လဲဆိုတာ မင်းကို ပြမယ်"

ထိုပြိတ္တာကြီးသည် ဒေါသူပုန်ထသွားပြီး သူ၏ အပေါင်းအဖော်များကို အော်ခေါ်လိုက်လေသည်။

"ဟေ့ကောင်တွေ... ဒီမှာ အကောင်သစ်က လာရမ်းကားနေတယ်။ ဒီကောင်ကို ပညာပေးလိုက်ကြစမ်း"

အမိန့်ပေးသံနှင့်အတူ ဘေးနားရှိ သစ်ပင်ကြီးပေါ်မှ ဇောက်ထိုးကြီး ဆင်းလာကြသော ခပ်ဝဝ၊ ခပ်ထွားထွား ပြိတ္တာလေးကောင် ထွက်လာပြီး ဦးဥတ္တရအား ဝိုင်းဝန်းကာ ထိုးကြိတ်ကန်ကျောက် တိုက်ခိုက်ကြလေတော့သည်။

"ခွပ်... ဘုန်း... ကျွတ်..."

"အမလေးဗျာ... သေပါပြီ။ နောက် အဲလိုမျိုး မလုပ်တော့ပါဘူး။ လွှတ်ပေးကြပါဦး။ အား... ငါ့အရိုးတွေလည်း ကြေကုန်ပါပြီ... အဟီးဟီး..."

အင်အားချင်းမမျှသဖြင့် ဦးဥတ္တရတစ်ယောက် မြေကြီးပေါ်တွင် လူးလိမ့်ကာ တောင်းပန်နေရရှာသည်။ အတန်ကြာအောင် ရိုက်နှက်ပြီးမှ အကောင်ကြီးက တားမြစ်လိုက်သည်။

"ကဲ... ကဲ... တော်လောက်ပြီ ဟေ့ကောင်တွေ။ ဖယ်လိုက်ကြ။ မင်းလည်း နောက်ခါ ငါတို့နယ်မြေထဲကို လာမစားနဲ့။ ထပ်တွေ့ရင်တော့ အသေပဲ မှတ်ထား"

သူတို့အဖွဲ့ ထွက်သွားမှ ဦးဥတ္တရလည်း တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များစွာဖြင့် နာကျင်စွာ ကုန်းရုန်းထကာ၊ ရှေ့ဦးတည်ရာသို့ ဆာလောင်မွတ်သိပ်စွာဖြင့် အစာရှာဖွေရန် ဆက်လက်ထွက်ခွာလာခဲ့သည်။ လမ်းတွင်...

"ဟင်... ဟိုမှာ ရေအိုးစင်လေး တစ်လုံးပါလား။ ဗိုက်ထဲကလည်း ကပ်နေပြီ။ အတော်ပဲ" ဟု ဝမ်းသာအားရဖြင့် ရေအိုးစင်ရှိရာသို့ ပြေးသွားမိသည်။ သို့သော် ရေအိုးကို လှမ်းအကိုင်တွင်ပင် ကောင်းကင်မှ မိုးကြိုးပစ်သံကဲ့သို့ အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ဟေ့... အယုတ်သမာဓိ ကင်းမဲ့တဲ့ ပြိတ္တာညစ်။ ဒီရေအိုးကို မထိနဲ့"

"ဘယ်... ဘယ်သူလဲ။ ငါ့ကို တားတာ"

ဦးဥတ္တရသည် အရာအားလုံးကို ကြောက်နေသော်လည်း မာန်ပါပါဖြင့် ပြန်မေးလိုက်မိသည်။ ထိုစဉ် ဖြူဆွတ်သော အလင်းရောင်နှင့်အတူ အဘိုးအိုကြီးတစ်ဦး ဘွားခနဲ ပေါ်လာသည်။

"အလို... ငါ့ကိုများ ပမာမခန့် လုပ်ချင်သေးတယ်ဟရော့။ ငါက ဒီသစ်ပင်ကြီးကို စောင့်တဲ့ ရုက္ခစိုးနတ်မင်းပဲ"

ရုက္ခစိုးနတ်ကို မြင်သော် ဦးဥတ္တရ ကြောက်လန့်တကြားဖြင့် မြေကြီးပေါ်တွင် ဝပ်စင်းကာ တောင်းပန်ရပြန်သည်။

"ကျ... ကျွန်တော်မျိုးကို ရေလေးတစ်ပေါက်လောက် သောက်ခွင့်ပြုပါ အဘနတ်မင်းကြီးရယ်။ သေလုမတတ် ရေငတ်နေလို့ပါ"

"အလို... တည်လည်း မိုက်လုံးကြီးတဲ့ ဝန္တသပြိတ္တာပါလား။ ဒီရေအိုးထဲက ရေဟာ သီလရှိသူတွေ သောက်ဖို့ပဲ။ မင်းလို သီလမရှိ၊ သူတော်ကောင်းကို ဖျက်ဆီးခဲ့တဲ့ ပြိတ္တာနဲ့ ထိုက်တန်တဲ့ ရေမဟုတ်ဘူး။ မင်း သွားတော့။ ဒါပေမယ့် ငါ မင်းကို သနားလို့ တစ်ခုတော့ သတိပေးလိုက်မယ်..."

ရုက္ခစိုးနတ်မင်းကြီးက သက်ပြင်းချကာ ဆက်လက်မိန့်ကြားသည်။

"မင်း ဒီပြိတ္တာဘဝဆိုးက ကျွတ်ချင်ရင်တော့... မင်းမတရား စွပ်စွဲပြစ်မှားမိခဲ့တဲ့ ရဟန်းသူတော်စင်လေး အရှင်သောဇောတကို ပြန်ရှာပြီး၊ သူပေးတဲ့ အမျှအတန်းကို ရမှသာ မင်းဒီဘဝက ကျွတ်လွတ်လိမ့်မယ်။ ကဲ... ဒီနေရာက ထွက်ခွာပြီး ထိုရဟန်းလေးကိုသာ ရှာဖွေပါတော့"

ထိုသို့ ပြောကြားပြီးနောက် ရုက္ခစိုးနတ်အဘိုးအိုသည် ဘွားခနဲ ပျောက်ကွယ်သွားတော့သည်။

ဦးဥတ္တရသည် မြေကြီးပေါ်တွင် ကျန်ရစ်ကာ နောင်တကြီးစွာဖြင့် ငိုကြွေးမိတော့သည်။

"သီလ၊ သမာဓိရှိတဲ့ ရဟန်းသူတော်ကောင်းကို မနာလိုစိတ်နဲ့ ပြစ်မှားစော်ကားမိခဲ့တဲ့ ငါ... အခုတော့ ငါ့ဘဝက တကယ့်ကို အကျည်းတန်လှပါလား"

သူသည် ဤဘဝဆိုးမှ လွတ်မြောက်ရန် ထိုဆရာတော်လေးကို မဖြစ်ဖြစ်အောင် ရှာဖွေရမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် လောလောဆယ်တွင် ညနက်ပိုင်းသို့ ရောက်လာပြီဖြစ်သော်လည်း ဘာမျှမစားရသေးသဖြင့် ဗိုက်က ဆာလောင်လွန်းလှသဖြင့် အသက်ရှင်ရုံမျှသာ တရွေ့ရွေ့ လျှောက်လာခဲ့တော့သည်။


အခန်း (၉) 

သူသည် လျှောက်လာရင်းဖြင့် မိမိတစ်ချိန်က စိုးစံခဲ့ဖူးသော ဘုန်းကြီးကျောင်းကြီးနားသို့ မသိမသာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျောင်းတော်ကြီးကို လရောင်အောက်တွင် မြင်ရသောအခါ မျက်ရည်များ ဝိုင်းကျလာပြန်သည်။

"သြော်... ငါ့ရဲ့ ကျောင်းလေးတောင် ပြန်ရောက်နေပါလား။ ဘာပဲဖြစ်ဖြစ် အောက်မှာ ရှိနေမယ့် ကပ္ပိယကြီး ဦးဖိုးထောင်ကိုပဲ ငါ အကူအညီ တောင်းရတော့မယ်"

သူသည် အတွေးများဖြင့် ကျောင်းဝန်း ခြံတံခါးနားသို့ တိုးကပ်လာခဲ့သည်။ သို့သော် ခြံတံခါးဝသို့ ရောက်လျှင်ပင်...

"ဟိတ်... ရပ်စမ်း"

ဟိန်းခနဲ ထွက်ပေါ်လာသည့် အသံကြောင့် ဦးဥတ္တရ၏ ခြေလှမ်းများ တုန့်ခနဲ ရပ်သွားရသည်။ အရောင်တဝင်းဝင်း တောက်ပြောင်နေပြီး ရတနာတန်ဆာများ ဆင်မြန်းထားသည့် ကန့်လန့်ကာအနောက်မှ ကျောင်းစောင့်နတ်သားတစ်ပါး ပေါ်လာခြင်း ဖြစ်သည်။

"အသင် ဘယ်သူလဲ။ ကျုပ်ကို ဘာလို့ ဝင်ခွင့်မပေးဘဲ ဟန့်တားရတာလဲ"

ဦးဥတ္တရက ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။

"ငါက ဒီကျောင်းတော်ကြီးရဲ့ တံခါးစောင့်နတ်မင်းပဲ။ ငါ့အမိန့်မရဘဲ မည်သည့် ပြိတ္တာတစ်စ္ဆေမျှ မင်္ဂလာရှိတဲ့ ကျောင်းဝန်းထဲ ဝင်ခွင့်မရှိဘူး"

"အရှင်နတ်မင်းကြီးရယ်... ကျုပ်က တစ်ချိန်က ဒီကျောင်းရဲ့ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရပါ ဘုရား။ သူတော်ကောင်းကို ပြစ်မှားမိတဲ့ အကုသိုလ်ကံကြောင့် အခုလို ပြိတ္တာဘဝ ရောက်ခဲ့ရတာပါ။ ကျုပ်ကို ဒီတစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် ကပ္ပိယကြီးနဲ့ တွေ့ခွင့်ပြုပါဦး"

ဦးဥတ္တရ၏ စကားကို ခြံတံခါးစောင့်နတ်က ခဏမျှ စဉ်းစားလိုက်ပြီး သနားကရုဏာ သက်သွားဟန်ဖြင့် ပြောလိုက်သည်။

"အိမ်း... တစ်ချိန်တုန်းက မင်းလူဖြစ်စဉ်က ကျောင်းထိုင်ဘုန်းကြီးဘဝနဲ့ ငါတို့အပေါ် မေတ္တာပို့ အမျှဝေခဲ့ဖူးတဲ့ ကျေးဇူးတော့ ရှိခဲ့တာပဲ။ ထိုကျေးဇူးကို ထောက်ထားပြီး ဒီတစ်ကြိမ်တင်မကဘဲ ဝင်ခွင့်ပြုလိုက်ပါ့မယ်။ သွားတော့"

ခြံတံခါးစောင့်နတ်၏ ခွင့်ပြုချက်ကြောင့် ဦးဥတ္တရ လွန်စွာ ဝမ်းသာသွားပြီး နတ်သားအား အကြိမ်ကြိမ် ဦးချကျေးဇူးတင်ကာ ကျောင်းဝန်းအတွင်းသို့ တိတ်တဆိတ် ဝင်ခဲ့တော့သည်။


အခန်း (၁၀) 

ကျောင်းဝန်းထဲသို့ ရောက်လျှင်ပင်...

,,,, ဝုတ်... ဝုတ်... ဝုတ်... ,,,,,

သူ့ကို မြင်သည်နှင့် ကျောင်းစောင့်ခွေး ဗိုလ်ကျားက ထိုး၍ ဟောင်လေတော့သည်။ အခန်း (၁) တွင် ပြဆိုခဲ့သည့်အတိုင်း ဖြစ်သည်။

"ဟဲ့... ဗိုလ်ကျား။ ငါပါဟ... မင်းတို့ရဲ့ ဆရာတော် ဦးဥတ္တရပါ"

သို့သော် သူ၏ ပုံသဏ္ဍာန်ပြောင်းလဲနေမှုကြောင့် ဗိုလ်ကျားက မမှတ်မိဘဲ ပို၍သာ စူးစူးဝါးဝါး ဟောင်နေဆဲပင်။ ထိုအချိန်တွင် ကျောင်းတံခါး ဖွင့်လိုက်သံနှင့်အတူ ကပ္ပိယကြီး ဆင်းလာသည်ကို မြင်သဖြင့် ဦးဥတ္တရသည် အပင်အမှောင်ရိပ်ထဲတွင် ပုန်းကွယ်လိုက်ပြီး စောင့်ကြည့်နေခဲ့သည်။

ကပ္ပိယကြီး ဦးဖိုးထောင်သည် ရေနံဆီမီးအိမ်လေးဖြင့် ဆင်းလာပြီး ပတ်ဝန်းကျင်ကို ဝှေ့ယမ်းကြည့်နေသည်။ ဦးဥတ္တရသည် စဉ်းစားလိုက်သည်။ 'ငါ အခုချက်ချင်း ရှေ့က ထွက်ပြလိုက်ရင် ကပ္ပိယကြီး လန့်ပြီး သတိလစ်သွားနိုင်တယ်။ ဗိုလ်ကျားကို အရင် ခြောက်ထုတ်မှ ဖြစ်မယ်'

သူသည် ထိုးဟောင်နေသော ဗိုလ်ကျား၏ အနားသို့ ရုတ်တရက် အမှောင်ထဲမှ တိုးဝှေ့ကာ မျက်လုံးကြီး အပြင်သို့ ဆူထွက်လျက် ခြောက်လန့်လိုက်လေသည်။ ဗိုလ်ကျားလည်း ထိုကြောက်မက်ဖွယ် ပြိတ္တာရုပ်ကြီးကို အနီးကပ် မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား "တအီးအီး" ဟူသော ငြီးတွားသံဖြင့် ကျောင်းဆောင်အောက်ခြေသို့ တိုးဝှေ့ထွက်ပြေး ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ဦးဥတ္တရသည် ကပ္ပိယကြီး၏ အနောက်တည့်တည့်သို့ ချဉ်းကပ်ကာ ရပ်လိုက်ပြီး လည်ချောင်းသံ အက်ကွဲကွဲကြီးဖြင့် ခေါ်လိုက်လေတော့သည်။

"က... ပ္ပိ... ယ... ကြီး..."

ကပ္ပိယကြီး ဦးဖိုးထောင် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဖင်ထိုင်လျက် လဲကျသွားပြီး "သရဲ... သရဲ..." ဟု အော်ဟစ်ပါတော့သည်။ ဦးဥတ္တရသည် ရှေ့သို့ တိုးကာ အလျင်အမြန် ပြောလိုက်ရသည်။

"ငါပါဟဲ့... မကြောက်ပါနဲ့ ကပ္ပိယကြီးရယ်။ ငါ... မင်းတို့ရဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးဥတ္တရပါ"


အခန်း (၁၁) 

"ဆရာတော်... ဘုန်းဘုန်း... ဘုရား..."

ဦးဖိုးထောင်သည် သရဲကြီးက မိမိကိုယ်မိမိ ကျောင်းထိုင်ဘုန်းကြီးဟု အမည်နာမ ဖော်ထုတ်လိုက်သဖြင့် အကြောက်ပြေကာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်မိသည်။

"ဆရာတော်ဘုရား... ဘယ်လို အကုသိုလ်ကံတွေကြောင့် အခုလို မရှုမလှ ပြိတ္တာဘဝဆိုးကြီး ရောက်ခဲ့ရတာလဲ ဘုရား"

ဦးဥတ္တရသည် မျက်ရည်များ တဖြောက်ဖြောက် ကျဆင်းလာပြီး မိမိပြုခဲ့ဖူးသော မနာလိုမှု အကုသိုလ်ကံများ၊ အရှင်သောဇောတအပေါ် မတရား စွပ်စွဲချက်များ၊ ဆွမ်းချိုင့်ကို လမ်းမပေါ် သွန်းမှောက်ခဲ့သည့် အပြစ်များကို အစအဆုံး ငိုကြွေးရင်း ပြောပြရှာတော့သည်။

"ငါ့မှာ နောင်တတွေ ရနေပါပြီ ကပ္ပိယကြီးရယ်။ ငါ ဤဘဝဆိုးက ကျွတ်ချင်ပါတယ်။ ဒါကြောင့် ငါ့ကို ကူညီပါဦး"

"တပည့်တော် ဘာလုပ်ပေးရမလဲ ဘုရား။ မိန့်တော်မူပါ"

"အခုချက်ချင်း သာစည်ကုန်းရွာလေးမှာ ရှိနေမယ့် အရှင်သောဇောတ ဆရာတော်ကို သွားရောက်ရှာဖွေပြီး ဒီရွာကို ပြန်ပင့်ဆောင်လာခဲ့ပါ။ ဆရာတော် ကြွမလာခင်မှာလည်း တစ်ရွာလုံးက အထင်လွှဲမှားနေတဲ့ ကိစ္စတွေကို ဒကာကြီးက ဒကာ၊ ဒကာမတွေကို အမှန်အတိုင်း ရှင်းပြပေးပါ။ ပြီးတော့ အရှင်သောဇောတ ဆရာတော်ဆီကနေ ငါ့အတွက် ရေစက်ချ အမျှအတန်း ပေးဝေနိုင်အောင် စီစဉ်ပေးပါဦး ဒကာကြီးရယ်"

ဦးဥတ္တရသည် ထိုသို့ မှာကြားပြီးနောက် ကပ္ပိယကြီးအား နှုတ်ဆက်ကာ အမှောင်ရိပ်များထဲသို့ တရွေ့ရွေ့ တိုးဝှေ့ပျောက်ကွယ်သွားတော့သည်။

နံနက်လင်းသောအခါ ကပ္ပိယကြီး ဦးဖိုးထောင်သည် ကျောင်းထိုင်ဆရာတော် မှာကြားသည့်အတိုင်း ရွာသူကြီး ဦးဘကောင်း၏ အိမ်သို့ အပြေးအလွှား သွားရောက်ကာ အကျိုးအကြောင်းအားလုံးကို အသေးစိတ် တိုင်ပင်ဆွေးနွေးခဲ့သည်။ ရွာသူကြီး ဦးဘကောင်းလည်း ဖြစ်ရပ်မှန်ကို သိရသောအခါ ထိတ်လန့်သွားပြီး အရှင်သောဇောတ ဆရာတော်အား ရှာဖွေရန် ကပ္ပိယကြီးနှင့်အတူ ရွာမှ ကာလသား သုံးယောက်ကို သာစည်ကုန်းရွာလေးသို့ ချက်ချင်း စေလွှတ်လိုက်လေတော့သည်။


အခန်း (၁၂) 

ကပ္ပိယကြီးတို့အဖွဲ့ ထွက်ခွာသွားပြီးနောက် သူကြီး ဦးဘကောင်းသည် ရွာလယ်တွင် မောင်းထုကာ ရွာသူရွာသား အပေါင်းတို့ကို သူကြီးအိမ်သို့ အမြန်ဆုံး ခေါ်ယူခဲ့သည်။ သူကြီးသည် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြိတ္တာဖြစ်နေရသည့် အကြောင်းရင်းနှင့် အရှင်သောဇောတ ဆရာတော်အပေါ် မတရား ကြံစည်ခဲ့မှု ဖြစ်ရပ်မှန်အားလုံးကို ရွာသားများအား ရှင်းလင်းပြောပြခဲ့လေသည်။

ထိုအခါမှ ရွာသူရွာသားများအားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး မျက်ရည်များ ကျလာကြသည်။

"ဘုရား... ဘုရား... ငါတို့တွေလည်း ကျောင်းထိုင်ဆရာတော်ရဲ့ စကားကို ယုံမိပြီး ထိုကိုယ်တော်လေးအပေါ် ဝစီကံတွေနဲ့ ပြစ်မှားပြောဆို မိခဲ့ကြတယ် မဟုတ်လား။ အကုသိုလ်တွေ ကြီးလိုက်တာ"

"အေးဟယ်... ငါတို့က မသိလို့ ပြစ်မှားမိခဲ့ကြတာပါ။ ဆရာတော်လေးက စိတ်ထားကောင်းတော့ ခွင့်လွှတ်ပေးမှာပါ"

"ဒါပေမယ့် တို့ရွာကို ဆရာတော်လေးက စိတ်နာပြီး မလိုက်လာရင်တော့ ဒုက္ခပဲတော်။ ငါတို့အားလုံး ငရဲကြီးတော့မှာ"

တစ်ယောက်တစ်ပေါက် ပြောဆိုသံများဖြင့် သူကြီးအိမ်တွင် ဆူညံပလောရိုက်နေတော့သည်။ တစ်ရွာလုံးကလည်း မိမိတို့၏ အမှားကို ဝန်ချတောင်းပန်ရန်အတွက် ဆရာတော် ကြွလာမည့်လမ်းကို မျှော်လင့်စောင့်စားနေကြသည်။

ညနေစောင်းအချိန်သို့ ရောက်သောအခါ... လမ်းမထက်တွင် ကပ္ပိယကြီး ဦးဖိုးထောင်တို့အဖွဲ့၏ အနောက်မှ တည်ငြိမ်အေးချမ်းစွာဖြင့် ကြွချီလာသော အရှင်သောဇောတ ဆရာတော်ကို မြင်တွေ့လိုက်ရသဖြင့် ရွာသားအားလုံး ဝမ်းသာပီတိဖြစ်ကာ မြေကြီးပေါ်တွင် ဝပ်စင်းကန်တော့ကြလေသည်။

ရွာသားများသည် ငှက်ပျောသီး၊ အုန်းသီးများဖြင့် ကန်တော့ပွဲကြီး သုံးပွဲကို ပြင်ဆင်ကာ အရှင်သောဇောတ ဆရာတော်အား အစုအဝေးလိုက် ဝန်ချတောင်းပန်ကြကုန်တော့သည်။ မေတ္တာတရား ကြီးမားလှသော ဆရာတော်လေးကလည်း ရွာသားအားလုံးအပေါ် ခွင့်လွှတ်နားလည်ပေးပြီး၊ မကျွတ်မလွှတ်သေးဘဲ ဘုန်းကြီးကျောင်းအနားတွင် ဒုက္ခရောက်နေရှာသော ကျောင်းထိုင်ဆရာတော် ဦးဥတ္တရပြိတ္တာကြီးအတွက် ရွာသားများနှင့်အတူတကွ ရေစက်ချကာ အမျှအတန်း ပေးဝေလိုက်လေတော့သည်။

အရှင်သောဇောတ ဆရာတော်သည် ရေစက်ခွက်ကို ကိုင်ကာ ကရုဏာအပြည့်ဖြင့် တိုင်ပေးတော်မူသည်။

"အားလုံး ကြားကြားသမျှ... အမျှ... အမျှ... အမျှ... ယူတော်မူကြပါကုန်သော့..."

ရွာသားအားလုံးကလည်း သာဓုခေါ်ကြသည်။

"သာဓု... သာဓု... သာဓု..."

ထိုစဉ် ရွာသူရွာသားများ၏ မနီးမဝေး အနောက်ဘက် အမှောင်ရိပ်ထဲမှ ဦးဥတ္တရ၏ ပေါ့ပါးသွားသော၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်လှသော သာဓုခေါ်သံကြီးကို ရင်ဖိုလှိုက်မောစွာဖြင့် အားလုံး ကြားလိုက်ရလေတော့သည်။

"သာ... ဓု... သာ... ဓု... သာ... ဓု..."

ထိုအသံနှင့်အတူ ပြိတ္တာဘဝဆိုးမှ လွတ်မြောက်ကာ နတ်သားတစ်ပါးအသွင်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားသော အလင်းရောင်ဖျော့ဖျော့လေးကို ကပ္ပိယကြီးတစ်ယောက်သာ ဖျတ်ခနဲ မြင်တွေ့လိုက်ရပါတော့သည်။

(ပြီးပါပြီ)