” ဖားသခင် ”

 ” ဖားသခင် ”

--- --- --- --- ---
ရွာတစ်ရွာတွင် နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိသည့် ရေတွင်းအိုကြီးတစ်ခုရှိသည်။ ထိုရေတွင်းထဲတွင် ဖားတွေရော၊ ငါးတွေပါ နေထိုင်ကြလေသည်။ ဖားတွေထဲတွင် အလွန်အသံကောင်းသော ဖားတစ်ကောင်ရှိသည်။
သူက “အုံးအွမ်” ဟုအော်လိုက်တိုင်း ရေတွင်းထဲတွင် ပဲ့တင်ထပ်သည်။ နံရံလေးဘက်ထဲတွင် လိုဏ်သံဖြင့်ပိုကျယ်သော အသံပိုင်ရှင်ဖားကို ကျန်ရေတွင်းထဲက သတ္တဝါတွေက ဝိုင်းပြီးချီးကျူးကြသည်။
ဖားအပေါင်းတို့သည်
“အိုအချင်းတို့ ငါတို့နေထိုင်သည့် နေရာကား နန်းတော်ကြီးပါတကား။ အုတ်ပတ်လည်ကာထားသည့် နံရံထဲတွင် ငါတို့ဘဝသည် လုံခြုံလှပါပေသည်။ ကြီးကျယ်ခမ်းနားလှပါပေသည်။ ငါတို့ရွှေပြည်သည်ကား ငါတို့အတွက် သုခဘုံဖြစ်တော့သည်” ဟူ၍ မကြာခဏ ချီးမွမ်းလေ၏။
ရေတွင်းထဲကဖားတို့သည် ကောင်းကင်ပေါ်မော့ကြည့်လျှင် ခဏတာမြင်ရသည့် လနှင့်နေတို့ကို ကျပ်ပြားဝိုင်း လောက်သာ မြင်ရသော်လည်း
“ငါတို့ကို အလင်းဆောင်ပေးသည့် နေ့ဘုရားနှင့် ညဘုရား” ဟူ၍မှတ်ကြလေသည်။
ရေတွင်းထဲက တစ်ကောင်တည်းသော အသံအောင်သည့်ဖားကိုလည်း ကျန်သတ္တဝါများက “ဖားသခင်” ဘွဲ့ကို ပေးလေသည်။
ရေတွင်းကြီးကား နှစ်ပေါင်းကြာပြီဖြစ်သဖြင့် ရေလည်းသိပ်မထွက်တော့။ ရွာထဲကလူတွေကလည်း အဝီစိတွင်း တွေတူးပြီး ခေတ်နှင့်အမီနေထိုင်ကြသဖြင့် ရေတွင်းထဲကရေကိုလည်း စိတ်မဝင်စား။ သို့သော် လူတွေစွန့်ပစ် ထားသည့် ရေတွင်းအနီးတွင် နတ်စင်တစ်ခုရှိသည်ဖြစ်ရာ “နတ်ရေတွင်း” ဟု အမည်သမုတ်ပြီး ရေတွင်းထဲ ကိုလည်း အစာများချကျွေးကြသည်။ ရေတွင်းထဲချပေးသည့် အစာလောက်ကိုစားရင်း ရေတွင်းထဲက သတ္တဝါ တွေကလည်း သာယာနေကြကုန်သည်။
နှစ်တွေကြာသော် ဖားတွေ ငါးတွေ သက်တမ်းကုန်သည်။ တစ်ကောင်သေ နောက်တစ်ကောင်ထပ်ပေါ်သည်။ နောက်ထပ်အသံအောင်သည့် အကောင်သည် ဖားသခင်ဘွဲ့ထပ်ရသည်။ ဖားသခင်ဘွဲ့ရရေးအတွက် ဖားတို့သည် အကျယ်ဆုံးအော်ပြကာ ရင်ကွဲပြီး သေသွားသည့်အကောင်တွေလည်း ရှိသည်။
မည်သို့ဆိုစေ အသံအောင်သည့်အကောင်မှာ “ဖားသခင်” ဘွဲ့ရလျှင် မာန်တက်ပြီး ကျယ်ကျယ်အော်သည်။ ရေတွင်းဘေးကနတ်စင်ကြောင့် နတ်ရေတွင်းထဲက မည်သည့်သတ္တဝါကိုမျှလည်း ဖမ်းဆီးသတ်စားခွင့်ကလည်း မရှိ။
ရေတွင်းထဲလောက် ကမ္ဘာကြီးထင်နေသည့် နေရာတွင် ဖားတွေမှာ တစ်ကောင်နှင့်တစ်ကောင်ပြိုင်ပြီး အော်ရင်းနှင့် သေကုန်ကြသည်။ သို့သော်ရေတွင်းထဲက သတ္တဝါတွေအားလုံးသည် သူတို့နေထိုင်ရာရေတွင်းကြီးကို
“ငါတို့ကမ္ဘာကြီးက အကြီးကြီး” ဟုသာ ထင်ကြကုန်၏။
“ဖားသခင်” ဘွဲ့ရသူတွေလည်း ရေတွင်းထဲတွင်သာရှင်သန်နေရသော်လည်း ကမ္ဘာကြီးကို အုပ်စိုးနေသည့် အောင်နိုင်သူကြီးပမာထင်ကြလေသည်။
... ... ... ဆရာ တင်ညွန့်
... ... ... ၅.၁.၂၀၂၆