ရွှေပင်မှာနားတဲ့ရွှေကျေး(စ/ဆုံး)
———————-
မင်းကြီးဟောင်းဦးဖိုးဘနှင့်မင်းကတော်ဒေါ်ပိုးမြ တို့တွင်၊သားသမီးသုံးယောက်ရှိပါသည်။အကြီးဆုံးအောင်ဒင်ကအင်ဂျင်နီယာ။အလတ်ကောင်အောင်လွင်က ဆရာဝန်။အငယ်မ နုထွေးဦးက ကျောင်းဆရာမလေးပါ။
အားလုံးအိမ်ထောင်ကျကြပါပြီ။လင်မယားနှစ်ယောက်
ထည်း သီးသီးသန့်သန့်နေချင်စိတ်ရှိသဖြင့် အားလုံးအားအိမ်ခွဲပေးလိုက်ပါပြီ။သည်လိုဘဲပြောရပါလိမ့်မယ်။
အကြီးကောင်အောင်ဒင်ကအသွင်တူအင်ဂျင်နီယာမနှင့်ရပြီး၊တရပ်တကျေးတွင်နေခါချမ်းသာလို့နေပါပြီ။သားသမီးများပင်ကြီးလှပြီပေါ့။
ဆရာဝန်အောင်လွင်က အရပ်သူတစ်ယောက်နှင့်အိမ်ထောင်ကျပေမဲ့၊သူတို့အသိုင်းအဝိုင်းကဆွေကြီးမျိုးကြီး၊တင့်တောင်းတင့်တယ်ရှိကြသည်။ကလေးချင်းကြိုက်လို့မိဘများကလက်ဆက်ပေးစားထားသူများဖြစ်ကြသည်။သည်တော့လည်း
လက်ဖွဲ့ပစ္စည်းအစုံရသည်ပေါ့။
အငယ်မနုထွေးဦးအား၊အနယ် နယ်အရပ်ရပ်က ဂုဏ်ရှိသူအမျိုးကောင်းသားတို့က
လာရောက်ကမ်းလှမ်းကြပါရဲ့။ သူမလိုချင်ဖူး၊မလိုချင်ပါဖူးလို့အတန်တန်ငြင်းနေသည့်ကြားက၊သူမ၏ငယ်သူငယ်ချင်း တောင်ယာစိုက်စားသူ
မောင်ပြေသိန်းနောက်
လိုက်သွားပါတယ်။
မိဘများထံတောင်းပန်ပြီးပြန်အပ်ပါရစေလို့ လာပြီးပြောကြပေမဲ့ စိတ်ဆိုးလွန်းလို့အအပ်မခံခဲ့ပါ။
သူတို့သဘောဖြင့်သူတို့ဘုန်းကြီးကျောင်းတွင်ဆွမ်းလှူပြီးလက်ထပ်လိုက်ကြပြီလို့ပြောကြပါတယ်။
သဘောမတူရသည့်အကြောင်းက မောင်ပြေသိမ်းမှာ ကိုးတန်းလောက်သာအောင်ပြီး၊ကျောင်းထွက်အလုပ်လုပ်နေသူတစ်ယောက်ဖြစ်သဖြင့်သမီးငယ်အထက်တန်းပြဆရာမနှင့်သဘောမတူရခြင်းပါ။
အဖေကြီးထက်အမေကြီးက
ပိုပြီးစိတ်ဆိုးလို့နေပါတယ်။
သမီးထွေးအား အကိုကြီးများ
လို တင့်တောင်း တင့်တယ် ဖြစ်စေလိုဟန် ရှိပါတယ်။
မည်သို့ပင်ဆိုစေ၊သူ့အိုးနှင့်သူ့ဆန် တန်အောင်တော့ စားသောက်နေထိုင်နိုင်ကြပါတယ်။
ဦးဖိုးဘတို့လင်မယားက၊
နုထွေးဦးတို့မိသားစုအားအခေါ်အပြောမလုပ်ကြပေမဲ့၊
အရေးအကြောင်းရှိလာတော့
ကိုပြေသိန်းကမနေနိုင်။ရပ်ကွက်မီးလန့်တုံးကလည်းအပြေးရောက်လာသည်။
နာဂစ်မုန်းတိုင်းမွှေလို့ သစ်ပင်တွေခြံထဲလဲနေတုံးကလည်း၊
ကိုပြေသိန်းဘဲလာရောက်ရှင်းပေပါသည်။သို့ပေမဲ့
အဖိုးကြီးအဖွားကြီးများ၏မာနကတော့ငယ်ထိပ်ကပ်နေသည်။စကားလုံးဝထွက်ပြီးမပြောပါ။
နှတ်ဆက်ခေါ်ပြောမလုပ်ကြ။
မည်သို့ပင်မာနတွေကြီးနေကြသော်လည်း၊သူတို့ပိုင်ဆိုင်ခဲ့သောအိမ်ကြီးက ယိုင်လို့လာသလို၊သူတို့ကိုယ်တိုင်လည်းကို့ကိုယ်ကိုမထိမ်းသိမ်းနိုင်ကြတော့ပါ။ခြောက်ဆယ်ကျော်ခွန်ဆယ်ဝန်းကျင်ဖြစ်လို့လာပါသည်။ဇရာကစကားပြောလို့လာပါပြီ။
သည်တော့ဘာဖြစ်လာသလဲ။
သူတို့တန်ဖိုးထားသောသားနှစ်ယောက်အား အားကိုးဖို့လိုလာပါပြီ။ အကြီးကောင်အောင်ဒင်
အင်ဂျင်နီယာဖြစ်ရန်၊ဆရာတွေအထပ်ထပ်ခေါ်ယူသင်ကြားစေပြီး၊ငွေကုန်ကျေးကျခံခဲ့ရသည်။
အငယ်ကောင်အောင်လွင် အား
မိန်းမတောင်းပေးရန် ကုန်လိုက်သည့်ငွေ သောက်သောက်လဲ၊ဟိုဟာလက်ဖွဲ့မှ သည်ဟာလက်ဖွဲ့မှ သူတို့သမီးနှင့်လက်ထပ်ရန်လက်ခံပါမယ်ဆိုသဖြင့်၊သားမျက်နှာရဖို့ပေးလိုက်ရတဲ့လက်ဖွဲ့တွေ။ နောက်ဆုံးတော့လည်း သူ့အိုးနှင့်သူဆန် တန်လို့ရသွားကြတာပါဘဲ။
သမီး နုထွေးဦးအတွက်က ဘာမျှမကုန်ခဲ့ပါဖူး၊ဆယ်တန်းအောင်ပြီးဆရာမဝင်လုပ်ပြီး၊
ဖြေလိုက်ရတဲ့စာမေးပွဲတွေ၊
Bsc. Bed. ဘွဲ့တွေသူဟာသူဖြစ်အောင်ဖြေသွားတာပါဘဲ။
မိဘတွေသဘောမတူသူနှင့်ယူရကောင်းလားလို့ပြောတော့၊
နားကပန်ထားတဲ့ နားကပ်ကိုတောင်ချွတ်ပြီးပေးခဲ့ပါတယ်။
သူကိုယ်သူသိပ်ပြီးယုံကြည်လွန်းတဲ့ကလေးမလေးပါဘဲ။
အလုံးအရင်းလိုက်စိုက်ထုတ်ပေးလိုက်ရသော သားများထံမှ
အရင်းပြန်မရတောင်အမြတ်အစွန်းကလေးလောက်တော့ပြန်လိုချင်ဟန်ရှိပါတယ်။
နွယ်တစ်ခက် မြက်တစ်ပင်လောက်တော့ အားကိုးရလောက်ပါပေရဲ့။
သည်နေ့တော့ သားကြီး
အောင်ဒင်ရှိရာအရပ်သို့ လေယာဥ်ပျံစီးပြီး လင်မယားနှစ်ယောက်သား အပြုံးကိုယ်စီဖြင့် ရောက်လာကြပါတယ်။
အိုသောအခါ ခိုနားရာတစ်ခုတော့ရှိဖို့လိုပါသည်။
ကိုယ့်ဒေသနှင့်နိုင်းစာလျှင်ရာသီဉတုကအေးသဖြင့်အနွေးထည်ကိုယ်စီဝတ်လို့ထားရပါတယ်။
လေဆိပ်တွင်လေယာဥ်ဆိုက်ပေမဲ့ ကြိုထောက်မည့်သားကြီးက မရောက်လာသေး။ အေးပေမဲ့ ဧည်သည်များနားခိုရာနေရာမှာ ထိုင်ပြီး စောင့်နေရပါတယ်။
တစ်နာရီလောက်ကြာမှ ရောက်လာပါရဲ့၊သူတို့သားကြီး
က သူ့သမီးကိုကျောင်းကြိုသွားနေရလို့ပါတဲ့။အငှားကားဖြင့်လွှတ်ပြီးကြိုပါတယ်။ ရှိစေတော့လေ၊
အိမ်ရောက်ဖို့ဘဲအရေးကြီးပါတယ်ဆိုပြီး မင်းကြီးဟောင်း
ဦးဖိုးဘ သက်မတစ်ခါချလိုက်ပါတယ်။
ကားသမားကရောက်ပါပြီပြောလို့ဆင်းလိုက်ရ၊သား၏အိမ်မဟုတ်တဲ့ ဟော်တယ်ကြီးတစ်လုံးရှေ့သို့ရောက်နေပါတယ်။ အဖေနှင်အမေလွှတ်လွှတ်လပ်လပ်နေနိုင်အောင်
ဟော်တယ်မှာ အခန်းစီစဥ်ထားပါသတဲ့။
ဒေါ်ပိုးမြက တို့သားကြီးကတော်လိုက်ထာလို့
ပြောနေပေမဲ့။
ဦးဖိုးဘ ကဒုတိယအကြိမ်သက်မချလိုက်ပြန်ပါတယ်။
ထိုနေ့ညဟော်တယ်မှာအိပ်၊ဟော်တယ်မှာစားသောက်၊နားနေရပြီး တစ်ယောက်မျှလာရောက်တွေ့ဆုံသူမရှိ။
ဒေါ်ပိုးမြထံမှ အသံထွက်လို့လာသည်။
သည်ဒေသကလူတွေရဲ့ဧည်သည်ကိုဧည့်ခံပုံစရိုက်က သည်လိုဘဲလားမသိဖူးနော်…တဲ့။
ဦးဖိုးဘ… မရယ်ပါ။
ပြုံးယုံသာပြုံးလို့နေပါတော့သည်။
နောက်တစ်နေ့ တစ်မနက်လုံးသားအလာကိုမျှော်ကြ၏။
သူတို့သား ကိုအောင်ဒင် က
ညနေပိုင်းရောက်မှပေါ်လာပါတော့သည်။
သူအမျိုးသမီး စျေးဝယ်သွားတဲ့နေရာ အိမ် က ကားဖြင့်
လိုက်ပို့နေရလို့ပါတဲ့။
သူမွေးထားတဲ့သားသမီးသုံးယောက်နှင့်သူဇနီး ၊ဘယ်သူမျှမပါကြပါ။
မနက်ဖြန်ညစာအတူစားကြမည်။ထိုအချိန်တွင်မိသားစုတွေ့ဆုံကြမည်…တဲ့။
သူအိမ်မှာလိုက်ပြီးနေဖို့သာသာ
အိမ်သို့ခေါ်သွားမည်ဆိုသောစကားကိုပင်နည်းနည်းလေးတောင် ပါးစပ်မဟခဲ့ပါ။
သည်မှာရှိသောဘုရားများနောက်တစ်နေ့ဖူးရန်လိုက်ပြီးပို့မည်။ထိုနောက်တစ်နေ့တွင်၊
လေယာဥ်ပတ်ရှိတုံးပြန်ရန်၊
လေယာဥ်လက်မှတ်ပါ၊တစ်ခါတည်းဝယ်လာပေး၏။
အော်…သူတို့က သူ့ဧည့်သည်ပေဘဲ၊သူကောင်းသလိုသာစီမံပါစေတော့။
နောက်တစ်နေ့ ညနေပိုင်းတွင်ကားလွှတ်ပြီး ခေါ်ခိုင်းသည်။
မိသားစုထဲကတစ်ယောက်တောင်မပါလာပါ။ကျွေးမွေး
ဧည့်ခံမည့်ဟော်တယ်သို့သူတို့နှစ်ယောက်သာအရင်ရောက်သည်။နာရီဝက်လောက်စောင့်ပြီးမှသူ့သားနှင့်မိသားစုရောက်လို့လာကြသည်။
ကိုအောင်ဒင်က သားသမီးများအားအဖိုးနှင့်အဖွားဖြစ်ကြောင်းမိတ်ဆက်ပေးတော့၊မြေးတော်သူများက
ပြုံးယုံလေးသာပြုံးပြကြသည်။
မြေးများက
ဟက်ဟက်ပက်ပက်စိတ်ဝင်စားပုံမပြကြပါ။
မိမိတို့စားသုံးရန် ချွေးမဖြစ်သူက ဝေမျှပြီးထည့်ပေးပါသည်။မိသားစုသိုက်သိုက်ဝန်းဝန်း
အားရပါးရစားလိုက်လိုက်မယ်ဆိုပြီး ဆာနေသောဗိုက်ကို ထိမ်းထားပြီး အဆာခံပြီး
စောင့်နေရသောစိတ်များသည် ဘယ်သို့ရောက်သွားသည်ကိုမသိခဲ့တော့ပါ။
မြေးများကမြန်မြန်စားပြီးအိမ်သို့ပြန်ရန်၊တကဲကဲလုပ်လို့နေကြသည်။စည်းစိမ်ပြည့်အေးအေးဆေးဆေးစားချိန်မရခဲ့ပါ။ မိမိတို့တည်းခိုရာဟော်တယ်သို့ရောက်မှ သင့်လျှော်သလိုထပ်မံစားသုံးခဲ့ရသည်။
နောက်တစ်နေ့အငှားကားလွှတ်ပြီး ဘုရားများသို့တစ်မနက်ခင်းပို့ပေးသည်။.နောက်တစ်နေ့လေဆိပ်သို့၊မောင်အောင်ဒင် တစ်ယောက်ထည်းသာ လိုက်ပြီးပို့ ပေးသည်။
မိမိတို့ပိုင်အိမ်အိုကြီးအကြောင်းအားအနည်းငယ်မေးသည်။ မိခင်ဒေါ်ပိုးမြကတော့ သူတို့သားကြီးပြင်ပေးချင်လို့မေးသည်ထင်ပြီးအနည်းငယ်ပျော်နေပုံရသည်။
ဦးဖိုးဘ ကတော့ထိုကဲ့သို့မထင်ပါ။
ဘာဘဲဖြစ်စေ သားသမီးတစ်ယောက်အား တစ်နေရာတွင် နှုတ်ဆက်ပြီး ခွဲခွာ ထားခဲ့ရသည်ကိုတော့ မိဘတိုင်းမလိုလားကြပါ။ သို့သော် လေယာဥ်တက်စဥ် လက်ပြနှတ်ဆက်ခဲ့ရသဖြင့် မိဘနှစ်ပါး ၏
စိတ်တွင်အတော်မကောင်းပါ။
ဒေါ်ပိုးမြက လေယာဥ်ပေါ်ရောက်ခါမှ အိပ်ထဲက ပုဝါလေးအားထုတ်ပြီး စို့ထွက်နေသောမျက်ရည်အား သုတ်ပစ်လိုက်ပါသည်။
ဦးဖိုးဘကတော့၊
တတိယအကြိမ်သက်မချခဲ့ရပပြန်ပါသည်။
မိမိတို့အိမ်သို့ရောက်ပြီး များမကြာမီ၊သားငယ်
အောင်လွင်နေထိုင်ရာမြို့ကြီးဆီသို့ ခရီးထွက်ခဲ့ကြပြန်ပါသည်။ သည်တစ်နေရာကိုတော့ ဧည့်ကြိုသူ အခက်အခဲ
မရှိရလေအောင် အဝေးပြေးကားကြီးဂိတ်မှအိမ်အရောက်ကားငှားပြီးသွားကြသည်။ကျယ်လှသောအိမ်ခြံဝန်း ၊ကြီးလှသော အိမ်ကြီးအား ပိုင်ဆိုင်သည်ကိုတွေ့ရပါသည်။မိမိတို့ရောက်သွားစဥ် သားလုပ်သူမှာ
ဆေးခန်းသို့ရောက်နေ၏။မိမိတို့အား အိမ်နှင့်တွဲလျက်ဆောက်ထားသော ကားဂိုဒေါင်၏ အပေါ်ထပ်တွင်သမီးချွေးမက နေရာချပေး၏။
ရေချိုးခန်းအိမ်သာပါရှိသောအခန်းလွတ် ဖြစ်သဖြင့် နေထိုင်ရတာအဆင်ပြေပါသည်။
သို့သော်ဦးဖိုးဘ မင်းကြီးဘဝ က သည်လိုနေရာမျိုးတွင် တည်ခိုနေထိုင်ရမည်က်ို စဥ်းစားဖို့ပင် စိတ်မကူးခဲ့ပါ။
မိမိတို့၏ ဧည့်ခန်းနှင့် ထမင်းစားရန်အတွက် ကားဂိုဒေါင်ထဲတွင် ခုံချပြီး
စီစဥ်ပေးပါသည်။
မိမိတို့သားကပင် ထိုဧည့်ခန်းတွင်မိမိတို့အားလာရောက်တွေ့ဆုံသည်။အရွယ်ရောက်စပြုနေပြီဖြစ်သော မြေလေးများက သူတို့ကိစ္စသူတို့လုပ်နေကြသဖြင့် ဝင်လိုက်ထွက်လိုက်တွေ့နေရသော်လည်း၊မိမိတို့နှင့်ချက်ချင်းမတွေ့ရပါ။
ပြန်ခါနီးတရက်တွင်သာ၊မိသားစုမိတ်ဆုံပွဲအားအိမ်ကြီးထဲတွင်ပြုလုပ်ခဲ့သဖြင့် မိသားစုစုံလင်စွာတွေ့ဆုံခဲ့ရ၏။ မြေးများနှင့်လည်း မေးထူးခေါ်ပြောစကားများပြောခဲ့ရ၏။သားသမီးသုံးယောက်အနက်အငယ်ဆုံးမြေးလေးသာ အထက်တန်းအဆင့်
ပညာသင်ယူနေပြီး အကြီးသမီးနှစ်ယောက်တို့က နိုင်ငံခြားကျောင်းများသို့သွားရောက်ပညာသင်ယူရန်ပြင်ဆင်လို့နေကြပါပြီ။
သူတို့နေထိုင်သောအိမ်ကြီးကလည်းခန့်ခန့်နားနားရှိလှပါသည်။ဤအရာများအား
မိမိတို့မပိုင်ပါ။မိမိတို့နှင့်လည်းမဆိုင်ပါ။သို့သော်မိမိတို့စတင်ပျိုးထောင်ပေးထားသော ပင်စည်၏အတက်ကလေးများဆက်လက် ရှင်သန်နေပြီဖြင့်အဖိုးအဖွားတို့ကဝမ်းသာဂုဏ်ယူစွာ သူတို့၏ကန်တော့ခြင်းအားခံယူခါ ပြန်လာခဲ့ကြသည်။
အမေတို့အဖေတို့အသက်ကြီးပါပြီ၊သားတို့ပြုစုပါရစေ။
သားတို့နှင့်လာနေပါလား ဆိုသည့်စကားကိုတော့၊မင်းကြီးဟောင်း ဦးဖိုးဘနှင့်မင်းကြီးကတော်ဟောင်း ဒေါ်ပိုးမြတို့
ဝတ်ကျေတန်းကျေပြောသည့်
စကားကိုပင် ဘယ်သားထံကမျှ
မကြားခဲ့ရပါ။
တစိမ်းဆံသော မိသားစုဘဝအား ရရှိခဲ့ကြပါသည်။
တနေ့တော့ ဦးဖိုးဘ၊သားသမီးများ၏အကြောင်းအားစဥ်းစားရင်း၊ကလေးတစ်ယောက်အကြောင်းကသူ့ခေါင်းထဲသို့ဝင်လို့လာခဲ့သည်။
#သူနာမည်က”ဖိုးထောင်”။
တစ်နေ့ ဦးဖိုးဘ ခြံကြီးထဲတွင်
လမ်းလျှောက်နေစဥ်၊အိမ်ရှေ့လမ်းပေါ်က ခလေးတစ်ယောက် အော်ပြီး သွားသောအသံအားသတိထားမိခဲ့သည်။
“ဟေ့…ကောင်တွေ ခြံထဲက
ငှက်တွေကို လေးဂွ နဲ့မပစ်ကြနဲ့နော်။ ဒါငါ့အဖိုးခြံကွ၊ အိမ်ခေါင်ပေါ် လောက်စာလုံး
ကျမယ်ကွ….သတိထား..တဲ့။
ဘယ်ကခလေးလည်းသိချင်လို့
ဦးဖိုးဘ ခြံပြင်ထွက်ပြီးကြည့်မိ၏။ စက်ဘီးနောက်ခုံက စက်ဘီးပေါ်စီးပြီးလိုက်သွားသူမို့ မမှီလိုက်တော့ပါ။
နောက်တစ်ခါ၊ဒေါ်ပိုးမြတို့လင်
မယားနှစ်ယောက်သား၊အထုပ်အပိုးများမနိုင်မနင်းဖြင့်လမ်းလျှောက်ပြီးစျေးမှပြန်ခဲ့၏။
ယုတ်တရက် ကလေးတစ်ယောက် သူတို့အနားကပ်လာပြီး အဖွားသားကူပြီးဆွဲပေးမယ်ဆိုပြီးအထုပ်အားကူဆွဲခါ၊အိမ်ရှေ့အရောက်လိုက်ပို့၏။အိမ်ရှေ့ရောက်တော့၊မုန့်ဖိုးအတင်းပေးသည်ကိုမယူဘဲ၊အဖွားသားသွားတော့မယ်ဆိုပြီး၊ရှိခိုးခါ ပြေးထွက်သွားတော့သည်။
လိမ်မာလိုက်တဲ့ ကလေး ဟယ်လို့၊သူတို့မှတ်ချက်ပြုခဲ့ကြသည်။
တစ်ခါတွင်၊အိမ်ရှေ့မှ ဆူညံဆူညံ ကြားရသဖြင့် ဦးဖိုးဘ
အိမ်ရှေ့ထွက်ကြည့်သည်။
ကလေးတစ်ယောက်က၊အမှိုက်ထုပ်နှင့်မိန်းမနှစ်ယောက်အားဟန်ကျမာန်ကျ ပြောနေသည်။
သည်နေရာမှာအမှိုက်တွေလာပုံလို့မရဖူးဆိုတာအမတို့ မသိဖူးလား။ သည်နေရာမှာလူကြီးတွေနေတယ်ဗျ။ ကြီးသူကိုရိုသေရမယ်ဆိုတဲ့ မဂ်လာတရားမကြားဖူးဖူးထင်တယ်။ပြန်သယ်သွားကြပါဗျာ။ဒီမှာခင်ဗျားတို့အတွက်မုန့်ဖိုးဆိုပြီး
အမှိုက်ပုံသူများအားမုန့်ဖိုးပေးခါ ကျောင်းလွယ်အိပ်လွယ်ပြီးထွက်သွားသည့်ခလေးအား
ဦးဖိုးဘ လိုက်ပြီးကြည့်နေမိသည်။ထိုခလေးကသူကိုမြင်တဲ့အခါ” အဖိုးနေကောင်းလား”ဆိုပြီးရှိခိုးလို့သွားသေးသည်။
တစ်ခါတော့ ဦးဖိုးဘ အိမ်ဝ
တွင်ရပ်နေစဥ် ၊ခလေးသုံးယောက်အငြင်းအခုံပြုပြီးလမ်းလျှောက်လာကြသည်။
ပဲရော့ ဆိုသောအဂ်လိပ်စကားအားငြင်းနေကြခြင်းဖြစ်ပါသည်။တစ်ယောက်က ပဲရော့ဆိုတာ”ရွှေခဲ”တဲ့၊နှစ်ယောက်က ကြက်တူရွေးတဲ့။ ဦးဖိုးဘ မှတ်မိနေပြီဖြစ်သောကလေးက
လက်ကလေးတစ်ချောင်းထောင်ပြီး အဖိုးသားတို့ကို ခွင့်ပြုပါ။ သားတို့အငြင်းပွားနေတဲ့
ပဲရော့… ဆိုတဲ့စာလုံးက၊ကြက်တူရွေးလားရွှေခဲလား။အဖိုးဆုံးဖြတ်ပေးပါတဲ့။
သူတို့အဖြစ်အားကြားသောအခါ၊ဦးဖိုးဘ ရယ်လျက်
အတူတူပါဘဲ သားတို့ရယ်ဆိုပြီး ရှင်းပြလိုက်တဲ့အခါ၊အစောကကလေးက၊”တွေ့လားငါ့အဖိုးက သိတယ်။
မင်းကြီးဆိုတာ၊ငါတို့မြို့မှာ
စာအတတ်ဆုံးအတော်ဆုံးကွ”
လို့ပြောခါထွက်သွားပါမှ၊ သည်ကလေးကဘမျိုးဖိုးတူ သူတို့ရဲ့မြေးဖြစ်ကြောင်းသတိထားမိပါတော့တယ်။
သည်နောက်ပိုင်းရက်များတွင်
အဖိုးအဖွားစားဖို့ဆိုပြီး၊သူတို့ခြံထွက် အသီးအနှံများ၊ဘုရားပန်းများအား နေ့စဥ်လိုလိုအရောက်လာပြီးပို့လို့နေတော့သည်။
သူကားအဖိုးအဖွားများအိမ်သို့အရင်ဆုံးဝင်ခွင့်ရသော မြေးကလေး၊
” ဖိုးထောင်”ဖြစ်ပါသည်။
အရာရာတိုင်းအားစဥ်းစားရန်ဝါသနာပါသော၊စာအမေးသန်သော၊ရိုသေကိုင်းရှိုင်းတတ်သူဖြစ်သောကြောင့် အဖိုးနှင့်ဝါသနာတူ၍၊အဖိုးနှင့်အလွန်တည့်ပါသည်။
စျေးသွားစျေးလာ၊အဖွားလမ်းလျှောက်ရာတွင် တောင်ဝှေးတစ်ချောင်းအသွင်ဖြစ်သောကြောင့် အဖွားနှင့်လည်းတည့်ပါသည်။
သူခနလာပြီးအိမ်ပြန်သွားလျှင်အဖိုးအဖွားများ ပျင်းလို့နေပါတော့သည်။
သူ့ကြောင့်သီတင်းကျွတ်တွင် ကိုပြည်သိမ်းနှင့် မနုထွေးဦးတို့ မိဘများအားလာရောက်ကန်တော့ရာမှ အိမ်သို့ဝင်ထွက်ခွင့်ရကြပါပြီ။
အဖိုးဦးဖ်ိုးဘ သားများအကြောင်းတွေးတောရာမှ မြေးကလေး ဖိုးထောင်အကြောင်းအဆစ်ပါလို့သွားပါသည်။
သည်နေ့သောကြာနေ့၊
သည်ကောင်သည်ည အဖိုးအိမ်
လာပြီးအိပ်မယ်လို့ချိန်းထားသည်။မရောက်လာသေးမျှော်နေမိ၏။
အိမ်ကြီးကလည်းတဖြည်းဖြည်းယိုင်လို့လာပြီ၊သားများနှင့်တိုင်ပင်ပြီးအသစ်ဆောက်ချင်၏။မိဘလက်ထက်တွင်စနစ်တကျဆောက်ခဲ့သော သည်အိမ်ကြီး
ကိုလည်းမဖြောက်ဖျက်ချင်ပါလုပ်ရင်ကောင်းမလဲ။စဥ်းစားနေတုံး ၊
“အဖိုးဘာတွေစဥ်းစားနေလဲ။
အဖိုးအိမ်ကြီးအကြောင်းမဟုတ်လား။ အဖိုးဟိုတစ်ခါ
သားကိုပြောပြထားတဲ့ အိမ်ကြီး
ဆောက်ဖို့အကြောင်း ၊သားမှာအဖြေရှိနေပြီ။”
“ဟေ…အဲဒီလိုလား….
ပြောပါအုံးကွ…အဖိုးမြေးရဲ့
မင်းအဖြေက ဘာများ လဲ။”
“အဖိုးက အဖိုးရဲ့ အိမ်ကြီးကိုလည်း သည်အတိုင်း ရှိနေစေချင်တယ်၊
အိမ်သစ်လည်းလိုချင်တယ်ဆိုတော့၊…
အိမ်တိုင်များယိုင်နေသည်ကိုပြန်ပြီးမတ်၊
ခေါင်မိုးကိုလှအောင်ပြင်ပြီး
သူများအိမ်တွေလို အုတ်ပတ်ကား တက်လိုက်ပေါ့အဖိုးရဲ့။
ဆေးကောင်းကောင်းသုတ်လိုက်ရင် တိုက်အိမ်ကြီးတောင်ဖြစ်သွားအုံးမယ်။”
သူမြေးပြောတဲ့ စကားကိုသူ့အဖိုးက သဘောကျပြီးဟားဟား…ဟားဟား …ဟုအတော်ကြာကြာရယ်၏။
“အေး…သားလေးအကြံ…မဆိုးဖူးကွ၊ အဖိုးစဥ်းစားအုံးမယ်၊သွားတော့…သွားတော့.. “ဟုပြောခါ။မင်းကြီးဉီးဖိုးဘအတွေးပွားနေခဲ့ပါသည်။
ထိုနေ့ကဥာဥ့်သန်းခေါင်အထိ
အိပ်လို့မပျော်ခဲ့ပါ။
မနက်လင်းတော့၊သားနှစ်ယောက်ထံသို့ စာတစ်ဆောင်စီ
ရေးလိုက်သည်။အိမ်ပြန်ဆော
က်ရန် သားများမှ
ငွေစိုက်ထုတ်ပေးစေလိုသောစာများဖြစ်သည်။
နှစ်ယောက်လုံး၏ပြန်စာများကတော့၊သူတို့မှာသားသမီးများအတွက်ငွေကုန်ကြေးကျများနေသဖြင့်၊အဖေ၏အိမ်ကြီးအားပြင်ဆောက်ပေးရန်အဆင်မပြေပါ။
#အဖေ၏အိမ်ကြီးအား အဖေ၏ဆန္ဒအတိုင်းရောင်းလိုကရောင်း၊ပြင်လိုကပြင်၊ပေးလိုကပေးလိုက်ပါ။သူတို့နှင့်မဆိုင်တော့ကြောင်းစာပြန်ကြပါသည်။
ထိုပြန်စာများကြောင့် ဦးဖိုးဘ
မျက်နှာမပျက်ပါ။အပြုံးမပျက်
နေပြီး၊ထိုစာများအားသေချာစွာသိမ်းထားလိုက်ပါသည်။
လောကကြီးသည်၊တစ်ခါတရံတွင် အတွေးအခေါ်များသည်
တိမ်ဖုံးနေသောလအသွင်ဖြစ်တတ်ပါသည်။
နီလျက်ဖြင့်ဝေးနေတာမျိုးအများကြီးကြုံဖူးပါသည်။ မိမိမမြင်မသိသောကိစ္စများအားအခြားသူတစ်ယောက်ကအလွယ်တကူအဖြေရှာပေးနိုင်ခြင်းများလည်းရှိတတ်ပေသည်။
ကလေးပါးစပ်အားနတ်စောင့်သည်ဟုဆိုလေမလား။ ကလေးကပြောသည့်အတိုင်း ပြုပြင်လိုက်သဖြင့်
မူလပုံစံမပျက်သောအိမ်သစ်ကြီးဖြစ်လို့လာပါသည်။
တိုးချဲ့ဆောင်များပင်ထုတ်လို့ထားသေးသည်။ခေတ်မှီခေါင်ကလည်း ဒီဇိုင်းဆွဲပေးသူတော်သဖြင့်အလွန်လှပပါသည်။
ကုန်ကျစရိတ်လည်းအလွန်နည်းပါသည်။
အိမ်အောက်ထပ်တွင်အခန်းကျယ်ကြီးပါသဖြင့် မင်းကြီးဟောင်း ဦးဖိုးဘ ၊သက်တူရွယ်တူသူငယ်ချင်းများဖိတ်ပြီး ပွဲခနခနလုပ်နိုင်ခဲ့ပါသည်။
မြေးတော်မောင် “မောင်ဖိုထောင် ” ပင်လျှင်အထက်တန်းကျောင်းတွင် ဂုဏ်ထူးများဖြင့်စာမေးပွဲအောင်၍၊ အင်ဂျင်နီယာတက္ကသိုလ်သို့တက်ခွင့်ရနေပါပြီ။
ထိုအချိန်တွင် ဇနီးသည်၊
ဒေါ်ပိုးမြ အမှတ်မထင်ဆုံးလို့သွားခဲ့သည်။ သားနှစ်ယောက်လုံး အဝေးသို့ရောက်နေကြသဖြင့်မလာနိုင်ကြပါ။
သင်ဂြိုလ်ဇရိတ်သာလှမ်းပြီးပို့ပေးကြပါသည်။
ထိုအခါ ဦးဖိုးဘ ၊သခ်ါရ ၏သဘောတရားအား သုံးသပ်မိသဖြင့်၊ မိမိနှင့်ဆက်ဆံနေကျရှေ့နေကြီးအားခေါ်ပြီး
မသေမှီ ပြုလုပ်ထားခဲ့သင့်သော ပြုလုပ်ဖွယ်ကိစ္စများအားဆောင်ရွက်ထားပါသည်။
ကံကောင်းစွာပင် ကိုယ်တိုင်က၊
သမီး မနုထွေးဦး၏ ပြုစုစောင့်ရှောက်ခြင်းအားခံနေရသဖြင့်
အိုလို့နာသည်မှတပါး၊အခက်အခဲမရှိလှပါ။
ထိုအချိန်အတွင်းသားများ
တစ်ယောက်မျှပင်ပေါ်လို့မလာပါ။ရှိစေတော့
သူ့အကြောင်းနှင့်သူမို့ ခွင့်လွှတ်၏။
သူလည်းမကြာခင်ဘဝတပါးသို့ပြောင်းသွားခဲ့ပါသည်။
ထိုအချိန်မှ သားနှစ်ယောက်တို့သူတို့ဇနီးများနှင့်အတူရောက်လို့လာကြသည်။ရက်လယ်ဆွမ်းသွတ်ဖို့မှီယုံအခါထင်ပါရဲ့။
ဆွမ်းသွတ်စရိတ်ကိုတော့အပြိုင်အဆိုင်ပါဝင်လို့ပေးလှူကြပါသည်။ အင်မတန်လှပခန့်ညားသောခြံဝန်းကြီးနှင့်အိမ်ကြီးပေါ်မှာပါ။ထိုနေ့
နေ့မဆိုင်းဘဲ သားများက
မိသားစုရှေ့နေကြီးအားခေါ်၍ လူဘုံအလယ်တွင် အဖေအမေတို့ဘာလုပ်ခဲ့သလဲ…မေးကြပါပြီ။
ရှေ့နေကြီးကအချိန်မဆိုင်ပါဘဲ၊ အဖေနှင့်အမေတို့၊သက်သေများ၏ရှေ့မှောက်တွင် လက်မှတ်ထိုးပြီး ရောင်းချခဲ့သော စာချုပ်အားပြပါသည်။ သားနှစ်ယောက်
လက်မှတ်ထိုး၍ရေးသားထားသောပေးစာနှစ်ဆောင်အားပြပါသည်။
မည်သို့ပင်လောဘတက်သူ
ဖြစ်စေ၊ မင်းကြီးဟောင်းဦးဖိုးဘ၏ တရားဝင်အောင် ချုပ်ဆိုပေးခဲ့သော စာချုပ်အား တရားမဝင်ဟု ပြောဆိုနိုင်စွမ်းမရှိတော့ပါ။
တန်ဖိုးထိုက်သောအိမ်နှင့်ခြံကြီးအားကြည့်၍၊ သားများချွေးမများသည်တပ်ခေါက်ပြီး
ပြန်လို့သွား ကြပါပြီ။ စာချုပ်ပါပိုင်ဆိုင်ခွင့်အားရရှိ၍၊
အိမ်ပြန်စရာမလိုသူတစ်ယောက် တော့ရှိပါသည်။
ထိုသူမှာ……. …… ….။
သားအချစ်မြေးအနှစ်ဟုဆိုသော်လည်း၊
မိဘများအား ဥပက္ခာပြု၍
တစိမ်းဆန်သောသားသမီးများ
မြေးမြစ်များကိုတော့၊မည်သည့်မိဘများကမှ လက်ခံကြမည်မဟုတ်သည်ကိုတော့အထူးသတိပြုစေလိုပါသည်။
ထိုအသိတစ်ခု သတိပြုစေလိုသောစေတနာဖြင့် သည်ဝတ္ထုလေးအားရေးသားတင်ပြအပ်ပါသည်။
ဆရာမောင်သာလိ
18th jun 2026.
@